ကျော်စိုးမိုး
ပြီးခဲ့သည့် မတ်လ ၁ဝ ရက်က ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ်တွင် ပညာရေး ဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုသည့် ဆန္ဒပြ ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ပတ်သက်၍ နိုင်ငံအတွင်း အဓိက တာဝန်ရှိသည့် သမ္မတ ဦးသိန်းစိန်က တောင်းပန်မှုပြုလုပ်ပေးရန် မျိုးဆက်သစ် လူငယ်များအဖွဲ့ (Generation Youth's) က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်သည်။
မျိုးဆက်သစ် လူငယ်များအဖွဲ့၏ တောင်းဆိုချက်တွင် အချက်ငါးချက်ပါဝင်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများနှင့်ပြည်သူများ၏ အမည်စာရင်းများကို အတိအကျ ထုတ်ပြန်ပြီး အားလုံးကိုခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ဖမ်းဝရမ်းထုတ် ခံထားရသည့် ကျောင်းသားနှင့် ပြည်သူများကို ဖမ်းဝရမ်း ရုပ်သိမ်းပေးရန်၊ ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီ၏ တောင်းဆိုချက်ကို လျှင်မြန်စွာ လိုက်လျောပေးရန်၊ အကြမ်းဖက် ဖြိုခွင်းရန် အမိန့်ပေးစေခိုင်းသူများနှင့် တာဝန်ရှိသူများကို အရေးယူပေးရန် စသည့် အချက်များလည်း ပါဝင်သည်။
Generation Youth's အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က "ကျောင်းသားတွေအပေါ် ကြမ်းဖက်ဖြိုခွင်းတာကို အပြင်းအထန် ရှုတ်ချပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အချက်တွေကို ဆောင်ရွက်ပေးဖို့ကိုလည်း အလေးအနက် တောင်းဆိုချင်ပါတယ်" ဟု ပြောသည်။
တောင်းဆိုချက်များအပေါ် အကောင်အထည်ဖော်ဆောင်မှုမရှိသည့် နောက်ဆက်တွဲ အကျိုးဆက်များသည် ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတနှင့် ပြည်ထောင်စု အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးရမည်ဟုလည်း တောင်းဆိုထားသည်။
မတ်လ ၁၀ ရက်က လက်ပံတန်း ပင်မ ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများကို ဖမ်းဆီးခဲ့ကာ အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း သာယာဝတီထောင်တွင် ထိန်းသိမ်းထားသည့်ကျောင်းသားခေါင်းဆောင် အချို့နှင့် ကျောင်းသားများကို လွှတ်ပေးရန် ကျန်ရှိနေဆဲဖြစ်ပြီး အဖွဲ့အစည်း အသီးသီးကလည်း ယင်းသို့ ပြုလုပ်မှုအတွက် ရှုတ်ချ ဝေဖန်ကြသည်။
No comments:
Post a Comment