Tuesday, March 24, 2015

အူရီးဒူးက iPhone 6 ဝယ်ယူသူတိုင်းကို စိတ်ကြိုက်ရွေးချယ်နိုင်သည့် နံပါတ်လှ ဆင်းမ်ကတ် အခမဲ့ပေးမည်

မောင်မန်း

ပြည်တွင်းတွင် ဝန်ဆောင်မှုပေးနေသည့် အူရီးဒူးမြန်မာ အော်ပရေတာက ၎င်းတို့၏ကွန်ရက်တွင် မှတ်ပုံတင်ပြီး ဝယ်ယူသည့် iPhone 6 နှင့် 6 Plus တို့အတွက် အသုံးပြုသူက စိတ်ကြိုက်ရွေးချယ်နိုင်သည့် နံပါတ် အလှဆင်းမ်ကတ် တစ်ခု အခမဲ့ပေးသွားမည်ဟု အူရီးဒူးမြန်မာ၏ အကြီးတန်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံ ရေးမန်နေဂျာ ဒေါ်သီရိကြာညိုက မဇ္ဈိမကို ပြောသည်။

ဒေါ်သီရိကြာညိုက " အူရီးဒူးကွန်ရက်မှာ မှတ်ပုံတင်ပြီးဝယ်ထားတဲ့ iPhone 6 နဲ့ 6 Plus အတွက် အသုံးပြုသူ စိတ်ကြိုက်နံပါတ်ရွေးချယ်နိုင်တဲ့ နံပါတ်အလှဆင်းမ်ကတ် တစ်ကတ် အခမဲ့ပေးမှာပါ။ ဆင်းမ်ကတ်က ကျပ် ငါးသောင်းတန်ပါတယ်" ဟု ဆိုသည်။

ယင်းအပြင် အူရီးဒူး၏ ကျပ် ၄၅,၀၀၀ တန် ဝန်ဆောင်မှုအစီအစဉ်များကိုလည်း ထက်ဝက်ကျော်လျှော့ချပြီး ကျပ် နှစ်သောင်းဖြင့် ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးထားသည်ဟု ဒေါ်သီရိကြာညိုက ဆိုသည်။

ဈေးလျှော့ပေးထားသည့် ဝန်ဆောင်မှုအစီအစဉ်များတွင် အူရီဒူးဖုန်းအချင်းချင်း ဗီဒီယိုဖုန်းခေါ်ဆိုမှု ၁၀ နာရီ၊ ပြည်တွင်းမည်သည့်ဖုန်းကိုမဆို ဖုန်းခေါ်ဆိုမှု ၅နာရီ၊ အင်တာနက်အသုံးပြုနိုင်မှု 1GB ၊ ပြည်တွင်းဖုန်းများသို့ မက်ဆေ့ခ်ျ စောင်ရေ ၁,၀၀၀ ပေးပို့နိုင်မှုများပါဝင်မည်ဖြစ်ပြီး ယင်းဝန်ဆောင်မှုအစီအစဉ်ကို ရက်ပေါင်း ၃၀ အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။

အူရီးဒူးကွန်ရက်တွင် မှတ်ပုံတင်ထားသည့် iPhone 6 များအတွက် အူရီးဒူးမှ အထူးဖိတ်ကြားလွှာကို မက်ဆေ့ခ်ျပေးပို့မည်ဖြစ်ပြီး ဖိတ်ကြားလွှာရရှိပါက 2338 သို့ iPhone ဟု ရို၍ မက်ဆေ့ခ်ျပေးပို့ကာ ဝယ်ယူနိုင်မည် ဖြစ်သည်။

ကျပ် ၄၅,၀၀၀ တန် ဝန်ဆောင်မှုအစီအစဉ်များကို ငါးကြိမ်အထိ ကျပ်နှစ်သောင်းဖြင့် ဝယ်ယူနိုင်မည်ဟုလည်း အူရီးဒူးမြန်မာက ထုတ်ပြန်ထားသည်။

iPhone 6 နှင့် 6 Plus ကို လက်ရှိအချိန်၌ ဝေယံအီလက်ထရောနစ်ဆိုင်များတွင် ဝယ်ယူပါက အူရီးဒူးကွန်ရက် တွင် မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး မကြာမီ အူရီးဒူးအရောင်းဆိုင်များတွင်လည်း မှတ်ပုံတင်နိုင်ရန် ဆောင်ရွက် နေသည်ဟု ဒေါ်သီရိကြာညိုက ပြောထားသည်။

အူရီးဒူးဆင်းမ်ကတ်သစ်များတွင် ငွေဖြည့်ကတ်အပေါ်မူတည်ပြီး အပိုဆောင်းငွေပေးမည်ယင်းအပြင် အူရီးဒူးမြန်မာက ၎င်းတို့၏ ဆင်းမ်ကတ်သစ်များ ဝယ်ယူပါက ငွေဖြည့်ကတ်အပေါ်မူတည်ပြီး အပိုဆောင်းငွေများ ထပ်မံပေးသွားမည် ဖြစ်သည်။

အူရီးဒူးဆင်းမ်ကတ်သစ်များ ဝယ်ယူပါက ကျပ်သုံးထောင်တန် ငွေဖြည့်ကတ်အတွက် အပိုဆောင်းပေးငွေ ကျပ် တစ်ထောင်၊ ကျပ် ငါးထောင်တန်ငွေဖြည့်ကတ်အတွက် အပိုဆောင်းပေးအပ်ငွေ ကျပ်သုံးထောင်၊ ကျပ် တစ်သောင်းတန် ငွေဖြည့်ကတ်အတွက် အပိုဆောင်းပေးငွေ ကျပ်ခုနှစ်ထောင့်ငါးရာ ထပ်မံပေးအပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဒေါ်သီရိကြာညိုက “ အူရီးဒူးကပေးတဲ့ အပိုဆု ဖုန်းငွေများကို အူရီးဒူးအချင်းချင်း ဖုန်းပြောဖို့၊ SMS (စာတို)ပို့ဖို့နဲ့ အူရီးဒူးအင်တာနက်လိုင်းသုံးဖို့ စတာတွေမှာ အသုံးပြုနိုင်ပါတယ်” ဟု ဆိုသည်။

အူရီးဒူးက ပြည်တွင်းဖုန်းခေါ်ဆိုမှုများကို တစ်မိနစ် ၂၅ ကျပ်နှုန်း သတ်မှတ်ကောက်ခံနေပြီး ပြည်ပခေါ်ဆိုမှု များအတွက် ခေါ်ဆိုသည့်နိုင်ငံအပေါ် မူတည်ပြီး တစ်မိနစ် ကျပ် ၁၀၀ မှ ကျပ် ၆၀၀ အတွင်း သတ်မှတ် ကောက်ခံနေသည်။

No comments: