Saturday, March 28, 2015

လက်နက်ချ အလင်းဝင်ရန် ကမ်းလှမ်းမှု MNDAA လက်ခံနိုင်မည် မဟုတ်ဟုဆို တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ဟိန်းကိုစိုး

မြန်မာအမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (MNDAA )ကို အလင်းဝင်ရန် ကမ်းလှမ်းမှုအား လက်ခံနိုင်မည် မဟုတ်ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက မတ်လ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့က သူပုန်မဟုတ်သလို၊ ပုန်ကန်တာလည်း မဟုတ်ဘူး လက်နက်ကိုင် တိုင်းရင်း သားတွေပဲ၊ အလင်းဝင်စရာမလိုပါဘူး" ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့် MNDAA တို့တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင် အခြေစိုက် တပ်စခန်း တာဝန် ရှိသူများသို့ တပ်ထိပ်ပိုင်း ခေါင်းဆောင်များက ညွှန်ကြားထားသဖြင့် လက်နက်ချ အလင်း ၀င်နိုင်ရန် ဆက်သွယ် နိုင်သည့် လိပ်စာများ၊ ဖုန်းများကို ပေးပို့ အကြောင်းကြားထားကြောင်း တပ်မတော်အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။

တပ်မတော်နေ့ မတ်လ ၂၇ ရက် နံနက် ၈ နာရီ ၅၀ တွင်လည်း လောက်ကိုင်အရှေ့ဖက်ခြမ်း တရုတ် မြန်မာနယ်စပ် မျဉ်းအနီးရှိ ခုတ်ထန်ဝန်းကျင်တွင် တပ်မတော်က လက်နက်ကြီးများ (၁၂၀ မမ၊ ၁၀၅မမ၊ ၁၅၅မမ၊ ၈မမ) အသုံးပြုကာ စတင်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်နေသည်ဟု ကိုးကန့်အဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများကြောင့် တပ်မတော်ဖက်မှ စစ်သည် တစ်ရာကျော် အထိကျဆုံးခဲ့ပြီး၊ ၂၅၀ ကျော်အထိ ဒဏ်ရာရကာ ကိုးကန့်အဖွဲ့ဖက်မှလည်း ကျဆုံးမှုများရှိနေသည်။

သမ္မတ ဦးသိန်းစိန်က တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်ဒေသကို စစ်တပ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ရက်ပေါင်း ၉၀ အထိ ခွင့်ပြုထားသည်။

No comments: