Thursday, March 19, 2015

အမျိုးသားလွှတ်တော် ကြားနာပွဲ နောက်ဆုံးနေ့ NNER ဆွေးနွေး

မောင်သင်တုန်း

အမျိုးသားလွှတ်တော်၏ ကြားနာပွဲနောက်ဆုံးနေ့ အစီအစဉ်တွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် NNER က တက်ရောက်ပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ မသန်စွမ်းသူများ တန်းတူပညာသင်ခွင့် ရရှိရေးနှင့် အခြားအချက်များကို ဆွေးနွေးခဲ့သည်။

“ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကိုသွားတဲ့ ပညာရေးဥပဒေဖြစ်ဖို့ပါ၊ ကျွန်တော်တို့က အစိုးရနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။ လုပ်ချင်ရာလုပ်မယ် ဆိုတဲ့သဘော မဟုတ်ပါဘူး၊ အုပ်ချုပ်တဲ့အဆင့်ဆင့်ကို လျှော့ချတာပါ၊ ဗဟိုအစိုးရကနေ ပြည်နယ် အစိုးရကို လျှော့ချသလိုမျိုး အုပ်ချုပ်တဲ့အဆင့် လျှော့ချတာပါ”ဟု NNER မှာ ဒေါက်တာ သိန်းလွင်က ဆွေးနွေးသည်။

မသန်စွမ်းသူများသည် အထူးကျောင်းများသာ ဖွင့်လှစ်ပေးခြင်းကို လက်မခံခြင်းမဟုတ်ဘဲ အထူးကျောင်းများမှာ မြီု့ကြီးနှစ်ခုလောက်တွင် သာဖွင့်လှစ်နိုင်သည့်အတွက် မြို့နယ်များ၌ ထပ်မံဖွင့်လှစ်ပေးရန် လိုအပ်သည်ဟု ဆွေးနွေးသည်။

“ကျောင်းတွေမှာ မသန်စွမ်းသူတွေ သင်ကြားပေးနိုင်ဖို့လိုပါတယ်။ မဖြစ်နိုင်ဘူးဆိုတာကို ပြောနေလို့မရပါဘူ။။ အထူးကျောင်းဆိုတာလည်း ရန်ကုန်တို့၊ မန္တလေးတို့လောက်ပဲ ရှိတာပါ၊ ကျွန်တော် တို့မသန်းစွမ်းတွေဆိုတာ ဆင်ရဲတဲ့မိသားစုတွေက ပေါက်ဖွား တာပါ၊ ငွေကြေးတက်နိုင်သူကတော့ ပြဿနာမရှိပါဘူး။ သွားတက်နိုင်တာပေါ့” ဟု ကိုရဲဝင်းက ဆွေးနွေးသည်။

ထိုကြောင့် အခြေခံကျောင်းများတွင် တက်ရောက်နိုင်သည့် မသန်းစွမ်းများကို ပညာ သင်ကြားပေးနိုင်သောဆရာများ ခန့်ထားရေး၊ မသန်းစွမ်းများကို ကျောင်းဆရာ ဆရာမများ ခန့်ထားပေးရေး၊ အထူးကျောင်းများကိုလည်း ထပ်မံတိုးချဲပေးနိုင်ရေးများ ကိုလည်း ဆွေးနွေးသည်။

ဆရာ ဆရာမများ၏ သင်ကြားမှုစနစ်များကို အကဲဖြတ်ခြင်းအချက်များ၊ မိခင်ဘာသာစကား သင်ကြားနိုင်ရေး၊ သင်ရိုးညွှန်တမ်း များကို နေရာဒေသများအလိုက် လွတ်လပ်စွာ ရေးဆွဲရေး၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်၊ များကိုလည်း ဆွေးနွေးခဲ့သည်။

“မိခင်ဘာသာစကားနဲ့ဆိုရင် ဘယ်ဒေသမှာတော့ ဘယ်စကားကိုသင်ကြားမယ်ဆိုတာကို သက်ဆိုင်ရာ ကျောင်းကော်မတီက ဆုံးဖြတ်ခွင့်များပေးဖို့ ဖြစ်ပါတယ်” ဟု ဒေါက်တာ သိန်းလွင်က ဆွေးနွေးသည်။

နိုင်ငံတော်ဘဏ္ဍာနှင့် ပတ်သက်လျှင် စာရင်းစစ်ချုပ်ရုံးကသာ စစ်ဆေးခွင့်ရှိသည် ဆိုသည့်အချက်ကို လက်ခံပြီး နိုင်ငံတကာ အလှူငွေများနဲ့ ပတ်သက်ပြီး စာရင်းစစ်ခံနိုင်ဖို့ အချက်များကိုသာ ဆိုလိုခြင်းဖြစ်သည်ဟု ဆွေးနွေးသည်။

No comments: