Thursday, April 9, 2015

စာအုပ်အညွှန်း ဝက်ဘ်ဆိုက် လွှင့်တင်မည်

မောင်မန်း

ပြည်တွင်းရှိ လူငယ်များအနေဖြင့် စာဖတ်ခြင်းအလေ့အထ အားနည်းနေပြီး စာဖတ်သည့် အလေ့အထ ပိုမိုတိုးတက်လာစေရန် Myanmar Book စာအုပ်အညွှန်း ဝက်ဘ်ဆိုက်ကို လွှင့်တင်သွားမည်ဟု Myanmar Link သင်တန်းကျောင်းမှ အုပ်ချုပ်သူ ကိုစိုးသီဟနောင်က ပြောသည်။

ကိုစိုးသီဟနောင်က "လူငယ်တွေကြားမှာ စာဖတ်တဲ့ အလေ့အထမြင့်တက်လာစေဖို့အတွက် စာအုပ်အညွှန်း ၀က်ဘ်ဆိုက်ကို လုပ်တာပါ။ စာဖတ်တဲ့နှုန်းလျော့လာတာ မကောင်းဘူး" ဟု ဆိုသည်။

လူငယ်များအနေဖြင့် စာဖတ်သည့်အလေ့အထလျော့ကျလာရုံမျှမက စာပေအပေါ်ချစ်မြတ်နိုးစိတ် လျော့နည်း လာနေသည်ဟုလည်း ၎င်းက သုံးသပ်သည်။

Myanmar Book စာအုပ်အညွှန်းဝက်ဆိုက်တွင် စာအုပ်များကို အညွှန်းများရေးသားဖော်ပြသွားမည်ဖြစ်ပြီး စာအုပ်ဖတ်သူများအချင်းချင်း လမ်းညွှန်နိုင်ရန်လည်း ဆောင်ရွက်ပေးထားမည်ဟု ကိုစိုးသီဟနောင်က ဆိုသည်။ ယင်းဝက်ဘ်ဆိုက်ကို ဧပြီလအတွင်း လွှင့်တင်နိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောသည်။

၎င်းက "သင်တန်းမှာ လာတဲ့လူငယ်တွေကိုမေးကြည့်တဲ့အခါ လူ ၂၀ လောက်မှာ တစ်ယောက် နှစ်ယောက် လောက်ပဲ စာကို ပုံမှန် ဒါမှမဟုတ် နည်းနည်းဖတ်ကြတယ်။ ဒီလိုစာဖတ်နည်းလာတာဟာ နိုင်ငံ အတွက်ကြီးမားတဲ့ ဆုံးရှုံးမှုလို့မြင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာဖတ်စွမ်းအားကို မမြှင့်တင်ဘူးဆိုရင် ကျွန်တော်တို့တွေ သေချာပေါက် အောက်ကျနောက်ကျ ဖြစ်နေဦးမှာပါပဲ" ဟု ပြောသည်။

ပြည်တွင်းတွင် ပုံမှန်ဖြန့်ချိနေသည့် စာအုပ်များသည် အုပ်ရေ ၅၀၀၀ ခန့်အထိသာရိုက်နှိပ်ထုပ်ဝေနေပြီး လူဦးရေဖြင့် နှိုင်းယှဉ်ပါက စာဖတ်နှုန်း အလွန်ပင် နည်းပါးနေသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

No comments: