ထင်လင်းအောင်
မြန်မာနိုင်ငံ၏ ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် အခွန်အကောက်ရငွေ ပမာဏကို ကျပ်ငွေ ၅,၉၄၈ ဘီလီယံကျော် ရရှိရန် မူလကနဦး လျာထားသည်ဟု ဧပြီ ၅ ရက်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
၎င်းးလျာထား ခန့်မှန်းချက် ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထက် ကျပ်ငွေ ဘီလီယံ ၁,၀၀၀ ကျော်ကို ပိုမိုတိုးမြှင့် လျာထားခဲ့ခြင်းလည်းဖြစ်ကာ ဝင်ငွေခွန်အပေါ်တွင် ကောက်ခံရမည့်ပမာဏကိုလည်း ကျပ်ငွေ ဘီလီ ယံ ၄၇၀ ကျော် တိုးမြှင့်သတ်မှတ်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အခွန်ကောက်ခံရရှိမည့် ပမာဏကို ကျပ်ဘီလီယံ ၄,၈၉၀ သာ ကနဦး ခန့်မှန်းလျာထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိတွင် ကျပ်ငွေ ၆,၀၀၇ ဘီလီယံကျော်ကို ကောက်ခံရရှိခဲ့သဖြင့် ယခုဘဏ္ဍာနှစ်တွင် ပိုမိုတိုးမြင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အခွန်အကောက် လျာထားချက်သတ်မှတ်ရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံရရှိမည့် အခွန်များကို ကျပ်ငွေ ၄,၇၉၈ ဘီလီယံရရှိရန် မျှော်မှန်းလျာထားခြင်း ဖြစ်သည်။
သို့ရာတွင် လျှပ်စစ်ဓာတ်အား ထုတ်ယူမှုအပေါ်တွင် ကောက်ခံသည့် အခွန်ကို ကျပ်ငွေ ၉ ဘီလီယံကျော်၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် ကောက်ခံသည့်အခွန်ကို ကျပ်ငွေ ဘီလီယံ ၅၂၉ ဘီလီယံ ကျော်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့တွင် ကျပ်ငွေ ၃၀၆ ဘီလီယံသာ ကောက်ခံရန်လျာထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းကဏ္ဍများတွင် ယခင်နှစ်ခန့်မှန်းထားသည့် ပမာဏအောက် လျှော့နည်းနေခြင်း ဖြစ်သည်။
ကုန်သွယ်ရေးလုပ်ငန်းများအပေါ်၌ အကောက်ခွန်ဌာနမှ ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ် ၂,၃၂၄ ဘီလီယံကျော်၊ ပြည်သူ တစ်ဦးချင်းနှင့် ကုမ္ပဏီများပေါ်တွင် ကောက်ခံမည့် ဝင်ငွေခွန်ကို ၂,၁၃၅ ဘီလီယံကျော်နှင့် အိမ်ခြံမြေရောင်းဝယ်မှုကဲ့သို့ စာချုပ်စာတမ်း ဆောင်ရွက်များ အပေါ်တွင် ကောက်ခံသော တံဆိပ် ခေါင်းခွန်ကို ကျပ်ငွေ ၃၂ ဘီလီယံကျော် အသီးသီးကောက်ခံရရှိရန် လျားထားသည်ဟု ဖော်ပြထားသည်။ ထို့အတူ အောင်ဘာလေ သိန်းထီခွန်ကို ကျပ်ငွေဘီလီယံ ၃၀ ကျော်ရရှိရန် မျှော်မှန်းထားခြင်းလည်း ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံရန်လျာထားသည့် အခွန်အမျိုးအစား ငါးမျိုး၌ ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထက် ကျပ်ငွေ ဘီလီယံ ၁,၅၀၀ ကျော် ပိုမိုသတ်မှတ်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အခြားသော အခွန်များဖြစ်သည့် ယစ်မျိုးခွန်တွင် ကျပ်ငွ ၉၁၇ သန်းကျော်၊ သယ်ယူပို့ဆောင်ရေး အခွန်တွင် ကျပ်ငွေ ၁၈၅ ဘီလီယံကျော်၊ သစ်တော်ပစ္စည်းထုတ်ယူမှုမှ ကောက်ခံသည့်အခွန်ကို ကျပ်ငွေ ၁၂ ဘီလီယံကျော်၊ ဓာတ်သတ္ထုပစ္စည်းများ ထုတ်ယူအပေါ်တွင် ကောက်ခံသည့်အခွန်ကို ကျပ်ငွေ ၅ သန်းကျော်၊ အင်းအိုင် လုပ်ငန်းများတွင် ကောက်ခံသည့်အခွန်ကို ကျပ်ငွေ ၁ ဘီလီယံကျော် အသီးသီး သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။
No comments:
Post a Comment