Friday, April 17, 2015

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်မှု စနစ်မကျ၍ သဘောဝဘေး ရင်ဆိုင်နေရဟုဆို

ဖနိဒါ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စည်းစနစ်မကျသော ကျောက်စိမ်းတူးဖော်မှုများကြောင့် သဘာဝဘေးအန္တရယ်နှင့် ရင်ဆိုင်ကြုံတွေ့နိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်(KDNG)မှ တာဝန်ခံ ကိုစာဂျီးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်များအတွင်း မြေပြိုမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် လာမည့် မိုးတွင်းကာလတွင် မြေပြိုမှု ဘေးအန္တရယ် ဆက်လက် ကြုံတွေ့နိုင်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

“ဒီနှစ်က အရင်နှစ်နဲ့ မတူဘူး။ မိုးရွာလာပြီဆိုရင် မြေပြိုပြီး ဘေးအန္တရယ်ရှိနိုင်တယ်။ ကုမ္ပဏီတွေ မရပ်မချင်းတော့ မြေပြိုတာတွေ ဆက်ဖြစ်နိုင်တယ်။ ခုနွေရာသီမှာတောင် ခဏခနမြေပြိုကျနေတာ။ မိုးတွင်းဆိုရင် ကြောက် စရာကောင်းနေပြီ။ နံပတ်တစ်က မြေကြီးအနက်တူးပြီးတော့ မိုင်းပြန်ခွဲဆိုတော့ ဖားကန့်တစ်မြို့လုံး မြေတုံခါမှုက အချိန်ပြည့်ဖြစ်နေတယ်။ မြေကြီးကွဲတာတွေဖြစ်တယ်။ ဖားကန့်က ဘုရားကျောင်းတွေ၊ ဘုန်းကြီး ကျောင်းတွေလည်း ကွဲအက်နေတာပဲ။ မူလအတိုင်း ပြန်ဖြစ်အောင် လုပ်တာဘာမှ မရှိဘူး။ သယံဇာတ ထုတ်ရောင်းပြီး ဘယ်လို ထုတ်ယူမယ်။ လူသေရင် လျော်ကြေးပေးမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်”ဟု သူက ပြောသည်။

ဖားကန့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏ ကျောက်စိမ်းတွင်း အတွင်း မိုးခွဲခြင်း၊ စည်းစနစ်မကျဘဲ သယံဇာတ သုံးစွဲခြင်း၊ လူ့အခွင့်အရေးကို လေးစားမှုမရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု မရှိခြင်းများကြောင့် ဖားကန့်မြို့ တစ်မြို့လုံးတွင် မြေကြီးခိုင်ခန့်မှုမရှိတော့သဖြင့် မြေပြိုမှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး ကျောက်စိမ်းတွင်း မြေပြိုရာမှ နစ်မြုပ်သွားသည့် မြယမုံ ကျောက်စိမ်းတူး ကုမ္ပဏီ လုပ်ကွက်အတွင်း မြေပြိုမှုကြောင့် လူ ၁၀ ဂဏန်း မြေမြုပ် သေဆုံးခဲ့ပြီး ဒေသခံများ အဆိုအရ အယောက် ၆၀ ခန့် မြေမြုပ်နေပြီး ယခုထိ ကျောက်စိမ်းတွင်း ရပ်ဆိုင်းထားရသည်ဟု ယူဆနေသည်ဟု သူက ပြောသည်။

မြယမုံ ကျောက်စိမ်းကုမဏီ မြေပြိုမှုကြောင့် သေဆုံးသူများ၏ အလောင်း ၁၁ လောင်းကို ဖော်ထုတ်ပြီး သက်ဆိုင်ရာ မိဘများကို နစ်နာကြေးများ ပေးပြီးဖြစ်သည်ဟု လုံးခင်း ရဲစခန်းမှူး ရဲအုပ် တင်ကိုကိုက မဇ္ဈိမကို ပြောသည်။ သို့သော် နစ်နာကြေးပေးမှုနှင့် ပတ်သက်၍ အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ။

“ပထမဆုံး မြေမမြုပ်ပဲ ရတယ်။ ၁၀ လောင်းမြုပ်တာ ၁၀ လောင်းရပါပြီခင်ဗျာ။ ဒီ ၁၁ ယောက်လုံးက ကုမ္ပဏီ ဝန်ထမ်းတွေပဲ။ ကျောက်ရှာတဲ့လူမဟုတ်ပါဘူး။ နောက်ဆုံးဆယ်နိုင်တာက ၁၂ ရက်နေ့ နောက်ဆုံးရတာပဲ။ ဒေသခံတွေ ပြောတဲ့ အလောင်း ၇၀ လောက်ဆိုတာ လျှောက်ဖွတာပါ၊ မဟုတ်ပါဘူး”ဟု ရဲအုပ်တင်ကိုကိုက ပြောသည်။

ဖားကန့်မြို့တွင် ယခုနှစ် ဇန်နဝါရီ၊ မတ်လနှင့် ဧပြီလများအတွင်း မြေပြိုမှု လေးကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဖြစ်ပြီး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ စွန့်ပစ် မြေဇာပုံအတွင်း ရေမဆေး ရှာဖွေလုပ်ကိုင်သူများ သေဆုံးမှု အများအပြား ရှိခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်က တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သဖြင့် ကျောက်စိမ်းလုပ်ငန်းများ ရပ်နားခဲ့ရာမှ ၂၀၁၄ ခုနှစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့သည်။

No comments: