Friday, April 10, 2015

ယူနန်ပြည်နယ်အစိုးရက တရုတ်-မြန်မာ နယ်စပ် မှောင်ခို ကုန်သွယ်မှုကို စီမံချက်ဖြင့် ဖမ်းဆီးမည်

နိုင်နိုင်ဇော်

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရက ဧပြီလ ၁ ရက်မှ မေလ ၃၀ ရက် အထိမြန်မာနိုင်ငံနှင့် ဆက်စပ်နေသော နယ်စပ်မှောင်ခို ကုန်ကူးမှုကို စီမံချက်ဖြင့် ဖမ်းဆီးသွားရန် လုပ်ဆောင်နေသည်ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

သီးသန့် စီမံချက် အသွင်ဖြင့် လုပ်ဆောင်မည်ဟု ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မူဆယ်မြို့ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ကို ယူနန်ပြည်နယ် အစိုးရမှ တရားဝင် အသိပေး စာပေးပို့ ထားသည်ဟု ယင်းထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။

ထို့အပြင် မူဆယ်နယ်စပ်ရှိ ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့် အသင်းအဖွဲ့များဖြစ်သည့် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန် ပဲပြောင်းနှမ်း ကုန်စည်ဒိုင်များ၊ ဆန် ကုန်သည်အသင်း၊ သစ်သီးဝလံအသင်း၊ ကဏန်းလုပ် ငန်းရှင်အသင်း၊ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး အသင်းများ ကိုလည်း တွဲဖက်အသိပေး ထားသည်ဟု မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းက ထုတ်ပြန် ထားသည်။

မူဆယ်အဝေးပြေး ကုန်စည်သည် ယူပို့ဆောင်ရေး အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က“ ဒီလအစပိုင်းမှာ ကတည်းက ဒီကသယ်ယူ သွားတဲ့ ဆန်တွေကို တရုတ် ဘက်က ဖမ်းတာတွေ ရှိနေပါတယ်၊ ကျွန်တော် တို့ဘက် မှာတော့ ပုံမှန်ကုန်သွယ် မှုတွေတော့ ရှိနေပါတယ်”ဟု ဆိုသည်။

ယူနန်အစိုးရမှ နှစ်သစ်ကူးအချိန်များတွင် အဖမ်းအဆီး ပုံမှန်လုပ်လေ့ရှိကြောင်း ယခင်နှစ်တွင်လည်း ဖမ်းဆီးမှုများရှိခဲ့သလို ကုန်သည်များ၏ တရုတ်ဘဏ်ငွေ စာရင်းများ ကိုလည်း ပိတ်မှုများရှိသည်ဟု နယ်စပ်ဆန် ကုန်သည်များ ကပြောသည်။

မူဆယ် ၁၀၅ မိုင် ဆန်ကုန်သည်တစ်ဦးက “ဘယ်လိုအကြောင်းတွေပဲ ရှိနေရှိနေ တရုတ် ယူနန်အစိုးရ ဘက်က တရားဝင် အသိပေး ထုတ်ပြန် တာတွေ ရှိလာပြီ ဆိုတော့ ကိုယ့်ကုန်သည်တွေ သတိထားတာ အကောင်းဆုံးပါ” ဟုပြောသည်။

တရုတ်နိုင်ငံ ဘက်သို့ အများဆုံး တင်ပို့နေသည့် ဆန်၊ပြောင်းနှင့် အခြားစားသောက်ကုန်များ မှာမြန်မာ ဘက်မှတရားဝင် တင်ပို့ခြင်းဖြစ်သော်လည်း ယင်းနိုင်ငံ အတွင်း တရားမဝင် ကုန်စည်အဖြစ် သတ်မှတ် ထားသည် ဟု ယင်းဆန်ကုန်သည်က ထပ်မံပြော ဆိုသည်။

ယူနန်အစိုးရ၏အသိပေးမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးစံလွင်ကလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ပြည်ထဲရေး ဝန်ကြီး ဌာန၊ကာကွယ်ရေး ဝန်ကြီးဌာနနှင့် စီးပွား/ကူးသန်းဝန်ကြီးဌာန တို့အား မတ်လ ၂၇ ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ထပ်မံပေးပို့ ထားသည်ဟု ထုတ်ပြန် ထား သည်။

No comments: