Wednesday, April 15, 2015

ကျောင်းတက်ရန် ခက်ခဲသူများ အတွက် မြို့နယ်အလိုက် ဘော်ဒါဆောင်တည်ဆောက်ရန် စီစဉ်

ဖဲဘူး

ကယား(ကရင်နီ) ပြည်နယ်ကျေးလက်ဒေသဘက်မှ ကျောင်းတက်ရန် နေရေးထိုင်ရေး အခက်အခဲရှိနေသည့် ကလေးများအတွက် လာမည့် ပညာသင်နှစ်မှစတင်၍ မြို့နယ်အလိုက် ဘော်ဒါဆောင်များထားရှိမည်။

မူလတန်းအဆင့် အောင်မြင်ပြီး အလယ်တန်း၊ အထက်တန်း ဆက်တက်မည့် ကျောင်းသူ ကျောင်းသားများ ပညာဆက်သင်ခွင့်ရရှိရေး ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ဟု ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ပြောသည်။

“တောထဲမှာ နေထိုင်တဲ့ ကလေးတွေ ဘယ်တော့မှ စာမတတ်တော့ဘူး၊ အခုက ကျောင်းလည်း မပို့နိုင်ဘူး၊ နေစရိတ်စားစရိတ်တွေက အများကြီးကုန်တယ်” ဟု သူက ပြောသည်။

ပညာရေးဘော်ဒါဆောင်များကို တည်ဆောက်နိုင်ရန် မြို့နယ်အလိုက်မြေနေရာကို ကေအန်ပီပီက အစိုးရထံ တင်ပြတောင်းဆိုထားပြီး အစိုးရနှင့် အလှူရှင်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးထားသည်။

ဖရူဆိုမြို့နယ် ဒေါသောကူးကျေးရွာ အနောက်ဘက်တွင် ပထမဆုံး စတင်အကောင်ထည်ဖော်မည် ဖြစ်သည်။

“ထိထိမိမိလုပ်သွားရင်တော့ ကောင်းပါတယ်၊ ခဏတဖြုတ် ပဲလုပ်ရင်တော့ ကလေးတွေ ပညာရေး နစ်နာတာပေါ့” ဟု ဒီးမော့ဆိုမြို့က ကျောင်းသားမိဘ ဦးသန်းဖေကပြောသည်။

ဘော်ဒါဆောင်တည်ဆောက်ရန် မြေနေရာကိစ္စအတွက် ဘော်လခဲမြို့နယ်တွင် မြေနေရာကို ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းလာစဉ် ညွန်ကြားထားပြီး ဖြစ်သကဲ့သို့ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တွင် အစိုးရထံ တောင်းထားပြီး ရှားတောမြို့နယ်ဘက်တွင် လေ့လာနေဆဲဖြစ်သည်။

No comments: