မဇ္ဈိမ
ဖမ်းဆီးခံကျောင်းသားများ အကျဉ်းထောင်တွင်း ရောက်နေသော်လည်း အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် ဦးတည်ချက်ကိုမူ လုံးဝမမေ့ဟု ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောသည်။
"အဓိက ဦးတည်ချက်ဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေကို လုံးဝမမေ့ပါဘူး၊ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒပြရာမှာ ဖမ်းဆီးခံရသော်ငြားလည်းပဲ ကျွန်မတို့ လိုလားတဲ့ ဥပဒေ မဖြစ်မချင်း ကျွန်မတို့ ရင်ဆိုင်သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ဧပြီ ၇ရက်က လက်ပံတန်းတရားရုံးသို့ ရုံးထုတ်လာစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဧပြီ ၇ရက်က လက်ပံတန်းသပိတ်မှ ဖမ်းဆီးခံ ကျောင်းသားများကို သာယာဝတီအကျဉ်းထောင်မှ လက်ပံတန်းတရားရုံးသို့ သုံးကြိမ်မြောက် ရုံးထုတ်လာခဲ့သော်လည်း တစုံတရာ စစ်ဆေးခြင်း မရှိခဲ့ပေ။
ရုံးထုတ်လာချိန်တွင် တရားရုံးရှေ့တွင် ဖမ်းဆီးခံ ကျောင်းသားများအား လွှတ်ပေးရန် နှင့် အကြမ်းဖက်မှုအား ရှုတ်ချကာ လူအင်အား ၁၀၀ခန့်ဖြင့် ဆန္ဒပြခဲ့သည်။
ဒီမိုကရေစီပညာရေးသပိတ် ပင်မစစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများ အပါအဝင် ၎င်းတို့ကို ထောက်ခံသူ စုစုပေါင်း ၆၉ဦးကို မတ်လ ၂၅ရက်လည်း ဒုတိယအကြိမ် ရုံးထုတ်သော်လည်း ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်၊ ကိုနန္ဒာစစ်အောင်နှင့် ကိုမြတ်သူတို့ကို မမိသေးသောကြောင့်ဟု ဆိုကာ အမှုမစစ်ဆေးခဲ့ပေ။
အဆိုပါ ကျောင်းသား ၆၉ဦးကို လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းမြင့်က တရားစွဲဆိုထားခြင်းဖြစ်ပြီး စွဲဆိုထားသည့်ပုဒ်မများမှာ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြစ်သည်။
ဗကသကျောင်းသား နန္ဒစစ်အောင်ကို မတ် ၂၇ရက်က ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ဆန္ဒပြအပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး မတ် ၃၀ရက်တွင် လက်ပံတန်း၌ ရုံးထုတ်ကာ သာယာဝတီထောင်သို့ ပို့ဆောင်ခဲ့သည်။
ဒီမိုကရေစီပညာရေးကို တောင်းဆိုသည့် ဖမ်းဆီးခံသပိတ်မှောက် ကျောင်းသားများမှာ ရန်ကုန်သို့ချီတက်ရန်ကြိုးပမ်းစဉ် မတ်လ ၁၀ရက်က လက်ပံတန်းတွင် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
No comments:
Post a Comment