ကျော်စိုးမိုး
ဆိုင်ကယ်ကို ကျော်တက်သည့် ဟိုင်းလတ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၁၃ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခုဧပြီ ၁ ရက်၊ ည ၉ နာရီခန့်က မှော်ဘီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရန်ကုန်-ပြည် ကားလမ်းအတိုင်း ရန်ကုန်မှ ပြည်ဘက်သို့ မောင်းနှင်လာသည့် ဟိုင်းလတ်အမျိုးအစား အငှားယာဉ်တစ်စီးသည် မှော်ဘီမြို့နယ် မိုင်တိုင်အမှတ် (၂၅/၀) အရောက် ရှေ့မှမောင်းနှင်သည့် ဆိုင်ကယ်ကို ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၃ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ကာ မှော်ဘီဆေးရုံနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတို့တွင် တက်ရောက်ကုသနေရပြီးယာဉ်မောင်းမှာ ယာဉ်ကိုထားပြီး ထွက်ပြေးတိမ်းရှောင် သွားသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်းကို မှော်ဘီမြို့မရဲစခန်း ကယာဉ်(ပ) ၃၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉/ ၂၀၂ ဖြင့် အမှုဖွင့်ပြီး၊ ယာဉ်မောင်းကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment