မဇ္ဈိမ
သင်္ကြန်အကြို၊ အကျ နှစ်ရက်အတွင်း ရန်ကုန်မြို့အတွင်း ယာဉ်တိမ်းမှောက်မှု လေးမှု၊ ယာဉ်တိုက်မှု နှစ်မှု ဖြစ်ပွားခဲ့ပြီး ၃၂ဦး ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ထားသည်။
သင်္ကြန်အကြိုနေ့တွင် မရမ်းကုန်းမြို့နယ်၌ ယာဉ်တိုက်မှု(၁)မှုဖြစ်ပွားခဲ့ရာ (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး ဗဟန်းမြို့နယ် ယာဉ်တိမ်းမှောက်မှု(၁)တွင် (၁၀)ဦး ဒဏ်ရာရခဲ့သည်။
သင်္ကြန်အကျနေ့ ဧပြီ ၁၄ရက်တွင်မူ သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှု(၁)မှု ဖြစ်ပွားခဲ့ပြီး ၆ဦး ဒဏ်ရာရခဲ့သည်။ ဒဂုံမြို့နယ်တွင်လည်း ၇ဦး ဒဏ်ရာရသည့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ဗဟန်းမြိုနယ်တွင် ယာဉ်တိမ်းမှောက်ကာ ၃ဦး ဒဏ်ရာရခဲ့သည်။ မရမ်းကုန်းမြို့နယ်တွင်မူ ယာဉ်တိုက်မှုကြောင့် ၂ဦး ဒဏ်ရာရခဲ့သည်။
ယင်းအပြင် သင်္ကြန်အကျနေ့က မရမ်းကုန်းမြို့နယ် နှင့် ဒေါပုံမြို့နယ်တို့တွင် ခိုက်ရန် ဖြစ်ပွားမှု တစ်မှုစီ ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
သင်္ကြန်ကာလအတွင်း ရာဇဝတ်မှုများ အနေဖြင့် ခါးပိုက်နှိုက်မှု အများဆုံးဖြစ်ပြီး အကျနေ့က မင်္ဂလာတောင်ညွန့်၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ် နှင့် လှိုင်သာယာရှိ မဏ္ဍပ်များအနီး ၁၃ဦး ဖမ်းဆီးရမိခဲ့ပြီး အကြိုနေ့တွင်မူ မင်္ဂလာတောင်ညွန့် နှင့် လှိုင်မြို့နယ်တို့တွင် ၇ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
No comments:
Post a Comment