Wednesday, April 8, 2015

ခြောက်နှစ်အရွယ် မိန်းကလေးငယ် အသတ်ခံရမှု သတင်းပေးနိုင်သူကို သိန်း ၂၀ ပေးမည်ဟု တာချီလိတ်ရဲ ကမ်းလှမ်း

Mizzima

တာချီလိတ်မြို မကာဟိုခမ်းရပ်ကွက်တွင်နေထိုင်သည့် ခြောက်နှစ်အရွယ် မိန်းကလေးငယ် သေဆုံးမှုအတွက် အမှုမှန်ဖေါ်ထုတ်နိုင်ရန် တာချီလိတ် မြို့မ ရဲစခန်းက အကူအညီတောင်းခံထားပြီး သတင်းပေးသူကို ကျပ်သိန်း ၂၀ ချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။

"အပြစ်မဲ့ လူမမယ်ကလေးငယ် သေဆုံူးမှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ အပူတင်ပြင်း စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ ထိုသို့ စုံစမ်း စစ်ဆေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တာဝန်သိ ပြည်သူများမှ ပူးပေါင်းပါဝင် သတင်းပေးမှသာလျှင် အမှုမှန် အမြန် ဖေါ်ထုတ်နိုင်မည်ဖြစ်ပါသည်" ဟု တာချီလိတ် မြို့မရဲစခန်းက ထုတ်ပြန်ထားသည်။

အသက် ခြောက်နှစ်အရွယ်ရှိ မနန်းဖွေဟွမ်ဟု အမည်ရသူ ကလေးငယ်သည် မတ်လ ၂၇ ရက်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် အလောင်းကို ဆန်ဆိုင်း (က) ရပ်ကွက် ကုက္ကိုဆိပ်အနီးတွင် မြွေရေခွံအိတ်အစိမ်းအတွင်း စောင်ပတ်လျက် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်ဟု တာချီလိတ် မြို့မ ရဲစခန်းက ထုတ်ပြန်ထားသည်။

"လူမဆန်စွာ ပြစ်မှု ကျူးလွန်ခဲ့သည့် တရားခံများအား ဖေါ်ထုတ် ဖမ်းဆီးနိုင်ရန် တာဝန်သိပြည်သူများက တိကျမှန်ကန်သော သတင်းများ ပေးပို့ကြပါရန်" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကလေးငယ်၏ ရုပ်အလောင်းကို မတ်လ ၃၀ ရက်တွင် ပြန်လည် တွေ့ရှိပြီးနောက် လူပျောက် အမှတ်စဉ် (၂/၂၀၁၅)မှ မတ်လ (၃၁)ရက်နေ့တွင် လူသတ်မှုသတ်မှတ်ကာ တာချီလိတ်မြို့မ ရဲစခန်း၌ (ပ)၇၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားသည်။

No comments: