Tuesday, April 14, 2015

ကလလတ တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင် ခြိမ်းခြောက်မှု ရွာသားများ တိမ်းရှောင် နေရ

ဖြိုးဝေအောင်

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် နွားလ၀ိုးကျေးရွာအုပ်စု သပြေကုန်း ကျေးရွာတွင် (ကလလတ) တပ်ဖွဲ့ဝင်များက လက်နက်ကိုင်ကာ ရွာသားများကို ခြိမ်းခြောက်သဖြင့် ရွာသားများ တိမ်းရှောင်နေရသည်။

ဧပြီ ၃ရက်က ကလလတ အဖွဲ့ဝင် မောင်ဟိုက်နှင့် မောင်ဒို ညီအကို ၂ ဦးသည် သပြေကုန်း ကျေးရွာရှိရွာသားအချို့ကိုသေနတ်ဖြင့် ခြိမ်းခြောက်ကာ အိမ်ထဲရှိ ပစ္စည်းများကို ဖျက်ဆီးခဲ့သည်။

မတ်လက မောင်ဟိုက်နှင့် ညီမိုးစက်၊ ဦးရီး (ခ) လွီးဇီးတို့ အချင်းများခဲ့ကြပြီး သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ရာ မောင်ဟိုက်က ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်ခဲ့သူ မိုးစက်၊ ဦးရီး (ခ)လွီးဇီးတို့က ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဧပြီ ၃ ရက်တွင် ကျန်ရစ်သော မိသာစုဝင်များကို စစ်ဆေးမေးမြန်းပြီး ရွာသားများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည်။

“ဦးရီးဘယ်မှာလဲ၊ မင်းတို့သူ့ကိုဖွက်ထားတယ်၊ မောင်ဟိုက်နဲ့ အကို မောင်ဒိုက သေနတ်တွေ ကိုင်ပြီး ရွာထဲမှာ သောင်းကျန်းတော့တာ၊ ရွာကအဒေါ်တယောက်ကို သေနတ်နဲ့ချိန်တယ်၊ ဒီလိုမလုပ်ဖို့ လာတားတဲ့ ရွာသားတွေကိုလည်းရန်ရှာတယ်လေ၊ ရွာသားတစ်ယောက်ရဲ့ လည်ပင်းကိုတောင် ညစ်သေးတယ်” ဟုမျက်မြင်သက်သေက ပြောသည်။

မောင်ဟိုက်သည် သပြေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင် လာသည်မှာ ၄ နှစ်ရှိပြီဖြစ်ပြီး ကလလတ တပ်ဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

အကိုမောင်ဒိုနှင့် ကလလတ အဖွဲ့ထဲ ၀င်ရောက်ပြီး ကျေးရွာ တိုးတက်ရန် တစုံတရာ လုပ်ဆောင်ပေးခြင်း မရှိသကဲ့သို့ လက်နက်ကိုင် ခြိမ်းခြောက်မှုကြောင့် ရွာသားများ စိုးရွံနေရသည်။

ရွာသားများက အုပ်ချုပ်ရေးမှူး ရာထူးကို ပြန်လည်ရွေးကောက်လိုသော်လည်း လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဆိုသည်။

ယခင်ကလည်း ကလလတ တပ်ဖွဲ့ဝင်တဦး၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ရွာသား တဦး အသက်ဆုံးရှုံးခဲ့ရသည်။

No comments: