Tuesday, April 14, 2015

နစ်မြုပ် ရုရှသင်္ဘောပေါ်မှ မြန်မာသင်္ဘောသား ၂၂ဦး ရန်ကုန်ပြန်ရောက်ပြီ

မဇ္ဈိမ

ရုရှနိုင်ငံ အရှေ့ဖျား Okhotsk ပင်လယ်တွင် နစ်မြုပ်ခဲ့သည့် ရုရှငါးဖမ်းသင်္ဘောပေါ်ပါသည့် မြန်မာနိုင်ငံသားများအနက် အသက်ရှင်ကျန်ရှိသည့် မြန်မာသင်္ဘောသား ၂၂ဦး ဧပြီ ၁၂ရက် ညနေက ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

ငါးဖမ်းသင်္ဘောသည် ဝန်ပိုတင်ဆောင်ခြင်း နှင့် လေပြင်းတိုက်ခတ်မှုကြောင့် ဧပြီ ၁ရက်က နစ်မြုပ်ခဲ့ပြီး သင်္ဘောပေါ်တွင် သင်္ဘောသား ၁၃၂ဦး ပါဝင်ရာ နစ်မြုပ်ချိန်တွင် သင်္ဘောသား ၆၃ဦးသာ အသက်ရှင်ခဲ့သည်။ ယင်းအပြင် သေဆုံးခဲ့သည့် သင်္ဘောသား ၅၄လောင်းကို ဆယ်ယူနိုင်ခဲ့ပြီး ၁၅ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထိုအထဲတွင် မြန်မာနိုင်ငံသား ၁၆ဦး သေဆုံးပြီး လေးဦးမှာ ပျောက်ဆုံးလျက်ရှိနေသည်ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) ဦးစိန်လှိုင်က မဇ္ဈိမကို ပြောသည်။

နစ်မြုပ် ရုရှငါးဖမ်းသင်္ဘောအား ပိုင်ဆိုင်သည့် Magellan Company က အသက်ရှင်လျက်ကျန်ရှိ သော မြန်မာသင်္ဘောသား ၂၂ ဦးအား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ ထောင် နှင့်ညီမျှသော ရူဘယ်ငွေကို ပေးလျော်သွားမည်ဖြစ်သည်။ သေဆုံးသွားသော မြန်မာသင်္ဘောသား ၁၆ ဦးနှင့် ပျောက်ဆုံးနေသော မြန်မာသင်္ဘောသား လေးဦးတို့ အတွက် ၎င်းတို့၏ မိဘ ဆွေမျိုးများအား အမေရိကန်ဒေါ်လာ တစ်သောင်း ငါးထောင်နှင့်ညီမျှသော ရူဘယ်ငွေတို့ကိုလည်းကောင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆယ်ယူရရှိသည့် သေဆုံးသူ မြန်မာသင်္ဘောသား ၁၆ ဦးတို့၏ ရုပ်အလောင်းများကို ဧပြီ ၁၅ ရက်တွင် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးသွားမည်ဟု ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာသင်္ဘောသား ၂၂ ဦးအား ရုရှားနိုင်ငံတောင်ပိုင်း စာဟာလင်မှ တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့၊ အင်ချွန်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် မြန်မာသံရုံးနှင့် တာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

No comments: