Wednesday, April 8, 2015

ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမြတ်သည့် ပင်စည်ပေါ်တွင် တပ်မတော် ဟူသည့် သစ်ခွပန်း မစိုက်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌပြော

မဇ္ဈိမ

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများကို မကြာခဏ ကိုးကားပြောဆိုလေ့ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းကို အလေးထားကြောင်း ပြောဆိုခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမြတ်သော ဂုဏ်ရည်ပင်စည်ပေါ်တွင် တပ်မတော်ဟူသည့် သစ်ခွပန်း ဖြစ်အောင်လုပ်နေခြင်းမဟုတ်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်သည်။

ဧပြီလ ၅ ရက် လားရှိုးမြို့ မြို့တော်ခမ်းမတွင်ပြုလုပ်သည့် တပ်မတော်သားများကို ဂုဏ်ပြု ထောက်ပံ့သည့် အခမ်းအနားတွင် ပြောသွားခြင်းဖြစ်သည်။ အခမ်းအနားတွင် တပ်မတော်သားများကို အမှာစကားပြောကြားရာ ဗိုလ်ချုပ်အောင်ဆန်း၏ "နိုင်ငံတော်အတွက် အသက်ကိုပေးဆပ်ရခြင်းထက် ကြီးမြတ်သောဂုဏ်မရှိ" ဟူသည့်စကားကို ကိုးကား ပြောသွားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စကားကိုကိုးကားခဲ့ခြင်းအတွက် ဖြေရှင်းချက်ပေးရာတွင် "ဘာ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားရသလဲဆိုရင် မိမိတို့ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အချိန်နှင့်အမျှ ရှိနေကြောင်း၊ ယခုမှလာပြီး အကြီးအကျယ် သတိရနေခြင်းမဟုတ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ မြင့်မားသောဂုဏ်ရည် ပင်စည်ပေါ်တက်ပြီး တပ်မတော်ကို သစ်ခွပန်းဖြစ်အောင် လုပ်ခြင်းလည်း မဟုတ်ကြောင်း" ဟု ဦးခင်အောင်မြင့်က ဆိုသည်။ တပ်မတော်သားများသို့ အမှာစကားပြောရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို လေးကြိမ်တိုင် ကိုးကားသွားခဲ့သည်။

ကိုးကန့်ဒေသတွင် ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ ပြောကြားရာတွင်မူ "မူးယစ်ရာဇာ တစ်ယောက်၏ နယ်မြေလုတိုက်ပွဲ" ဟု ဆိုကာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသားကာကွယ်ရန် တပ်မတော်တွင် တာဝန်ရှိသည်ဟု ပြောဆိုခဲ့သည်။

No comments: