Thursday, April 16, 2015

ကန်တော်ကြီးကန်အတွင်းမှ အလောင်းပေါ်လာ

သိင်္ဂီထွန်း

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးကန်အတွင်း သင်္ကြန်အကျနေ့ ဧပြီ ၁၄ရက်က ရေဆင်းကူးပြီး ရေနစ်သေဆုံးကာ အကြတ်နေ့ မွန်းတည့်ချိန်က အလောင်းပေါ်လာခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းအောင်က မဇ္ဈိမကို ပြောသည်။

"ကြည့်ရတာ မနေ့တည်းက ရေနစ်သေဆုံးနေတာ။ အဖော်တွေနဲ့ သေဆုံးတယ်ထင်တယ်။ ရေကူးတဲ့ ကောင်တွေက ခြေထောက်နဲ့ တိုက်ရင်းနဲ့ တွေ့မိပြီး ပေါ်လာတာ"ဟု မဇ္ဈိမကို ပြောသည်။

အကျနေ့ နေ့လည် ၂နာရီခွဲခန့်က ရေဆင်းကူးသည်ဟု ယူဆရပြီး အကြတ်နေ့ မွန်းတည့် ၁၂နာရီ ၁၀မိနစ်က အလောင်းပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု မင်္ဂလာတောင်ညွှန့် စခန်းမှူးကလည်း မဇ္ဈိမကို ပြောသည်။

သေဆုံးသူ စမျိုးထွန်း အသက် ၃၅နှစ်သည် တောင်ဥက္ကလာပတွင် နေသူဖြစ်ပြီး မိသားစုနှင့်လည်း အဆက်အသွယ် ရထားပြီး ဖြစ်သည်ဟု ဆိုသည်။

ကန်တော်ကြီးရေပြင်သည် ရေဆင်းကူးခွင့် မရှိဘဲ ရေဆင်းမကူးရန်လည်း ဗီနိုင်းများကပ်ထားသည့်ကြားမှ သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်သူများက ရေဆင်းကူးရာမှ ယခုကဲ့သို့ နစ်မြုပ်ခြင်းဖြစ်သည်။

"လုံခြုံရေးကတော့ တစ်အချက် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပေါ့။ ရေဆင်းမကူးပေါ့။ အရက်မူးတဲ့အချိန် ရေဆင်းကူးရင် ပိုဆိုးတာပေါ့။


ပြည်သူလူထု ရေဆင်းမကူးဖို့ ဗီနိုင်းတွေလည်း ကာထားပါတယ်" ဟု စခန်းမှူးက ပြောသည်။ ကန်တော်ကြီးအတွင်း လုံခြုံရေးရဲကင်းများ ထားရှိထားကာ လုံခြုံရေးရဲများ ရှိသော်လည်း "ဒီလိုပွဲမျိုးကြမျိုးတော့ အခက်အခဲ ဖြစ်တာပေါ့ဗျာ"ဟု ၎င်းက ဆက်ပြောသည်။

No comments: