Saturday, April 18, 2015

အပစ်ရပ်လက်မှတ်ထိုးပြီးနောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ၌ ဂျပန်ပါမည်

ဖနိဒါ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးပြီးနောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring committee) တွင် ဂျပန်နိုင်ငံက လေ့လာသူအဖြစ် ပါဝင်မည်ဟု ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော ဝန်ကြီး ဦးအောင်မင်းက အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်နိုင်ငံတွင် ရောက် မြန်မာ့အရေးတက်ကြွက်သူများနှင့် ဧပြီလ ၁၆ ရက်က တိုကျိုမြို့ Keio University တွေ့ဆုံဆွေးနွေးပွဲတွင် ကိုစောမျိုးခိုင်ရှင်း ဆိုသူ၏ မေးမြန်းမှုအပေါ် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်ရောက်ရှိနေသူ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်ဟု မိတ်ဆက်၍ “ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင် တပ်တွေကို ဘာကြောင့် အရင်မဆုတ်ဘဲနဲ့ တပ်တွေ တိုးချလဲ။ ဒီကိစ္စကို လုံးဝ ဖြေရှင်းပေးရမယ်။ ဥပမာ ကရင်ပြည်နယ်မှာ နားရိုက်လိုက် ပါးရိုက်လိုက် လုပ်စရာအကြောင်း မရှိဘူး” ဟူ၍ ဝန်ကြီးဦးအောင်မင်းကို မေးမြန်းခဲ့သည်။

ဝန်ကြီး ဦးအောင်မင်းက “ကျွန်တော်တို့ တပ်တွေ မဖယ်ပေးဘဲ ငြိမ်းချမ်းရေးလုပ်လို့ မရဘူးဆိုတာ ကျွန်တော်လက်ခံပါတယ်။ ငြိမ်းချမ်းရေး စာချုပ်ကြီးထဲမှာ တပ်ပိုင်းဆိုင်ရာ အချက် ၄၇ ချက်ပါပါတယ်။ ၄၇ ချက်ထဲမှာ အဓိကကျတဲ့ အချက်ကို ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်တို့ လက်မှတ်ထိုးပြီးတာနဲ့ တပ်နေရာရွှေ့ပြောင်းရေးတွေ လုပ်ဖို့ဆိုတဲ့ အချက် တချက်ပါပါတယ်။ တပ်နေရာတွေ ရွှေ့ပြောင်းပြီးတဲ့အခါမှာ Code of Conduct လို့ ပြောတဲ့ နှစ်ဖက်တပ်များ လိုက်နာရမယ့် စည်းကမ်းရေးဆွဲထားပြီး ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ တတိယအချက်တွေနဲ့ Joint Monitoring committee ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ နှစ်ဖက်တပ်များဟာ ထုတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းတွေအတိုင်း လိုက်နာမှု ရှိမရှိ ဆိုတာကို စစ်ဆေးသွားမဲ့အဖွဲ့ဖြစ်ပါတယ်။ အဲဒီစစ်ဆေးမဲ့အဖွဲ့မှာလဲ ဂျပန်နိုင်ငံဟာ Observer (လေ့လာသူ)အဖြစ် ပါဝင်တယ်ဆိုတာကို တင်ပြချင်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သူသည် အစိုးရကို ကိုယ်စားပြုပြီး ဆောင်ရွက်နေခြင်း မဟုတ်ဟုလည်း ဦးအောင်မင်းက ဆိုထားသည်။

“ကျွန်တော် ဒီနေ့ဒီအချိန်ထိ မတရားလုပ်ခဲ့တာ တခုမှ မရှိပါဘူး။ မျှမျှတတနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော် အစိုးရကိုယ်စား ဆောင်ရွက်နတာ မဟုတ်ပါဘူး။ Negotiator (ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူ) တယောက်အနေနဲ့ အလယ်ကနေ တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် ရပ်တည်ပြီး ဆောင်ရွက်နေတာလေးကို ကျွန်တော် တင်ပြလိုပါတယ်”ဟု ဝန်ကြီး ဦးအောင်မင်းက ဆက်လက် ပြောဆိုခဲ့သည်။

သူက ဆက်လက်၍ ကရင်လူမျိုးများကို လေးစားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့နှင့်ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် ကရင်လူမျိုးများသည် ချစ်စရာအကောင်းဆုံးဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့သည်။

ဧပြီလ ၁၄ ရက်မှ ၁၆ ရက်ထိ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော သုံးရက်ကြာ ခရီးစဉ်အတွင်း ဝန်ကြီး ဦးအောင်မင်းနှင့်အတူ ဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီး ဦးသန်းဌေး၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းကိုယ်စားလှယ်များက ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ဆောင်မှုအပေါ် ချီးကျူးပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် ဦးအောင်မင်းတို့ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင် အဓိက ထောက်ပံ့ပေးနေသော နိပွန်ဖောင်ဒေးရှင် ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၊ ဂျပန်နိုင်ငံ အာဏာရ ပါတီ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင်၊ ဝန်ကြီးချုပ်ဟောင်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းပါ အချက်များကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

No comments: