ထက်ထက်အောင်
အူရီဒူးမြန်မာက စင်ကာပူနိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် star hub နှင့် ပူးပေါင်းကာ နိုင်ငံတကာ ဖိုင်ဘာဆက်ကြောင်းမှ တစ်ဆင့် မြန်မာနိုင်ငံရှိ စီးပွားရေးနယ်ပယ်မှ ကုမ္ပဏီများနှင့် တစ်ဦးချင်း သုံးစွဲသူများသို့ အင်တာနက် ဝန်ဆောင်မှုများကို ပိုမိုအရည်အသွေး မြှင့်တင်ပေးနိုင်ရန် လုပ်ဆောင် သွားမည်ဟု လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်း မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
ဒေါ်သီရိကြာညိုက "ဒီလို ပူးပေါင်းလုပ်ဆောင်လိုက်တာက မြန်မာ စင်ကာပူ စီးပွားရေးကဏ္ဍမှာ ပိုမိုဖွံ့ဖြိုးလာစေတယ်။ မြဝတီဘက်မှာ နိုင်ငံတကာ ဖိုင်ဘာဆက်ကြောင်း လုပ်နေတာ ဧပြီလကုန်လောက်ဆိုရင် ပြီးတော့မယ်။ ကုမ္ပဏီတွေအနေနဲ့ ပိုမိုယုံကြည်စိတ်ချရတဲ့၊ ပိုပြီးအဆင့်မြင့်တဲ့ အင်တာနက် ဝန်ဆောင်မှု တွေကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်သလို တစ်ဦးချင်း သုံးစွဲသူတွေ အတွက်လည်း ပိုမိုမြန်ဆန်တဲ့ အင်တာနက် ဝန်ဆောင်မှုတွေ ရလာမှာပါ" မဇ္ဈိမကို ပြောသည်။
အူရီဒူးမြန်မာက star hub နှင့် ပူးတွဲလုပ်ဆောင်မည်ဟု ဧပြီ ၄ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် နိုင်ငံတကာ ဖိုင်ဘာဆက်ကြောင်း လုပ်ဆောင်ပြီးပါက ကုမ္ပဏီများ သည် ကိုယ်ပိုင် အပြည်ပြည်ဆိုင်ရာ ဖိုင်ဘာဆက်ကြောင်းကို သုံးပြီး မိမိကွန်ရက်အသီးသီးမှ တစ်ဆင့် အင်တာနက် ဝန်ဆောင်မှုများကို စွမ်းဆောင်ရည်မြင့်စွာဖြင့် အသုံးပြုနိုင်မည်ဟု ဖော်ပြထားသည်။
Star hub ကုမ္ပဏီသည် သတင်းအချက်အလက်များ၊ ဆက်သွယ်ရေးနည်းလမ်းများနှင့် ဖျော်ဖြေရေး ဝန်ဆောင်မှုများကို ပေးလျက်ရှိသည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကို ဆက်စပ် ပူးပေါင်းလိုက် သော စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည်။
ယင်းကြေညာချက်တွင် လက်တွဲပူးပေါင်း လုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ Star Hub ၏ နိုင်ငံတကာ ဆိုင်ရာ လုပ်ငန်းများ အထွေထွေမန်နေဂျာ Ms. Denise Chng က မြန်မာနိုင်ငံမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့်နေရာမှာ စင်ကာပူနိုင်ငံက တတိယအများဆုံး နေရာမှာ ရှိကြောင်း၊ မြန်မာနိုင်ငံသို့ တိုးချဲ့လုပ်ကိုင် နေတဲ့ စင်ကာပူနိုင်ငံမှ ကုမ္ပဏီများကို နှုန်းထားသက်သာပြီး အချိန်နဲ့ တပြေးညီ ပေးနိုင်ဖို့ အူရီဒူးရဲ့ ပထမဦးဆုံး ဆက်သွယ်ရေးလုပ်ငန်း အကျိုးတူလက်တွဲခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားကူးသန်းနေသည့် ကုမ္ပဏီများကို မြန်မာ့ဈေးကွက်တွင်းမှာ ယုံကြည်စိတ်ချရပြီး ပိုအဆင့်မြင့်သော အင်တာနက် ဝန်ဆောင်မှုတွေ ကို ရွေးချယ်အသုံးပြုနိုင်ဖို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ပါရှိသည်။
No comments:
Post a Comment