Saturday, April 11, 2015

ရုရှားသင်္ဘော နစ်မြုပ်မှု၌ သေဆုံးသွားသည့် မြန်မာရုပ်အလောင်းများ ပြန်ပို့ပေးမည်

ဘုန်းမြတ်

ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Okhotsh Sea ပင်လယ်အတွင်း ဧပြီလ၂ ရက်က ရုရှားငါးဖမ်းသင်္ဘော Dalny Vostok နစ်မြုပ်မှုတွင် သေဆုံးခဲ့ သည့် မြန်မာနိုင်ငံသား သင်္ဘောသား ၁၆ ဦး၏ ရုပ်အလောင်းများကို ရှရှားနိုင်ငံမှတဆင့် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန် လည် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

“သေဆုံးသွားတဲ့ သူတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးတဲ့အခါ ရှရှားနိုင်ငံဘက်က ယတိပြတ် ပြောတာက နစ်နာကျေး လုံးဝ မပေးဘူးလို့ ပြောပါတယ်။ လျော်ကြေးက သက်ဆိုင်ရာ Agent နဲ့ဆောင်ရွက်ဖို့ ပြောပါတဲ့။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီဧပြီ ၁၅ ရက်မှာ ပြန်ပို့ပေးမယ်။ နောက်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မြန်မာသင်္ဘောသား ၂၂ ဦးကိုလည်း ရန်ကုန်ကို ပြန်ပို့ပေး ဖို့ လုပ်ဆောင်နေပါတယ်”ဟု ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူး ဦးအောင်ကျော်မိုးက ဧရာဝတီကို ပြောသည်။

သဘောင်္နစ်မြုပ်ရာမှ အသက်ရှင် ကျန်ရစ်သည့်မြန်မာနိုင်ငံသား၂၂ ဦးအတွက် မိခင်နိုင်ငံသို့ ပြန်လာနိုင်ရန် နိုင်ငံကူးလက်မှတ် အသစ် များ ပြုလုပ်ပေးနေပြီး၊ ဧပြီ ၁၅ ရက်တွင် ကိုရီးယား လေကြောင်းလိုင်းမှ တဆင့် ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အသက်ရှင် ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံသား ၂၂ ဦးကို လတ်တလော၌ ရှရှားနိုင်ငံ စာဟာလင်မြို့ရှိ Pacific Plaza Hotel တွင် နေ ထိုင်ခွင့်ပြုထားပြီး ၎င်းတို့၏ လျော်ကြေး၊ရပိုင်ခွင့်များနှင့် ပတ်သက်၍ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်၊ သင်္ဘောလိုင်း ကိုယ်စားလှယ်နှင့် တောင်ပိုင်း စာဟာလင်မြို့ အုပ်ချုပ်ရေးမှူး တို့ တွေ့ဆုံပြီး အသေးစိတ် ဆွေးနွေးသွားမည် ဖြစ်သည်ဟု ဦးအောင်ကျော်မိုးက ဆိုသည်။

“သင်္ဘောသားတွေရဲ့ နစ်နာကြေးနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ ဆွေးနွေးပါမယ်။ ပိုင်ရှင်တော့ လောလောဆယ် မသိသေးဘူး။ သေဆုံး သူတွေရော၊ ကျန်ရှိနေတဲ့သူတွေရော ရန်ကုန်ပြန်ပို့ပေးမှာက ရှရှားနိုင်ငံဘက်က ကူညီပေးတာပါ”ဟု ၎င်းကပြောသည်။

နစ်မြုပ်သွားသည့် ရုရှားငါးဖမ်းသင်္ဘော Dalny Vostok တွင် မြန်မာနိုင်ငံသား သင်္ဘောသား ၄၂ ဦး ပါရှိခဲ့ပြီ သင်္ဘော နစ်မြုပ်မှုတွင် မြန်မာ သင်္ဘောသား ၁၆ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး အသက်ရှင် လွတ်မြောက်ခဲ့ကာ ၄ ဦးမှာ ယခုချိန်ထိ ပျောက်ဆုံးလျက် ရှိနေကြောင်း သိရသည်။

ရုရှားငါးဖမ်းသင်္ဘော Dalny Vostok တွင် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသားများကို တရားမ၀င် စေလွှတ်ခဲ့သည့် ပြည်တွင်း သင်္ဘောသား အလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီ ၅ ခုကို ဧပြီလ ၃ ရက်က စတင်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

No comments: