မဇ္ဈိမ
ရှမ်းပြည်နယ် လောက်ကိုင်ဒေသအတွင်း အစိုးရ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး အစိုးရစစ်တပ်အင်အား ထပ်မံဖြည့်တင်းမှုများ ရှိနေသည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။
လောက်ကိုင်မြို့၏ အရှေ့တောင်ဘက် တုန်းရှန်းဒေသ ခုတ်ထန်ပတ်ဝန်းကျင်တွင် အစိုးရ စစ်တပ်က အင်အား ၁၈၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သူက မဇ္ဈိမကို ပြောသည်။
“ဒီနေ့ နေ့ပိုင်းထိတော့ တိုက်ပွဲ ဖြစ်နေတုန်းပါပဲ။ သူတို့ ကြည်းတပ်နဲ့လည်း ဖြစ်ပါတယ်။ ၈ ရက်နေ့ကနေ စပြီးတော့ ပြင်းထန်လာတယ်။ လက်နက်ကြီးလည်း ပိုသုံးလာတယ်။ ပြီးတော့ လူအင်အားလည်း ပိုပြီးတော့ များလာပါတယ်ဗျ။ သံချပ်ကာကားရော၊ တင့်ကားရော ပစ်ကူပါတယ်။ ဥပမာ အရင်တုန်းက တကြိမ်ပစ်ရင် ကျတဲ့ ဗုံးသီးက ၁၀ လုံးကျော်ကျော်လောက်ပဲ ကျတယ်။ အခုက ၂၀ ကျော်ကျတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ရက်သတ္တပတ်ကြာ တိုက်ပွဲအတွင်း MNDDA တပ်ဖွဲ့မှ သေဆုံးသူနှင့် ဒဏ်ရာရသူ ၆၀ ခန့်ရှိနိုင်မည်ဟု သူက ဆိုသည်။
ထို့ပြင် ကော့သောင်းဘက်မှ အစိုးရ စစ်အင်အား ထပ်မံ ဖြည့်တင်းလာမှုများ ရှိနေသည်ဟုလည်း သိရကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၈ ရက်နှင့် ၉ ရက်များတွင် MNDAA တပ်ဖွဲ့မှ အစိုးရ၏ သံချပ်ကာ ကား သုံးစီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဦးထွန်းမြတ်လင်းက ပြောဆိုသည်။
“အစိုးရ သံချပ်ကာကားက ၉ ရက်နေ့ကတော့ လုံးဝ ဖျက်ဆီးသွားတာ မဟုတ်ဘူး။ ဒါပေမဲ့ မောင်းလို့ မရတော့တာ။ ၁၀ ရက်နေ့ ပစ်တဲ့ နှစ်စီးကတော့ လုံးဝ ပျက်စီးသွားပါတယ်”ဟု သူက ပြောသည်။
ဧပြီလ ၄ ရက်က MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကို ပြည်တွင်း၊ ပြည်ပ မီဒီယာများအား သတင်းမမှန်မကန် သတင်းပေးမှုဖြင့် တပ်မတော် ခုံရုံးက အရေးပေါ်စီမံမှု ဥပဒေဖြင့် လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့က တရားလို ပြု အမှုဖွင့်ကာ ဖမ်းဝရမ်းထားသည်။
ဦးဖုန်ကြားရှင် ဦးဆောင်သော MNDAA တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ယနေ့ထိ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ စစ်တပ် အရာရှိများ ကျဆုံးမှုများ ရှိသလို၊ ကိုးကန့် တပ်ဖွဲ့များဘက်မှလည်း ကျဆုံးမှုများ ရှိနေသည်။
MNDAA နှင့် အစိုးရ စစ်တပ်တို့ ဖြစ်ပွားသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)က ပြီးခဲ့သည့် ၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြခဲ့သော်လည်း အစိုးရဘက်မှ မည်သို့ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
ယင်းကိစ္စနှင့်ပတ်သက်၍ NCCT က MNDAA အဖွဲ့ကို တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု မကြာမီက NCCT ဘက်မှ တင်ပြထားသော်လည်း ယခုထိ ဆွေးနွေးလာခြင်း မရှိသေးကြောင်း ဦးထွန်းမြတ်လင်းက ပြောသည်။
No comments:
Post a Comment