Thursday, April 9, 2015

အမှန်အတိုင်း တင်ပြပေးနိုင်သည့် သံချပ်များသာ ဖန်တီးသွားမည်ဟုဆို

ပန်းမြတ်ဇော်

သင်္ကြန်သံချပ်များနှင့် ပတ်သက်၍ အဖွဲ့အစည်း တစ်ရပ်ရပ်၊ လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ပျက်ပြားအောင် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ထုတ်ပြန်ချက်ထားသော်လည်း အမှန်အတိုင်း တင်ပြပေးနိုင်သည့် သံချပ်မျိုး၊ အသိဉာဏ်ကို နှိုးဆွသည့် သံချပ်မျိုကို ဖန်တီးသွားကြမည်ဟု သင်္ကြန်သံချပ် အဖွဲ့များက ပြောသည်။

မဟာသင်္ကြန် ပွဲတော်နှင့် စပ်လျဉ်း၍ ယဉ်ကျေးမှုဝန်ကြီး ဌာနက သူတစ်ပါး (သို့မဟုတ်) အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာ ပျက်ပြားစေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့် အပြုအမူများ ရှောင်ကြဉ်ကြရန် ဧပြီ ၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။

နှစ်စဉ် သင်္ကြန် သံချပ် ထွက်လေ့ရှိသည့် လူရွှင်တော် ဦးမေတ္တာက "ဦးမေတ္တာတို့ကတော့ မကောင်းတာကို မကောင်းဘူးလို့ပဲ ပြောရမှာပဲ။ အကျင့်မကောင်းတာကို ကောင်းအောင် လုပ်ပြဖို့လိုတယ်။ အမှား အမှန် ခွဲခြားပြီးသိဖို့ အသိဉာဏ် နိုးဆွပေးတဲ့ သံချပ်တွေ၊ အမှန်အတိုင်း တင်ပြပေးနိုင်တဲ့ သံချပ်မျိုးတွေကိုပဲ ပြုလုပ်သွားမှာ" ဟု ပြောသည်။

ယခုနှစ် သင်္ကြန်အတွက် လူရွှင်တော် ဦးမေတ္တာ ဦးဆောင်ကာ ကားဖြင့် ရန်ကုန်မြို့တွင်းသို့ လှည့်လည် ဖျော်ဖြေမည်ဖြစ်ပြီး သင်္ကြန်အတွင်း ဖျော်ဖြေမည့် ပစ်တိုင်းထောင် အမည်ရှိ သံချပ်အဖွဲ့အတွက် သင်္ကြန် သံချပ်များကိုလည်း ၎င်းကိုယ်တိုင် ရေးသားပေးထားသည်။

၎င်းရေးသားထားသည့် သံချပ်များတွင် " ဘယ်သူမှန်လဲ ဘယ်သူမှားလဲ။ ဘယ်သူ့ကိုမှ မဝေဖန်ဘူး။ မှန်လား မှားလား ကိုယ်ကိုကိုယ်တောင် မှန်မကြည့်ဘူး။ မှန်ဆိုတဲ့ စကားလုံးက မမှန်ဘူးလား။ မှန်လား ကိုယ့်ကို ကိုယ်တောင် မှန်ကြည့်ဖို့ ခက်တဲ့ဘဝ ဖြစ်နေလို့" စသည့် သံချပ်မျိုးတွေ ပါဝင်မည် ဖြစ်သည်။

ဦးမေတ္တာက " သံချပ်တွေ တင်ရမယ်ဆိုလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မဟာသင်္ကြန်သီချင်း စိစစ်ရေး ကော်မတီကို တင်ထားတယ်။ အခုချိန်ထိ ပြန်မချသေးဘူး။ သံချပ်တွေ ပယ်လား မပယ်လားလည်း မသိဘူး။ သင်္ကြန်ပဲကျတော့မယ်၊ အခုချိန်ထိ ဘာအကြောင်းမှ မပြန်သေးဘူး" ဟု ဆိုသည်။

လူရွှင်တော် သီးလေးသီး အဖွဲ့ကလည်း ယခုနှစ် သင်္ကြန်တွင် သင်္ကြန် အလှပြယာဉ်ဖြင့် ရန်ကုန်မြို့၌ လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားပြီး ၎င်းတို့၏ သင်္ကြန် အလှပြယာဉ်တွင် ထူးခြားမှု အဓိပ္ပာယ် တစ်ခုအဖြစ် ကားပေါ်တွင် သစ်ပုပ်ပင် တင်ကာ ထိုသစ်ပုပ်ပင်၌ အရွက်အပွင့်များအစား ဗုံးတွေ ၊ ကျည်ဆံတွေ ၊ သေနတ်များဖြင့် အလှဆင်ထားမည် ဖြစ်သည်။

သီးလေးသီးအဖွဲ့မှ ကိုစိန်သီးက "သူတို့ကလဲ သူတို့ စည်းမျဉ်းအရ ပြောမှာပဲ ကျွန်တော်တို့လဲ အနုပညာ ဘောင်ထဲက လုပ်ရမှာပဲ။ ကျွန်တော်တို့ကတော့ တစ်ဦး တစ်ယောက် ထိခိုက်ဖို့ မရှိဘူး။ ဦးနှောက်စားပြီး လုပ်ထားတဲ့ သံချပ်ကို ဖျက်ချလိုက်ရင် အရမ်းနှမြောစရာ ကောင်းတယ်"ဟု မဇ္ဈိမကို ပြောသည်။

ယခုနှစ် သင်္ကြန်တွင် ယဉ်ကျေးမှုဝန်ကြီး ဌာနက မဟာသင်္ကြန်ပွဲတော်နှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာ ထားသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မဟာသင်္ကြန်သီချင်း စိစစ်ရေး ကော်မတီကလည်း သင်္ကြန် သံချပ်များကို ဒို့တာဝန် အရေးသုံးပါး၊ လူမျိုးရေး၊ ဘာသာရေး ထိပါးပုတ်ခတ်စေမည့် စာသားများ ၊ နိုင်ငံတော် အဖွဲ့အစည်းနှင့် လူတစ်ဦးချင်း ဂုဏ်သိက္ခာ ထိခိုက်စေမည့် စာသားများ ပါဝင်ခြင်း မပြုရန် စည်းကမ်းချက် ထုတ်ပြန်ထားသည်။

ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် အကအခုန်များကို အလွန်အမင်း မလိုက်စားရန်နှင့် သိက္ခာကျလောက်သော အရက်သေစာ သောက်စားမူးယစ်မှုတို့မှ ရှောင်ကြဉ်ရန်လည်း ပါရှိသည်။ မြန်မာ့ယဉ်ကျေးမှုအလွန် ဝတ်စားဆင်ယင်မှုများ ရှောင်ကြရန်၊ အမြင်မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြရန်လည်း ကန့်သတ်ထားသည်။

No comments: