Sunday, April 12, 2015

အူရီးဒူးက ကိုယ်ပိုင်ဖိုက် ဘာဆက်ကြောင်းမှ ၀န်ဆောင်မှု စတင်ပေးပြီ

မောင်မန်း

ပြည်တွင်းတွင်ဝန်ဆောင်မှုပေးနေသည့် ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီဖြစ်သည့် အူရီးဒူးမြန်မာက ကိုယ်ပိုင်ဖိုက် ဘာဆက်ကြောင်း မှ တဆင့် အင်တာနက်နှင့်ဖုန်းပြောဆိုမှုများအတွက် ၀န်ဆောင်မှု စတင်ပေးအပ်နေပြီ ဟု အူရီဒူးမြန်မာ၏ အကြီးတန်းပြန်ကြားရေးနှင့်ပြင်ပ ဆက်ဆံရေး မန်နေဂျာဒေါ်သီရိကြာညို ကပြောသည်။

ဒေါ်သီရိကြာညိုက " ထိုင်းနိုင်ငံကနေ ဖြတ်ကျော်သွယ်တန်းထားတဲ့ ကိုယ်ပိုင်ဖိုက်ဘာဆက်ကြောင်းကို စပြီးအသုံးပြုနိုင်ပါပြီ။ လဆန်းကတည်းက စပြီးလုပ်နေ တာ ဧပြီလ ၉ ရက်နေ့ ညမှာပဲ ကိုယ်ပိုင်လိုင်းကနေ ၀န်ဆောင်မှု စပေးနေပါပြီ" ဟု ဆိုသည်။

အူရီးဒူးမြန်မာ၏ ကိုယ်ပိုင်ဖိုက်ဘာလိုင်းပေါ်တွင် လက်ရှိအင်တာနက်မြန်နှုန်းထက် လိုအပ်ပါက အမြင့်ဆုံး နှစ်ဆ အထိ မြှင့်တင် အသုံးပြုနိုင်မည် ဟုဒေါ်သီရိ ကြာညို ကပြောသည်။ အင်တာနက်အသုံးပြုနိုင်မှု ပမာဏ ကိုလည်း နှစ်ဆအထိ မြှင့်တင်အသုံးပြုနိုင်မည်ဟု ၎င်းက ဆိုသည်။

အူရီးဒူး ကမြန်မာ့ဆက်သွယ်ရေးထံမှာ ငှားရမ်းထားသည့်ဖိုက်ဘာလိုင်းပေါ်တွင် အင်တာနက်မြန်နှုန်းအမြင့်ဆုံး 7Mbpsအထိ ရရှိနေပြီး ကိုယ်ပိုင်ဆက်ကြောင်း မှဝန်ဆောင် မှုပေးချိန်တွင် အမြင့်ဆုံး 14Mbps အထိ တိုးမြှင့် ၀န်ဆောင် မှုပေးနိုင်မည်ဖြစ်သည် ဟုဒေါ်သီရိကြာညို ကပြောသည်။

၎င်းက " ကိုယ်ပိုင် လိုင်းပေါ် ကနေမြန်နှုန်းမြင့် အင်တာနက် နဲ့ အသံ ၀န်ဆောင် မှုတွေ ကိုပြတ်တောက်မှု မရှိဘဲ ပေးနိုင်မှာပါ" ဟု ဆိုသည်။ အူရီးဒူးမြန်မာက တစ်မိနစ် ဖုန်းခေါ်ဆိုခ ၂၀ ကျပ်သို့ လျော့ချကောက်ခံမည့် ၀န်ဆောင်မှုအစီအစဉ် များလည်း စတင် မိတ်ဆက် ထားပြီး အင်တာနက် အသုံးပြုခ အတွက် 1MB လျှင် ၆ကျပ်နှုန်း ဖြင့် ၀န်ဆောင်မှု ပေးနေသည်။ မတ်လအကုန်ပိုင်းအထိ စာရင်းများအရမြန်မာနိုင်ငံလူဦးရေ၏ ၄၁ ဒသမ ၂ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးနိုင် ပြီ ဖြစ်ပြီး ၂၀၁၅ ခုနှစ်အကုန်တွင် ၇၅ ဒသမ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်နေ သည်ဟု အူရီဒူးမြန်မာက သတင်းထုတ်ပြန် ထားသည်။

No comments: