Friday, April 10, 2015

PR စနစ် ကျင့်သုံးပါက အာဏာရှင်စနစ် ပြန်ရောက်သွားမည်ဟု သူရဦးအောင်ကို သတိပေး

Mizzima

လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် PR ကိုကျင့်သုံးရန် လွှတ်တော်တွင် ဆွေးနွေးမှုများအပြီး အဆိုပါPR စနစ်ကို ကျင့်သုံးပါက နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်ကာ အာဏာရှင်စနစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု အငြိမ်းစား တပ်မတော်အရာရှိ သူရဦးအောင်ကိုက သတိပေးလိုက်သည်။

"လက်ရှိ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်တွင် အချိုးကျ ကိုယ်စားပြုတဲံ PR စနစ်ကို ရောနှော ကျင့်သုံးမယ်ဆိုရင် ထိုင်းနိုင်ငံမှာလို နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီး အာဏာရှင် စနစ်အတွင်းသို့ ပြန်လည် ကျဆင်းသွားနိုင်တယ်" ဟု ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သူ သူရ ဦးအောင်ကိုက ဆိုသည်။

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲမဝင်ဘဲ PR စနစ်ဖြင့် အမတ်ဖြစ်လာသည့် "ရှပ်ဝါ" ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူက ရွေးချယ်အပြီး တက်လာသည့် "ရှပ်နီ" တို့ ပဋိပက္ခဖြစ်ပုံကို ရည်ညွှန်းကာ သူ၏ လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘုတ်တွင် ရေးသားထားခြင်းဖြစ်သည်။

"ရွေးချယ်ခံ နိုင်ငံရေး စနစ်မှာ ကာလစည်းကမ်းသတ်မှတ်ချက် ရှိနေတာကြောင့် အာဏာရှင်စနစ် လွယ်လွယ်နဲ့ ပြန်မဖြစ်နိုင်ဘူး" ဟုလည်းဆိုသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ မတ်လ ၁၇ ရက်တွင် လွှတ်တော်အမတ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့သည်။ ထိုဥပဒေကြမ်းတွင် အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးရန် ပြင်ဆင်မှုများလည်း ပါဝင်လာခဲ့သည်။

ထို့ကြောင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဧပြီလ ၆ ရက်မှ ၈ ရက်အထိ PR စနစ် ကျင့်သုံးသင့်၊ မသင့် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးမှုအပြီး သူရဦးအောင်ကို၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

PR စနစ် ကျင့်သုံးသင့်၊ မသင့် သုံးရက်တာဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ စုစုပေါင်း ၃၅ ပါတီ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ ဧပြီ ၈ ရက်ဆွေးနွေးပွဲတွင်မူ နိုင်ငံရေးပါတီ ၁၈ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ၁၄ ပါတီက PR စနစ် ကျင့်သုံးသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

PR စနစ် ကျင့်သုံးပါက အာဏာရှင်စနစ်သို့ ပြန်လည်ရောက်ရှိသွားနိုင်သည်ဟု သတိပေးခဲ့သူ သူရဦးအောင်ကိုက ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံသည် အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့သည်ဟု ဆိုထားပြီး ထိုစနစ်ကြောင့် ဆိုးမွေများသာ ရခဲ့သည်ဟု ဆိုသည်။

"အာဏာရှင် စနစ်ထံက အမွေဆက်ခံရတာကြောင့် ကောင်းမွေထက်၊ ဆိုးမွေက ပိုများတာကို တွေ့ရတယ်။ ဥပမာတွေ အများကြီးပါ။ လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာတွေ၊ အလုပ်သမား၊ ကျောင်းသား ပြဿနာတွေ၊ တရာရေးမဏ္ဍိုင် ယိမ်းယိုင်ပျက်စီးနေတဲ့ ပြဿနာတွေ စုံလို့ပါ" သူရဦးအောင်ကိုက ဆိုသည်။

No comments: