Thursday, April 9, 2015

Sky Net in house channels သတင်းမမှန် ထုတ်လွှင့်သည်ဆိုကာ သိန်းပေါင်း တစ်သောင်း ရွှေစင်စင်္ကြာ လျော်ကြေးတောင်း

Mizzima

Sky Net in house channels သည် ရန်ကုန်၊ မန္တလေး အမြန်လမ်းမပေါ်တွင် ပေါ်ပေါက်ခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်ကို မမှန်မကန် သတင်းထုတ်လွှင့်ခဲ့သည်ဟုဆိုကာ ထွေထွေလျှော်ကြေး ကျပ်သိန်းပေါင်း တစ်သောင်းတိတိကို ခုနှစ်ရက်အတွင်း ပေးလျှော်ရန် ရွှေစင်စင်္ကြာ ယာဉ်လိုင်းက ဧပြီလ ၈ ရက်ထုတ် ပုဂ္ဂလိက သတင်းစာ Daily Eleven တွင် ကြော်ညာ ထည့်သွင်း တောင်းခံလိုက်သည်။

"Shwe Than Lwin Media Co,Ltd. Sky Net in house channel, mntv ၏ မစဉ်းစား မဆင်ချင် ပေါ့ဆပျက်ကွက်မှုများအပေါ် ကျွန်ုပ်အမှုသည် ကုမ္ပဏီ၏ အရပ်ရပ် နစ်နာမှုအတွက် အထွေထွေ လျှော်ကြေး ငွေကျပ်သိန်းပေါင်း တစ်သောင်းတိတိကို ဤကြေညာသည့်နေ့မှ ခုနှစ်ရက်အတွင်း ပေးအပ်ရန် တောင်းဆိုလိုက်ပါသည်" ဟုသည် တရားလွှတ်တော်ရှေ့နေ ဦးနေလ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ဧပြီလ ၅ ရက်ည ရန်ကုန်၊ မန္တလေး အမြန်လမ်း မိုင်တိုင် ၁၂၀ ကျော်ခန့်တွင် ရွှေစင်္ကြာနှင့် မန်းရာဇာ ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိသည့် ဖြစ်စဉ်ကို Sky Net in house channel က ဧပြီ ၆ ရက် နံနက်ပိုင်းတွင် ထုတ်လွှင့်ခဲ့ရာ ထိုထုတ်လွှင့်မှုသည် မမှန်မကန် ထုတ်လွှင့်မှုဟု အသိပေးစာ (နို့တစ်စာ) တွင် ဖေါ်ပြထားသည်။

"ဤဖြစ်ရပ်သည် ရုပ်သံမီဒီယာ၏ သတင်းတိုင်း အချက်အလက် တိကျမှန်စေရန်တာဝန်နှင့် သတင်းမီဒီယာကျင့်ဝတ်များ ပျက်ကွက်ခဲ့ခြင်းဖြစ်ပြီး ၇၊ ၄၊ ၂၀၁၅ တွင် သတင်းမှန်ကို ပြန်လည်ထုတ်ပြန်ခဲ့သော်လည်း သာမန်ပြန်လည် ထုတ်လွှင့်မှုအဖြစ်သာ ပါရှိခဲ့သည်" ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေး၏ ကောင်းမွန်သော ပုံရိပ်မှာ အောက်ဆုံးအထိ ရောက်ခဲ့ရသည်ဟုလည်းဆိုသည်။ "ကျွန်ုပ်၏ အမှုသည် ကုမ္ပဏီသည် ခရီးသည်များ၏ တုန့်ပြန်မှုများကို ဖြေရှင်းပေးနေရပါသည်။ အထူးသဖြင့် ယခုကဲ့သို့ မဟာသင်္ကြန်ကာလ နီးကပ်ချိန်တွင် များပြားလာသော ခရီးသည်များ၏ မယုံကြည်မှုပြစ်တင်ဝေဖန်မှုများ ခါးစည်းခံနေရပါသည်" ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးနေလ၏ နို့တစ်စာတွင် ဖေါ်ပြထားသည်။

No comments: