
အနောက်ဘက်တောင်တန်းတွေဆီ ငှက်ကလေးတွေ အိပ်တန်းပျံကြပြီ။ တနေ့တာ အစာရှာပြီး ညဘက်အနားယူဖို့ သူတို့အသိုက်တွေရှိရာကို အုပ်စုဖွဲ့ပျံနေကြတယ်။
ဆည်းဆာရဲ့ ပုဇွန်ဆီရောင်ဖျော့ဖျော့က အကျည်းတန်သူကို တနည်းတဖန် အလှဆင်ပေးနေတယ်။ ညနေခင်းလမ်းပေါ်မှာ ဈေးဆိုင်မှာ ပစ္စည်းတွေသိမ်း၊ တံခါးတွေပိတ်ပြီး အိမ်ပြန်ဖို့ ပြင်ဆင်နေကြတယ်။
နယ်စပ်ဂိတ်ကို ဖြတ်ကျော်မယ့် ကားပေါ်က မြန်မာဈေးသည်တွေကတော့ ညနေခင်းသဘာဝကို သတိထားမိပုံ မပေါ်ဘူး။ ဘတ်ငွေကို မြန်မာငွေအဖြစ်ပြောင်းပြီး စိတ်မှန်းနဲ့ တနေ့တာ အမြတ်ငွေကို တွက်လာပုံရတယ်။ စကားပြောသံ မကြားရဘူး။ လမ်းစရိတ်၊ စားစရိတ်နုတ်ပြီး ကျန်တဲ့အမြတ်ငွေနဲ့ အိမ် မိသားစုအတွက် ထောင့်စေ့အောင် သုံးနိုင်ဖို့ တွက်နည်းအသစ်တွေ ထုတ်နေလောက်ပြီ။ ဒါကြောင့်များ မိန်းမတွက်လို့ စကားရှိခဲ့တာ ဖြစ်မလားပဲ။
သူတို့ကိုကြည့်ပြီး အိန္ဒိယနယ်စပ် "တမူး" မြို့နယ် နန်းဖာလုံဈေးထဲမှာ ဈေးရောင်းခဲ့ဖူးတဲ့ ကျမရဲ့ ဈေးသည်ဘ၀ကို ပြန်မြင်ယောင်မိတယ်။
အိန္ဒိယနယ်စပ်မြို့ "မိုးရေး" နဲ့ "တမူး" မြို့ "နန်းဖာလုံဈေး" က ကတ္တရာလမ်းတခုသာ ခြားပါတယ်။ နန်းဖာလုံဈေးကို မဏိပူပြည်နယ် မြို့တော် "အင်ဖာ" က ဈေးဝယ်တွေကပါ ဈေးလာဝယ်ကြတယ်။ တချို့ဈေးသည်တွေက "အိန္ဒိယပြည်နယ် ၆၀ က အားထားရတဲ့ နန်းဖာလုံဈေး" လို့ ဂုဏ်ယူကြတယ်။ ဈေးရောင်းသူတွေကတော့ မြန်မာဈေးသည်တွေပါ။
ရောင်းကုန်ကတော့ တရုတ်ပစ္စည်းမျိုးစုံပါပဲ။ တရုတ်အိမ်သုံးပစ္စည်း၊ လူသုံးပစ္စည်းတွေကို မြန်မာနယ်စပ်ကနေ အိန္ဒိယပြည်နယ်ရောက်အောင် ကြားခံ နန်းဖာလုံက ဆောင်ရွက်ပေးရတယ်လို့ ကျမ ခံစားရပါတယ်။ မြန်မာလူသုံးကုန်ပစ္စည်းကတော့ ဆီးထုပ်၊ နေကြာစေ့၊ ဆပ်ပြာမှုန့်၊ မုန့်မျိုးစုံ၊ အသီးအရွက်၊ ငါးအစို၊ "ငါးကြပ်တင်" တွေပါပဲ။ ကသည်းလူမျိုးတွေက "ငါးကြပ်တင်" တွေကို ငါးအစိုထက် ပိုကြိုက်ကြတယ်။ ဈေးသည် လက်သစ် ကျမကတော့ ကလေးဝတ်ဘောင်းဘီတွေ ရောင်းပါတယ်။
မနက် နန်းဖာလုံဈေးကို ဈေးရောင်းဖို့လာတဲ့ ဈေးသည်တွေကို ဈေးဝယ်မယ့် ဈေးဝယ်တွေ အားလုံး အိန္ဒိယနယ်စပ် နံပါတ် (၁) ဂိတ်ကိုဖြတ်ပြီးမှ မြန်မာ့မြေကို ပြန်နင်းရပါတယ်။ နံပါတ် (၁) ဂိတ်နဲ့ မြန်မာနယ်စပ်ကို "ဗာဟဲချောင်း" က ခြားထားတယ်။ ကြည်လင်စိမ်းမြနေတဲ့ ဗာဟဲချောင်းက သိပ်အေးတဲ့ အချိန်ဆို အငွေ့တွေ ထွက်နေတတ်ပါတယ်။
အိန္ဒိယလူမျိုးတွေရဲ့ ဘုရားရှိခိုးကျောင်း၊ နေအိမ်၊ စာသင်ကျောင်း၊ အားကစားကွင်းကို ကျော်ပြီးမှ "နန်းဖာလုံ" ဈေးကို ရောက်ပါတယ်။ နယ်စပ်မျဉ်းကို သွပ်စည်းရိုးလေးသာ ခြားထားတာပါ။ သွပ်စည်းရိုးမှာ လူတကိုယ်စာ ၀င်ပေါက်တွေလည်း ဟိုမှာ ဒီမှာ တွေ့ရတယ်။
အိန္ဒိယလူမျိုးတွေက သဘာဝက ပေးတဲ့အရာကို နေချင်စဖွယ်လှပအောင် ပြုလုပ်တတ်ပါတယ်။ အိမ်တွေက တိုက်တာ အဆောက်အဦတွေချည်းပဲ မဟုတ်ပါဘူး။ မြေစိုက်အိမ်လေးတွေ အများစုပါ။ သူတို့ အိမ်ရှေ့မြေကြီးကို တံမြက်စည်းနဲ့ ပြောင်အောင်လှဲပြီး ထုံးတွေနဲ့ ပန်းကွက်တွေ ဖော်ထားတယ်။ ပန်းတွေလည်း ပုံထားပါတယ်။
မနက်ခင်းဆို သူတို့ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံတွေက လေထဲမှာ လျှောက်ပြေးနေတယ်။ လူမျိုးဘာသာကွဲပေမယ့် ဆုတောင်းခြင်းကတော့ ကွဲမယ်မထင်ပါဘူး။
သူတို့ဆီက ဘုရားရှိခိုးကျောင်းရဲ့ ခေါင်းလောင်းသံကြားရင် ကျမတို့ ဈေးသည်တွေက ကားပေါ်ကနေ စိတ်နဲ့မှန်းပြီး ဆုတောင်းတတ်ကြတယ်။
ဈေးသည်တွေက မြန်မာပြည် အနယ်နယ်အရပ်ရပ်က ဧည့်ဈေးသည်တွေလည်း ပါတယ်။ ဒေသခံ ဈေးသည်တွေလည်း ပါပါတယ်။ ဒေသခံဈေးသည်တွေကတော့ ဆိုင်ကယ်စီးပြီး ဈေးရောင်းသွားကြတယ်။ ကျမတို့လို ဧည့်ဈေးသည်တွေကတော့ ရူပီးငွေ ၁၀ ပေးရတဲ့ လိုင်းကားကိုပဲ အစီးများကြပါတယ်။
ဈေးကို မနက်စောစော သွားဖွင့်ထားပေမယ့် ဈေးဝယ် မရှိသေးဘူး။ "အင်ဖာ" က လာတဲ့ ဈေးဝယ်တွေက နေ့လည် ၁၁ နာရီလောက်မှ ရောက်လာတယ်။ မနက်ပိုင်းမှာ ဈေးသည်အများစုက အိန္ဒိယနိုင်ငံရေးကို စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ လေ့လာရပါတယ်။
အိန္ဒိယပြည်နယ်ထဲမှာ သပိတ်မှောက်လို့၊ ရွေးကောက်ပွဲနီးလို့၊ ပြန်ပေးဆွဲလို့၊ ဓားပြတိုက်လို့ဆိုတဲ့ သတင်းတွေကိုလည်း မကြာခဏ ကြားရတယ်။ ဒီလိုဆို ကားလမ်းပိတ်တယ်။ ဒါကြောင့် ဈေးဝယ်မယ့်သူ မလာတော့ပါဘူး။ ဘဏ်ကို ဓားပြတိုက်လို့ "ရူပီး နံပါတ် ဘယ်လောက်က တရားမ၀င်ဘူး" ဆိုတဲ့ သတင်း ကိုလည်း စောင့်ကြည့်နားထောင်ပြီး သိထားရပါတယ်။
ဒီတော့ ကျမတို့ မြန်မာဈေးသည်တွေက "အိန္ဒိယပြည်နယ်တွေ ငြိမ်းချမ်းပါစေ၊ သာယာပါစေ" ဆိုတဲ့ ဆုတောင်းကို ဈေးရောင်းကောင်းပါစေဆိုတဲ့ ဆုတောင်းထက်ပိုပြီး ဆုတောင်းခဲ့ရတယ်။
ဈေးဝယ်တွေ ဆင်းလာတဲ့ နေ့လယ်မှာတော့ ဈေးထဲမှာ "ကလီယိုကဲ" "ဘာဝယ်မလဲ" ဆိုတဲ့ ဈေးသည်တွေရဲ့ ဈေးခေါ်သံ "နီပန်း" "မတ်ပန်း" "လေရှီးအမ" "ကျားအမ" ဆိုတဲ့ ကသည်းစကား၊ ကသည်းကိန်းဂဏန်းတွေ ဈေးတခုလုံး ဆူညံသွားတယ်။ ဈေးသည်အများစုက ဈေးဝယ်ကို ချိုချိုသာသာ ဈေးရောင်းတာ မဟုတ်ပါဘူး။ ခပ်ငေါက်ငေါက်ပြောပြီး ဈေးရောင်းပါတယ်။ သူ့အရပ် သူ့ဇာတ်လို့ ပြောရမလိုပါပဲ။
ဈေးဝယ် ကသည်းအမျိုးသမီးကြီးတွေရဲ့ ငွေရှင်းပုံရှင်းနည်းကလည်း အံ့သြစရာပါ။ ကျမ မြင်ဖူးနေကျ အမျိုးသမီးတွေက ဈေးထဲမှာ ဈေးဝယ်ရင် ကိုယ့်အခြေအနေနဲ့ တင့်တယ်မယ့် ပိုက်ဆံအိတ်ကို ပုခုံးမှာ လွယ်ရင်လွယ်၊ မလွယ်ရင် တံတောင်ဆစ်မှာချိတ်ပြီး ဈေးဝယ်တတ်တယ်။ တချို့သူတွေက ကိုယ့်မှာငွေ များများပါရင် လူမြင်အောင် ဇစ်ဖွင့်ပြီး ကြွားတတ်ကြသေးတယ်။
ကသည်း အမျိုးသမီးကြီးတွေကတော့ ဒီလိုမဟုတ်ဘူး။ ငွေရှင်းပြီဆို ဟိုကြည့်ဒီကြည့်နဲ့။ စိတ်ချရပြီ၊ သူ့ကို ကြည့်နေတဲ့သူ မရှိဘူးထင်မှ ပြန့်လုံချည်လှပ် ပေါင်ရင်းထဲက ငွေနှိုက်ပြီး ဈေးသည်ကို ငွေချေတတ်ပါတယ်။ သူတို့မှာ ငွေဘယ်လောက်ပါတယ်ဆိုတာ သူကလွဲလို့ ဘယ်သူမှ မသိပါဘူး။
ကျမ ရောက်ခါစက ကသည်းအမျိုးသမီးတွေကိုကြည့်ပြီး တအံ့တသြပေါ့။ နောက်တော့လည်း ရိုးသွားတယ်။ သူတို့ ရင်ဆိုင်နေရတဲ့ ဘ၀ အခြေအနေက သူတို့ဘ၀ကို ပြဋ္ဌာန်းပါတယ်။
ကျမဘ၀ကလည်း ကျမကို နန်းဖာလုံဈေးမှာ ဈေးရောင်းသူအဖြစ် ပြဋ္ဌာန်းလိုက်ပါတယ်။
ကလေးမြို့ "မော်လိုက်သေး" အကျဉ်းထောင်မှာ နိုင်ငံရေးမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ခင်ပွန်းသည် "ကိုနေဦး" ကို ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ပြီးပြီ။
နောက်ထပ် အကြိမ်များစွာ တွေ့နိုင်ဖို့ ခင်ပွန်းသည်နဲ့ မိုင် ၈၀ ဝေးတဲ့ တမူးမြို့ နန်းဖာလုံဈေးမှာ ဈေးသည်ဘ၀အဖြစ် ရပ်တည်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသ၊ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာစကား၊ ကိုယ်မလုပ်ဖူးတဲ့ အလုပ်တွေက ကျမတို့ကို စိမ်ခေါ်နေပါတယ်။
"နင်လားဟဲ့ လောကဓံ" လို့ ကြုံးဝါးပြီး လောကဓံကို ရင်ဆိုင်နေရပေမယ့် ရန်ကုန်မှာ ကျမမိခင်နဲ့ အတူထားခဲ့ရတဲ့ ၄ နှစ်အရွယ် လူမမယ်သားကို တလှည့်၊ မော်လိုက်သေး အကျဉ်းထောင်ထဲက ခင်ပွန်းကို တလှည့်၊ သတိရလွမ်းစိတ်၊ စိုးရိမ်ပူပန်စိတ်က ကျမ အသည်းနှလုံးကို ဓားနဲ့ မွှန်းနေသလို အခံရခက်လှပါတယ်။
ဒီလို မိုးဦးဆို အဖျားအနာထူပေါပါဘိ။ နုနယ်တဲ့သားလေး ဖျားနာမှဖြင့် ဆိုတဲ့ စိုးရိမ်စိတ်က မိခင် ကျမ နန်းဖာလုံဈေးကနေ ရန်ကုန်ကို စိတ်ကူးနဲ့ ရောက်သွားတတ်တယ်။
ပထမဆုံး ထောင်ဝင်စာတွေ့ခဲ့စဉ်က ပိန်ချုံးနေတဲ့ ခင်ပွန်းသည်တယောက် အခုချိန်ဆို ငှက်ဖျားဒဏ် အတော်ခံနေရပြီ။ ပြင်းထန်တဲ့ ငှက်ဖျားကြောင့် အကျဉ်းစခန်းတွေဆီမှာ အကျဉ်းသား ဘယ်နှစ်ယောက် သေသွားပြီ၊ ဘယ်နှစ်ယောက် ဆေးရုံတက်ရပြီဆိုတဲ့ သတင်းတွေက ဈေးထဲအထိ ရောက်လာတတ်တယ်။ ကျမ ရင်တထိတ်ထိတ်နဲ့ ဈေးရောင်းရင်း ဘုရားစာရွတ် ဆုတောင်းနေရတယ်။ ဆုတောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်တဲ့ ကျမအတွက် ဆုတောင်းခြင်းဟာ ခွန်အားပါပဲ။
ဒီလို သောကအပူတွေနဲ့ ကျမ "နယ်စပ်ဂိတ်တွေ ခဏပိတ်ထားတယ်၊ ဘယ်တော့ဖွင့်မလဲ မသိဘူး" ဆိုတဲ့ သတင်းကြားပေမယ့် နားမနေနိုင်ဘူး။ ဧည့်ဈေးသည်တချို့နဲ့ "မိုးရေးမြို့" ထဲဝင်ပြီး ဈေးရောင်းတယ်။
ဗာဟဲချောင်းကနေ မိုးရေးမြို့ထဲကို ၀င်လို့ရတဲ့ ခိုးလမ်းကနေ ကျမတို့ သွားရတယ်။ ကြည်လင်အေးစိမ့်ပြီး ရေစီးသန်တဲ့ ဗာဟဲချောင်းကို ဖြတ်နေတဲ့သူတွေ ခေါင်းပေါ်မှာ အရွက်အပိုးနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကူးဖြတ်နိုင်ကြတယ်။ ပုဆိုး၊ လုံချည်မပြီး ချောင်းထဲဖြတ်သွားတာ ရေမစိုဘဲ ကုန်းပေါ်ရောက်သွားတယ်။ ကျမတို့လို ဧည့်ဈေးသည်တွေကတော့ ရေစိုတပိုင်းနဲ့ ရောက်ရတာချည်းပါပဲ။
ကုန်းပေါ်ရောက်လာတဲ့ မြန်မာဈေးသည်တွေကို နယ်ခြားစောင့် အိန္ဒိယစစ်သားက သေနတ်ကြီး ကိုင်ပြီး "ဂျောင်း" "ဂျောင်း" လို့သာ အော်တယ် ဘာမှတော့ မလုပ်ဘူး။
မိုးရေးကို ပြည်နယ်ခွဲထွက်ရေးသမားတွေ အမြဲခြိမ်းခြောက်တာ ခံရတာမို့ သူ့ပင်ကိုယ်အတိုင်း မနေရဘူး။ မိုးရေးဟာ တခြားနယ်စပ်မြို့တွေလို ၀ံ့ဝံ့ကြွားကြွားနဲ့ ဟိတ်ဟန်မထုတ်နိုင်ပါဘူး။ မငြိမ်သက်တဲ့ အခြေအနေကြောင့် ရှိပြီးသားကို ဖွက်ထားရတဲ့ မိုးရေးပါ။
"မိုးရေးမြို့" ထဲက ဈေးဆိုင်မှန်သမျှ ကုန်ပစ္စည်းကို ရှေ့မှာ ဟန်ပြလောက်သာထားပြီး နောက်မှာ လိုသလောက် ၀ယ်လို့ရပါတယ်။ အိမ်နောက်ဖေးမှာ ပစ္စည်းတွေက တောင်ပုံယာပုံ။ "အိမ်နောက်ဖေး ဈေးဆိုင်တည်" ဆိုတဲ့ မြန်မာစကားပုံကို သူတို့ လူမျိုးတွေကို အပိုင်ပေးရမလိုပါပဲ။
ဈေးဝယ်ချင်သူတွေရော၊ ဈေးရောင်းချင်တဲ့သူပါ သူတို့အိမ်နောက်ဘက်အထိ သွားရတယ်။ အိန္ဒိယ အိမ်သုံးပစ္စည်းတွေက လိုချင်စရာချည်းပါပဲ။ ကော်ဇော၊ အိပ်ယာခင်း၊ စောင်၊ ဒန်အိုး၊ ဒန်ဖုံးတွေက မြင်တာနဲ့ မ၀ယ်ချင်ဘဲ မနေနိုင်ဘူး။ ရောက်ခါစသူတွေ အိန္ဒိယပစ္စည်းကို ဈေးတန်လှချည်ရဲ့ဆိုပြီး ဟိုဟာလိုချင် ဒီဟာလိုချင်ဖြစ်ရတာ ခဏ ခဏ။ ဈေးသည်က သူ့ပစ္စည်းတန်ဖိုးကို မြန်မာငွေနဲ့ ရူပီးပေါက်ဈေးကို မြှောက်ပြလိုက်တော့ ပြန်ချထားခဲ့ရတာ များတယ်။
ရူပီးငွေရဲ့ တန်ဖိုးကို အိန္ဒိယ ကလေးငယ်တွေကအစ သိတယ်။ သူတို့မုန့်ဘိုး ရူပီးငွေကိုင်ပြီး နန်းဖာလုံဈေးကို မုန့်လာဝယ်ကြတယ်။
ကျမတို့က မိုးရေးတောင်ကုန်းပေါ်က ဈေးထဲမှာရောင်း။ ဈေးသည်တွေရဲ့ အိမ်နောက်ဖေးအထိ ရောင်းပြီး ညနေဆို တမူးကို ပြန်ကြတယ်။ ဂိတ်တွေ ပြန်ဖွင့်ရင်တော့ နန်းဖာလုံဈေးထဲမှာ တည်တည်ငြိမ်ငြိမ် ရောင်းနိုင်တာပေါ့။
တနေကုန် လှုပ်ရှားသက်ဝင်နေတဲ့ မိုးရေး၊ နန်းဖာလုံဈေးတွေ ညနေဆို တဖျောက်ဖျောက်နဲ့ ဆိုင်သိမ်းကုန်ပြီ။ ညနေဆည်းဆာချိန်ဆို မိုးရေးတောင်တွေမှာ တိမ်ခိုးတွေတက်လာပြီး အေးစိမ့်လာပါတယ်။ တောတောင်တွေကြားက မိုးရေးရဲ့ ဓာတ်တိုင်မီး အလင်းရောင်ကို နန်းဖာလုံရွာရဲ့ ဘက်ထရီမီးရောင်က ဘယ်တိုးဝံ့မလဲ။ မှိတ်တုပ် မှိတ်တုပ်နဲ့ ငြိမ်ကုတ်နေရှာတယ်။
ကျမတို့ ဈေးသည်တွေကလည်း ဈေးရောင်းလို့ရတဲ့ ရူပီးငွေကို မြန်မာငွေနဲ့လဲပြီး အိမ်ပြန်ခဲ့ကြတယ်။ ဈေးသည်အားလုံးမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ ရှိပါတယ်။
ဧည့်ဈေးသည် ကျမကတော့ ငွေကြေးနဲ့ ခွန်အားတွေတင် ရင်းနှီးမြှုပ်နှံရတာ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ သောကအပူတွေကိုပါ ရင်းနှီးမြှုပ်နှံခဲ့ရတာပါ။
ဈေးသည်ကျမရဲ့ တနေ့တာ အမြတ်အရှုံးကို ငွေကြေးနဲ့ တွက်ချက်မလား။ စိတ်ခံစားရမှုတွေနဲ့ တွက်ချက်မလား။ အဲဒီအတွက် တွက်နည်းအသစ်တွေ ထပ်ပြီး ထုတ်ရပါလိမ့်မယ်။
အချိန်မတန်ဘဲ အိပ်တန်းခွဲနေရတဲ့ သားငယ်ကတော့ ဒီအချိန်ဆို အဖေနဲ့အမေကို တလှည့်စီ လွမ်းနေရော့မယ်။
ဆောင်းနှင်းမှုန်တွေထဲမှာ ပွင့်တတ်တဲ့ ပန်းအားလုံး တမူးမြို့လေးမှာ ပွင့်တတ်တယ်။ ဆောင်တော်ကူး ပန်းဖွေးဖွေးတွေ၊ နွယ်ပင်လို ရိုးတံကနေပွင့်တဲ့ ခွာညိုပန်းတွေရဲ့ ပန်းရနံ့တွေ အခုပဲ ရနေသလို ကျမ ခံစားရတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ... ဈေးသည်ဘ၀ နာကျင်ခံစားရမှုတွေကို ပြန်လည်ခံစားရတာနဲ့ တပြိုင်နက်တည်းမှာပဲ ခွာညိုပန်းရနံ့၊ ဆောင်တော်ကူး ပန်းရနံ့တွေကိုလည်း ကျမ ရနေခဲ့ပါတယ်။
No comments:
Post a Comment