
ကျနော့်အိမ်က နေ့စဉ် သတင်းစာတစောင် ယူသည်။ မြန်မာ့အလင်း။ ကြေးမုံနှင့် New Light of Myanmar တို့ကို သိပ်မထူးခြားဟု ထင်သောကြောင့် မယူဖြစ်။ သိပ်မထူးခြားဆိုသည်မှာ New Light of Myanmar အင်္ဂလိပ်သတင်းစာက ဖတ်ရတာ အချိန်ကုန်သည်။ ကြေးမုံက ကြော်ငြာ များသည်။ ထို့ကြောင့်ပါ။ သတင်းစာဖိုးက တလ ၂၀၀၀ ကျပ်။ ယခုခေတ် ဈေးဖြစ်သည်။ ယခင်က ၂၀၀ ကျပ်၊ ၄၀၀ ကျပ်မှစ၍ တက်သွားသည်။ သတင်းစာပို့သူက အသက် ၅၀ ကျော်ခန့် အဖိုးကြီး။ စက်ဘီးစီး၍ လိုက်ပို့သည်။ စက်ဘီးရှေ့ ခြင်းထဲတွင်လည်း အပြည့်၊ နောက် ကယ်ရီယာခုံပေါ်တွင်လည်း အပြည့်။ နေပူမရှောင်၊ မိုးရွာမရှောင် မှန်မှန်ရောက်လေသည်။
ယနေ့ တနင်္ဂနွေနေ့ ကျနော် အိမ်ရှေ့တွင် ကုလားထိုင်ထုတ်ပြီး၊ ရေနွေးကြမ်းသောက်ရင်း သတင်းစာကို စောင့်နေသည်။ မကြာပါ သူ ရောက်လာသည်။
ဒီနေ့ စိတ်ကူးရ၍ သူလည်း အနည်းငယ် စောသေးသည်နှင့် စကားစမြည် ပြောဖြစ်ကြသည်။ သတင်းစာအကြောင်း၊ ကျဆင်းလာသော စီးပွားရေးအကြောင်း။ သူက "လူတွေ သတင်းစာ ပိုဖတ်လာတယ်ဗျ" တဲ့။ ကျနော်က "ဘာဖြစ်လို့လဲ" ဟု မေးတော့ "လူကြီးပိုင်းကတော့ နာရေးပေါ့ဗျာ သူတို့အသိ၊ မိတ်ဆွေတွေဆီ မသွားနိုင်တော့ သတင်းစာမှာ နာရေးစောင့်ဖတ်တယ်ဆိုပဲ" ဟု ပြန်ဖြေသည်။ ဟာသနှော၍ ပြောသည်။ ဟုတ်လည်း ဟုတ်ပါသည်။ ရန်ကုန်မှာက တယောက်ဆီ တယောက် အလည်ရောက်ဖို့ လူကြီးပိုင်းအတွက်က အလွန်ခက်သည်။ နောက် သူက "စီးပွားရေးသမားတွေကတော့ ကြော်ငြာတွေကြောင့်ပေါ့ဗျာ" တဲ့။ ကျနော်က "အခု စောင်ရေ ဘယ်လောက်တက်လဲ"။ သူက "၄၀၀ ကျော်ဗျ" ။
ကျနော်လည်း စိတ်ကူးရ၍ မေးမိသည်။ "သတင်းစာပို့ရတာ အဆင်ပြေလား။ ၀င်ငွေကြတော့ရော"။
သူကလည်း လိုလိုလားလားဖြေသည်။ "သတင်းစာက တရက် တစောင်ကို အစိုးရသွင်းဈေး ၅၀ ပါ။ ကျနော်က လစဉ်ကြေး ၂၀၀၀ တောင်းတော့ တစောင်ကို တလ ၅၀၀ ကျန်တယ်။ အခု ဖေဖေါ်ဝါရီလဆိုရင် ၂၈ ရက်ထဲရှိတော့ ၁၄၀၀ ပဲ သွင်းရတယ်။ ဒီတော့ ၆၀၀ ကျန်တာပေါ့"။ ကျနော်တွက်ကြည့်တော့ အားပါး အဖိုးကြီးဝင်ငွေက တလ နှစ်သိန်းကျော်နေပြီ။ သူက ဆက်ပြီး "ဂျာနယ်နဲ့ စာစောင်တွေကလည်း ရောင်းအားရှိတော့ ၃ သိန်း ပျော့ပျော့ပေါ့ဗျာ"။ အလိုလေး ကိုယ့်ကိုယ်ကို တလ ရှစ်သောင်း၊ ကိုးသောင်း လောက်ဝင်တာ။ ဤခေတ်တွင် မဆိုးလှဟု ထင်နေရာ ကျနော်ပင် သတင်းစာပို့ချင်စိတ် ပေါက်လာသည်။
"သတင်းစာကို ၆ ကျပ်ခေတ်ကတည်းက ပို့လာတာ တစောင်ကို ၆ ကျပ်၊ တလကို ၂၀၀ ကျပ်။ အဲဒီကတည်းကဗျ။ အခု ကျပ် ၂၀၀၀ ဖြစ်နေပြီ"။ အင်း - လုပ်သက်ကလည်း မနည်းတော့ ဖောက်သည်ကလည်း မြဲပြီပေါ့။ "နေ့စဉ်ပို့ရတော့ ကျနော်လည်း ကျမ်းမာရေးလည်း ကောင်း၊ ငွေလည်း ၀င်ပေါ့ဗျာ"။ အင်း - သူ့လို ငါ လုပ်နိုင်ဖို့ ဘယ်လွယ်မလဲဟု စဉ်းစားမိသည်။
ဤတိုင်းပြည်မှာက သတင်းစာဖြန့်ချိရေးစနစ်သည် ကိုယ် ကုန်သလောက်ယူ။ လစဉ်ကြေး ၂၀၀၀ ကျပ်၊ တစောင်ချင်း ၀ယ်ဖတ်ပါက ၁၀၀ ကျပ်။ မည်သူမဆို ၀င်ရောက်လုပ်နိုင်သည်။ သတင်းစာဆိုတော့ သတင်းဆိုးလေ ဒါမှမဟုတ် သတင်းကောင်းလေ ရောင်းရတာကို။ အခုတလော ပြည်တွင်းကလည်း တလှုပ်လှုပ်ဆိုတော့ ဖတ်အား များလာကြသည်။
သူက ဆက်ပြီး "လကုန်ရင် သတင်းစာအဟောင်းတွေကို စက္ကူဈေးနဲ့ ပြန်ဝယ်ပြီး ပြန်သွင်းတာကလည်း မဆိုးဘူးဗျ"။ အင်း - Recycle အကျိုးကို လက်တွေ့ ခံစားရသူပင်။
"သွားဦးမယ်ဗျာ။ ပို့စရာ နည်းနည်းကျန်သေးတယ်"။ "ကောင်းပါပြီ"။ သူက စက်ဘီးပေါ်တက်ခါနီး "ဒီမှာက သတင်းစာဆိုရင် နာရေးနဲ့ စီးပွားရေးလောက်ပဲဖတ်ပြီး ကျန်တာ သိပ်မဖတ်ကြဘူးဗျ။ ဆိုတော့ စက္ကူ မြန်မြန်ဖြစ်တာပေါ့ဗျာ"။
သူ့အတွေ့အကြုံအရ ပြောလိုက်သော မှတ်ချက်သည် လက်ရှိ မြန်မာပြည်သူတို့၏ သတင်းစာအပေါ် သဘောထားကို နက်နက်ရှိုင်းရှိုင်း ထင်ဟပ်နေလေသည်။
No comments:
Post a Comment