Thursday, February 5, 2009

အမုန်းတရား ပျောက်ပါစေ၊ အပြုံးစကား ရောက်ပါစေ

မောင်သြ

၂၀၀၉ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက စပြီးတော့ အန်အယ်လ်ဒီအဖွဲ့ချုပ်ကိုရော၊ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း များကိုပါ ထိပါးပုတ်ခတ်တဲ့ အဖျင်းသတင်းတွေပါတဲ့ သတင်းဆောင်းပါးတွေကို ဂျာနယ်တိုင်းမှာ တွေ့မြင်နေရပါတယ်။

ယခင်က ဒီလိုမျိုးဆောင်းပါးတွေ အစိုးရပိုင်သတင်းစာတွေမှာသာ ဖော်ပြလေ့ရှိတတ်ပြီး နောက်မှာ ဂျာနယ်တွေမှာ အတင်းအဓမ္မ ဖော်ပြခိုင်းခဲ့ကြပါတယ်။ အခုတော့ သတင်းစာမှာ မဖော်ပြတော့ဘဲ ပုဂ္ဂလိကပိုင် ဂျာနယ်များမှာပဲ ဖော်ပြနေတာကို တွေ့ရတယ်။ ပုဂ္ဂလိကပိုင် ဂျာနယ်ဆိုတာလည်း သူတို့နဲ့ မကင်းရာမကင်းကြောင်း (ဆွေမျိုးရင်းချာ အသိုင်းအ၀န်း) နဲ့ နအဖကို အစဉ်ထာဝရ ဖားနေတဲ့ လက်ကိုင်တုတ် အနုပညာသမားတစုလောက်သာဖြစ်ပါတယ်။ ကုလားကြီးသတင်းစာမှာ မပါလည်း အရာကြီးဂျာနယ်မှာပါတာ မဆန်းပါဘူး။

အဲဒီလိုအစိုးရပိုင် သတင်းစာက မထည့်တော့ဘဲ ပုဂ္ဂလိကပိုင် ဂျာနယ်များက ထည့်သွင်းဖော်ပြခြင်းဟာလည်း အစိုးရအာဘော် သဘောထား မဟုတ်ကြောင်း အာပတ်လွတ်ရုံရှောင်လိုက်တာပါပဲ။ ပုဂ္ဂလိကပိုင်ဂျာနယ်မှာ ဖော်ပြပေမယ့် အစိုးရယန္တရား အောက်မှာ ရှိနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးက ရှိနေသေးတော့ ဖဲဝိုင်းစကားနဲ့ပြောရရင်တော့ ဘယ်လိုပဲ ကုလားဖန်ထိုးထိုး ဖဲလိမ်ရိုက်တာဟာ ဖဲလိမ်ရိုက်တာပါပဲ။

၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း ပထမအကြိမ်ပါတဲ့ သတင်းအဖျင်းကတော့ စာရေးသူအမည် (ကလောင်နာမည်) ပါမလာခဲ့ဘူး။ အခု ဒုတိယအကြိမ်ပါတဲ့ သတင်းအဖျင်းဆောင်းပါးကတော့ စာရေးသူအမည် ပါလာတာ တွေ့ရတယ်။ “ချမ်းမြသော်” ဆိုလားပဲ။ ဆောင်းပါးအမည်က “ချောက်ကမ်းပါးက အန်အယ်လ်ဒီကို ချောက်ထဲတွန်းချနေသူများ” တဲ့။ သတင်းလား၊ အဖျင်းလား၊ ဆွဲချလား၊ ချွန်တွန်းလား လေ့လာကြည့်ရအောင်။ ဆောင်းပါးရှင် ချမ်းမြသော်ရဲ့ စာအရေးအသား အသုံးအနှုန်း၊ အချက်အလက်တွေကိုကြည့်ရင် ဆောင်းပါးရှင်ဟာ သာမန်စာရေးဆရာ၊ သတင်းစာဆရာတော့ မဖြစ်နိုင်လောက်ဘူး။ နိုင်ငံရေးလောက၊ သတင်းစာလောကမှာ ထဲထဲဝင်ဝင် ကျွမ်းဝင်ပြီးသား ၀ါရင့်နိုင်ငံရေးသမား၊ သတင်းစာဆရာ တယောက်ဖြစ်နိုင်တယ်ဆိုတာ ပြောလိုပါတယ်။

ဆောင်းပါးရှင်က “ချောက်ကမ်းပါးက အန်အယ်လ်ဒီ” တဲ့။ အန်အယ်လ်ဒီက ချောက်ကမ်းပါးမှာ ရောက်နေသလိုလို အဓိပ္ပာယ်ရတယ်။ အန်အယ်လ်ဒီ ချောက်ကမ်းပါးမှာ မရှိပါဘူး။ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ ပြည်သူက တရားသဖြင့် လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ဆန္ဒစစ်စစ် အနိုင်ရ တရားဝင်နိုင်ငံရေးပါတီအဖွဲ့ကြီးပါ။ နိုင်ငံတကာအဖွဲ့အစည်းခေါင်းဆောင်တွေ တဖွဲ့ပြီးတဖွဲ့၊ တယောက်ပြီးတယောက် တရားဝင်လာဆွေးနွေးတာတွေ၊ တိုးတိုးတိတ်တိတ်လာဆွေးနွေးတာတွေ၊ ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့၊ အိုင်အယ်လ်အိုအဖွဲ့၊ ဥရောပနိုင်ငံများအဖွဲ့၊ အာဆီယံလွှတ်တော်များအဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကပါ တရားဝင်ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေ၊ တောင်းဆိုမှုတွေ၊ ဖိအားပေးမှုတွေနဲ့ အကျပ်ရိုက် မျက်ဖြူဆိုက် ချောက်ကမ်းပါးရောက်နေတဲ့အဖွဲ့ကြီးကိုတော့ ဆောင်းပါးရှင်က မမြင်ယောင် ဆောင်နေတာလား မေးပါရစေ။

ဆောင်းပါးတပုဒ်လုံးကို ခြုံလေ့လာကြည့်လိုက်တော့ အန်အယ်လ်ဒီက စီအီးစီ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ကို “ဒီလို လွှတ်ထားလို့တော့ မရဘူး။ ထောင်ထဲ ပြန်ဖမ်းထည့်ထားဖို့ ကောင်းပြီ” ဆိုတဲ့ လေသံနဲ့ နအဖအစိုးရကို အချက်ပြ မြှောက်ထိုးပင့်ကော် လုပ်ပြီး ချွန်တွန်းလုပ်လိုက်တာပဲ။

ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ဟာ အတိုက်အခံပါတီ အန်အယ်လ်ဒီအဖွဲ့ချုပ်က စီအီးစီတွေပါ။ အတိုက်အခံပါတီဆိုတာ ဘာလဲ။ ဆောင်းပါးရှင် သိဖို့ လိုပါတယ်။ အတိုက်အခံဆိုကတည်းက သူ့ပါတီ၊ သူ့အဖွဲ့ချုပ်အတွက် ကိုယ့်ယုံကြည်ချက်၊ ကိုယ့်သဘောထားကို ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့် ပြောဆိုရမှာပဲ။ အာဏာပိုင်အဖွဲ့အစည်းရဲ့ မှားယွင်းတဲ့လုပ်ရပ်များကိုလည်း ပွင့်ပွင့်လင်းလင်း ထိုးဖောက် ထောက်ပြ ပြောဆိုရမှာပဲ။

အခုတလော မီဒီယာတွေက လွှင့်ထုတ်နေတဲ့ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ရဲ့ အင်တာဗျူးတွေမှာပါတဲ့ အယူအဆ၊ သဘောထားတွေကို နားထောင်နေကြတဲ့ ပြည်သူထဲက အများစုဟာ “နိုင်ငံရေးဆိုတာ ဒီလိုမှပေါ့” ဆိုပြီး ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကို လက်ခုပ်သြဘာ ပေးနေကြပြီဗျာ။

နောက်ပြီး ဆောင်းပါးရှင် ချမ်းမြသော်က ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ န၀တရဲ့ အမိန့်အမှတ် ၂/၈၈ ကို ထုတ်ဖော်ပြထားတာ တွေ့ရတယ်။

“ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှုတစုံရာ ကျူးလွန်လိုသော ရည်ရွယ်ချက်ကြောင့်ဖြစ်စေ၊ လူ (၅) ယောက်နှင့် လူ (၅) ယောက်ထက် ပို၍ လမ်းများပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်း မည်သူမျှ မပြုလုပ်ရ” တဲ့။

ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေကို ဆောင်းပါးရှင်က ဘယ်ဘ၀က ရေစက်ကြောင့် အငြိုးအတေး အာဃာတ ကြီးနေပါလိမ့်။ ဒါမှမဟုတ် နအဖအကြိုက် နအဖကပေးတဲ့ အထူးအခွင့်အရေးတွေ ဘယ်လောက် ရရှိနေပါသလဲ… မသိဘူးဗျ။ ၂/၈၈ နဲ့ ငြိစွန်းတယ်၊ အရေးယူလို့ ရပါပြီလို့ အာဏာပိုင်အဖွဲ့အစည်းကို မျက်စပစ်လိုက်တာ အံ့သြစရာပဲ။

ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ဟာ လမ်းပေါ်ထွက်စီတန်းလမ်းလျှောက် အော်ဟစ်ကြွေးကြော် လှုံ့ဆော်နေတာမဟုတ်ဘူး။ အဖွဲ့ချုပ်ရုံးတွင်းမှ လူငယ်ပညာပေး ဆွေးနွေးနေကြတာပါ။ အော်…ကိုချမ်းမြသော်ရယ် အမျက်တော်ကဲပြီး အရှက်တော်ကွဲရချည့်ရဲ့။ မောင်သြဖြင့် ခင်ဗျားဆောင်းပါးဖတ်ရတာ ယိုသူမရှက် မြင်သူရှက်မိပါရဲ့ဗျာ။

န၀တကြေညာချက် ၂/၈၈ အရ ပြောရဦးမယ်ဆိုရင် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်များ၊ ကျောင်းသားများ၊ အန်အယ်လ်ဒီအဖွဲ့ဝင်များ၊ ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူများ သိန်းနဲ့ချီပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလမ်းလျှောက်ကြတယ်။ မိဘပြည်သူများက လမ်းတဖက်တချက်စီမှ ဆေးဝါး၊ စားစရာ၊ ရေကြည်ရေချမ်း ကမ်းလှမ်းကြတယ်။ အားပေးကြိုဆိုတယ်။ မင်းကွန်းတိပိဋကတ်ဆရာတော်ကြီးရဲ့ မေတ္တာပို့ တရားများနဲ့ မေတ္တာပို့ကြတယ်။ မြတ်စွာဘုရားရဲ့ တရားပရိတ်တော်များ ရွတ်ဆိုကြတယ်။ အဲဒါဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို ငြိမ်းချမ်းသာယာ အေးမြစေဖို့ပါ။ နအဖအစိုးရကို ဆန့်ကျင်ပုတ်ခတ် ဆဲရေး တိုင်းထွာတဲ့ စကားတလုံးမှ မပါခဲ့ဘူး။

အုပ်ချုပ်နေတဲ့ နအဖစစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေကို အလိုမရှိ… ဆိုတဲ့ ဆန့်ကျင်ကြွေးကြော်တာမျိုး လုံးဝမလုပ်ခဲ့ကြပါ။ အဲဒီလို ငြိမ်းချမ်းစွာ မေတ္တာပို့၊ ပရိတ်ရွတ်နေတာကို ဖွံ့ကြံ့/စွမ်းအားရှင် အလိုတော်ရိတွေနဲ့ လက်နက်ကိုင်တွေက မင်းမဲ့စရိုက် ဥပဒေမဲ့ ၀င်ရောက်ရိုက်နှက် ဖမ်းဆီးလို့ ဆူပူမှုတွေဖြစ်တယ်။ အဓိကရုဏ်းတွေဖြစ်တယ်၊ အဖမ်းခံ ထောင်ကျခဲ့ရတယ်။ ဘယ်သူဖန်တီးတာလဲ၊ ဘယ်သူခိုင်းတာလဲ၊ ၂/၈၈ ဘယ်သူက ကျူးလွန်ဖောက်ဖျက်တာလဲ… စဉ်းစားပါ ကိုချမ်းမြသော်ရေ…။

နောက်ပြီး ဦးဝင်းတင်နဲ့ အန်အယ်လ်ဒီဥက္ကဋ္ဌကြီး ဦးအောင်ရွှေတို့ကြားမှာ ပုဏ္ဏားမိုက် ဂုံးတိုက်ခြေထိုးပုံကို ကြည့်ရအောင်။ “အန်ကယ်ရွှေ (ဦးအောင်ရွှေ) နဲ့ ဦးဝင်းတင်တို့ ငြိနေကြတယ်။ အန်ကယ်ရွှေက ဦးဝင်းတင် အထိန်းသိမ်းခံနေရတဲ့ သူတွေရဲ့ မိသားစုတွေဆီ ခေါင်းဆောင်လုပ်ပြီး သွားနေတာကို မကြိုက်ဘူး၊ ခင်ဗျားလုပ်တာ အန်အယ်လ်ဒီအတွက် အန္တရာယ်ရှိတယ်။ မင်းကိုနိုင်တို့ နောက်လိုက်မလုပ်ပါနဲ့” လို့ ဝေဖန်တယ်။ အဲဒီစာကိုလည်း ဖတ်ရတော့ မောင်သြလည်း မနေနိုင်လို့ ဥက္ကဋ္ဌကြီး ဦးအောင်ရွှေကို လူကိုယ်တိုင် မေးကြည့်ခဲ့ပါတယ်။ “ပေါက်ကရတွေပါဗျာ။ လန်ကြုတ်တွေပါတဲ့။ ဒါ လူမှုရေးကိစ္စ အလေးထားပြီး အားပေးစကားပြောတာပဲ။ ကျုပ်တို့လူကြီးတွေ အသက်ကြီးလို့ မလုပ်နိုင်တာကို သူလုပ်ပြတာကောင်းပါတယ်”။

ကဲ… မောင်ချမ်းမြသော်ရေ… ဘယ့်နှယ့်ရှိစ။ ခင်ဗျားရဲ့ အငှားလူတယောက်နဲ့ လုပ်ကြံအကွက်ဆင် ရေးလိုက်တဲ့ အချက်တချက်နဲ့ပဲ ခင်ဗျားဆောင်းပါးကြီးဟာ ဆွမ်းဆန်စိမ်းထဲ ကြက်ချေးတလုံးရောမိတာနဲ့တင် လိမ်ဆင်ကြီး ဖြစ်နေပြီဆိုတာ ကျုပ်တော့ ရှက်မိသဗျာ။

နောက်လုပ်ကြံမှု လိမ်ဆင်တခုကို ကြည့်ရအောင်။ အဲဒီသတင်းဖော်ပြတဲ့ True News သစ္စာဂျာနယ် မျက်နှာဖုံးဓာတ်ပုံအောက်မှာ အန်အယ်လ်ဒီ လူငယ်ပါတီဝင် (၉) ဦးတို့ မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ကာ လမ်းလျှောက်အော်ဟစ်ဆန္ဒပြတယ်လို့ ရေးထားတာ တွေ့ရတယ်။ အတွင်းစာသားများကတော့ ပြည်လမ်းလွှတ်တော်အဆောက်အဦရုံးရှေ့မှာ ရပ်ပြီး “ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေး” ဟု သုံးကြိမ်အော်ဟစ်တယ်လို့ ရေထားတယ်။ လမ်းလျှောက်ဆူပူအော်ဟစ်တာမပါဘူး။ မောင်သြလည်း ပြန်လွှတ်ပေးလိုက်တဲ့ လူငယ်တွေနဲ့ တွေ့လို့ မေးကြည့်တော့ ကျနော်တို့ လမ်းလျှောက်ဆူပူ အော်ဟစ်တာ လုံးဝမလုပ်ခဲ့ပါဘူး။ ငြိမ်းချမ်းစွာ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဆိုတဲ့ နဖူးစည်းစာတန်းကို ကိုင်ပြီး လမ်းလျှောက်တာပါ။ လွှတ်တော်ရုံးရှေ့ရောက်မှ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးဆိုပြီး သုံးကြိမ်ပဲ တောင်းဆိုခဲ့တာပါ…တဲ့။

လူငယ်တွေဟာ သူတို့ ချစ်ခင်ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကို လွှတ်ပေးဖို့ တောင်းဆိုတာ အပြစ်မဟုတ်ပါဘူးနော်။ ကဲ… ကိုချမ်းမြသော်ရေ… တဆိတ်ကိုတအိတ် ပုံကြီးချဲ့၊ နအဖအကြိုက် ဖားရေးတာတော့ ကိုယ့်လိပ်ပြာကိုယ်ရှက်ဖို့တော့ ကောင်းပါရဲ့ဗျာ။

ဘာပဲပြောပြော၊ ဘာပဲရေးရေး၊ အစိုးရပိုင် သတင်းစာထဲမှာပဲ ရေးရေး၊ ပုဂ္ဂလိကပိုင် ဂျာယ်နယ်တွေမှာပဲရေးရေး “မင်းမဟုတ်ရင် မင်းအဖေပဲ” ဆိုတဲ့ မြေခွေးရဲ့ ကောက်ကျစ်တဲ့ စိတ်ယုတ်မာနဲ့ နှိုင်းပြောရရင် လွန်အံ့မထင်ပါခင်ဗျား။



No comments: