Sunday, February 1, 2009

မေနှင်းဆီ မြန်မာအက တပုဒ် ၅၀၀

အောင်သက်ဝိုင်း

ဒီနေရာဟာ အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင် ရိုက်ကွင်းထဲက ဇာတ်ဝင် တေးသီချင်း သီဆိုတဲ့ နေရာ မဟုတ်သလို ကမ္ဘာကျော် အဆိုတော် မက်ဒေါနားရဲ့ စင်တင် တေးဂီတ ဖျော်ဖြေပွဲ တင်ဆက်နေတဲ့ နေရာလည်း မဟုတ်ပါဘူး။

ဒီနေရာက ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်း လမ်းမကြီးပေါ်မှာ ဖြစ်ပြီး အမျိုးသမီးတဦး မြူးကြွတဲ့ တေးသီချင်း တွေနဲ့အတူ စည်းချက်ညီညီ အမှန်တကယ် ကနေပါတယ်။

သူမရဲ့ဘေးမှာ လူပေါင်းများစွာက ရပ်ကြည့်ငေးနေကြတယ်။ တချို့လူတွေကပြုံးနေပြီး တချို့လူတွေက အူလှိုက် အသည်းလှိုက် ရယ်မောနေကြတယ်။ တချို့ကတော့ အထူးအဆန်းပမာ စူးစမ်းဆင်ခြင်ပြီး သူမကို စိုက်ကြည့်နေ ကြလေရဲ့။ ဒါပေမယ့် သူမကတော့ ဘယ်သူကိုမှ ဂရုမစိုက်ဘဲ တေးသွားအတိုင်း ဟန်ချက်ညီညီ ကမြဲကနေတယ်။

မိတ်ကပ်တွေ ထူပိန်းနေအောင် လိမ်းထားတဲ့ သူမရဲ့ မျက်နှာပေါ်မှာ ချွေးတွေက မိုးရေတွေလို ဒလဟော စီးကျနေပေမယ့် ခြေလက်တွေက မရပ်မနား လှုပ်ရှားနေတယ်။ သူမက အဖြူရောင် ခပ်ညစ်ညစ် အင်္ကျီနဲ့ ဘောင်းဘီကို ၀တ်ဆင်ထားပြီး ခေါင်းမှာ အနက်ရောင် မျက်မှန်တလက်က ဆံနွယ်တွေနဲ့အတူ ရောထွေးနေတယ်။

“မေနှင်းဆီ မြန်မာအက တပုဒ် 500 ks” ဆိုတဲ့ ဆိုင်းဘုတ် အဖြူလေးနဲ့ အနက်ရောင် ကက်ဆက်လေး တလုံး သူမရဲ့ဘေးမှာ ရှိနေပြီး ကက်ဆက်ထဲက ထွက်ပေါ်နေတဲ့ တေးသီချင်းတွေက အိန္ဒိယ တေးသီချင်းတွေပါ။ သူမဟာ တေးသီချင်းတပုဒ် ငွေကျပ်ငါးရာနဲ့ လူတွေကို ကပြဖျော်ဖြေ အသုံးတော် ခံနေတဲ့ ကချေသည် တဦးဆိုရင် မမှားနိုင်ပါဘူး။

အရှက်အကြောက် ကြီးလှတဲ့ မြန်မာလူမှု အသိုင်းအ၀န်းမှာ အမျိုးသမီး မဆိုထားနဲ့ အမျိုးသားတွေပင်လျှင် လူပေါင်း မြောက်မြားစွာ သွားလာလှုပ်ရှားနေတဲ့ လမ်းမကြီးပေါ်မှာ ကပြ အသုံးတော်ခံတဲ့ အလုပ်မျိုး မလုပ်နိုင်ကြပါဘူး။ ဒါပေမယ့် သူမကတော့ အမျိုးသမီးတန်မယ့် မရှက်မကြောက် ကပြ အသုံးတော် ခံနေတယ်။

ဘယ်လို အခြေအနေမျိုး တွေက သူမကို ဒီလိုကပြ အသုံးတော်ခံဖို့ တွန်းပို့နေတာပါလဲ။ ဘယ်လို ဘ၀ပေး ကံကြမ္မာ တွေက သူမကို ဒီပုံစံဖြစ်လာအောင် လုပ်ဆောင်ခဲ့တာပါလဲ။ သူမ ဘာကြောင့် ဒီလိုအလုပ်မျိုးကို ရွေးချယ်ပြီး အသက်မွေး ၀မ်းကျောင်းရတာပါလဲ။

အသက် ၄၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သူမက မိဘစွန့်ပစ် ခံထားရပြီး ကြီးပြင်းခဲ့ရတဲ့သူ တဦးပါ။ လူလားမြောက် ခဲ့ရပေမယ့် ဆင်းရဲလွန်းလှတဲ့ မွေးစားမိဘ တွေကြောင့် ကျောင်းမနေခဲ့ရတဲ့ အတွက် စာလုံးဝ မတတ်မြောက် ခဲ့ပါဘူး။
မွေးစားမိဘတွေကို လုပ်ကျွေးချင်လွန်းတဲ့ သူမက ၁၀ နှစ်သမီး အရွယ်ကတည်းက လမ်းတွေပေါ်မှာ ကခုန်ရင်း ငွေရှာခဲ့တယ်။

အလုပ်အကိုင် ရှားပါးလွန်းလို့ စာမတတ်တဲ့သူမက ကြပ်တည်းနေတဲ့ စားဝတ်နေရေးကို ဖြေရှင်းဖို့ ကချေသည် အလုပ်ဟာ အသင့်တော်ဆုံးလို့ ထင်ခဲ့တဲ့အတွက် ဒီအလုပ်ကို ဘ၀အတွက် အသက်မွေး ၀မ်းကျောင်း လုပ်ငန်း အဖြစ် ရွေးချယ်ခဲ့ပါတယ်။

လမ်းပေါ်မှာ ကခုန်ရင်း အသက်မွေး ၀မ်းကျောင်းလာခဲ့တာ အခုဆိုရင် သူမ အသက် ၄၆ နှစ် တင်းတင်းပြည့်လို့ သားသမီးနှစ်ဦး ထွန်းကားခဲ့ပါပြီ။ ဒါပေမယ့် ဒီအလုပ်ကို စွန့်လွှတ်လို့ မရနိုင်သေးပါဘူး။ ခေတ် အဆက်ဆက် ကြပ်တည်းမှု တွေက သူမကို လမ်းတွေပေါ်မှာ ဖြေဖျော်ရတဲ့ ကချေသည်အဖြစ် ဆက်လက် တည်ရှိနေစေခဲ့တယ်။

ခင်ပွန်း ဖြစ်သူကလည်း နာမကျန်း ဖြစ်နေလေပြန်တော့ သူမကပဲ အိမ်ထောင်ဦးစီး တာဝန်နဲ့ အိမ်စရိတ်ရော၊ ခင်ပွန်းသည်ရဲ့ ဆေးဝါးစရိတ်ကိုပါ ရှာဖွေနေရပါတယ်။

အရွယ် ရောက်နေပြီဖြစ်တဲ့ သားသမီးတွေက အတောင်အလက် စုံလင်ကာ သူမရင်ခွင်ကနေ ထွက်ခွာသွားပြီ ဖြစ်လို့ သူတို့ရဲ့ စားဝတ်နေရေးကို တာဝန်ယူစရာ မလိုတော့ပါဘူး။ သူမဟာ နှစ်ပေါင်းများစွာ လမ်းတွေပေါ်မှာ ကခုန်လာခဲ့ရတဲ့ ဒဏ်တွေကြောင့် ကျန်းမာရေး သိပ်မကောင်းတော့ပါဘူး။ ဒါပေမယ့် သူမမှာ ရွေးချယ်စရာ လမ်းမရှိဘဲ နေ့စဉ် ငွေရှာထွက်နေရဆဲပါ။

ကချေသည် အဖြစ် အသက်မွေး ၀မ်းကျောင်းရတဲ့ အလုပ်ဟာ လွယ်ကူလှတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ စားဝတ် နေရေးအတွက် လှုပ်ရှား ရုန်းကန်ရင်း မောပန်းနေကြတဲ့ လူတွေက သူမကို သီချင်းတပုဒ် ငါးရာ ပေးလို့ မြူးမြူး ကြွကြွ ကုလားသီချင်း၊ မြန်မာ သီချင်းတွေနဲ့ ကခုန်စေတယ်။ သူမ ကခုန်ပုံကို လူတွေက သဘောကျ နှစ်ခြိုက် ရယ်မောကြပြီး ဆုတွေဘာတွေ ချတဲ့အခါ သီချင်းတပုဒ် အတွက် ငွေငါးရာအပြင် အပိုငွေလေးလည်း သူမ ရရှိပါတယ်။

နေ့စဉ်မနက် ၁၀ နာရီဆိုရင် ရန်ကုန်မြို့ ဆင်ခြေဖုံး သူမနေထိုင်ရာကနေ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ မြို့လယ်ခေါင်ကို ခြေကျင်လျှောက်ပြီး လမ်းတလျှောက် သူမရဲ့အကကို ကြည့်ရှုရယ်မောမယ့်သူ ရှာရပါတယ်။ ဘတ်စ်ကားစီးပြီး မြို့ထဲလာရင် ငွေကြေးကုန်ကျမှာ ဖြစ်တဲ့အပြင် သူမရဲ့ အကတွေကို ရယ်မောရှုစားချင်တဲ့ ပရိသတ်တွေနဲ့ တွေ့ဖို့ မဖြစ်နိုင်တာကြောင့် နေ့စဉ်လမ်းလျှောက် ခရီးနှင်ရတာပါလို့ သူမက ဆိုပါတယ်။

သူမ နေ့စဉ်အလုပ်သွားတိုင်း ပါလာတာကတော့ “မေနှင်းဆီ မြန်မာအက တပုဒ် 500 ks” ဆိုတဲ့ အဖြူရောင် ဆိုင်းဘုတ်လေးရယ်၊ တရုတ်နိုင်ငံလုပ် National တံဆိပ် အနက်ရောင် ကက်ဆက် အစုတ်လေး တလုံးရယ်ပါ။ ကက်ဆက်လေးကတော့ သူမကနိုင်အောင် တီးမှုတ်ပေးတဲ့ တီးဝိုင်းလေး ဆိုရင်လည်း မမှားပါဘူး။

ဒီကက်ဆက် ကလေးကနေ နာမည်ကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “အိုးလေး လှုပ်ပါဦး” ဆိုတဲ့ တောဂေါ်လီ သီချင်းကစလို့ အိန္ဒိယ ဘောလိဝုဒ်ရဲ့ နာမည်ကျော် ကုလား သီချင်းတွေအထိ တီးမှုတ်ပေးတဲ့ အတွက် သူမရဲ့ အရေးကြီးဆုံးသော လုပ်ဖော်ကိုင်ဖက် တဦးပါ။

ညနေ ၆ နာရီဆိုတာ သူမရဲ့ ပုံမှန်အိမ်ပြန်ချိန်ပါ။ တခါတရံ နေ့တွက် မကိုက်သေးရင်တော့ မြို့ထဲမှာ ဖောက်သည် ရှာရင်း ည ၇ နာရီ လောက်မှ အိမ်ပြန်ရောက်ပါတယ်။ မကောင်းတာ မလုပ်တတ်တဲ့ သူမရဲ့ စိတ်ဓာတ်ကို ခင်ပွန်းသည်က သိတာကြောင့် သူမရဲ့ အိမ်ပြန်နောက်ကျမှုနဲ့ သမာအာဇီဝ ကချေသည် အလုပ်ကို တစုံတရာ သံသယ ၀င်တာမျိုး မရှိပါဘူး။

လူတွေရဲ့ ဘ၀အမောကို ခဏတာ မေ့ပျောက် ရယ်မောနိုင်အောင် လုပ်ဆောင်နိုင်တဲ့ သူမရဲ့ ပုံမှန်ဝင်ငွေ တနေ့ အနည်းဆုံး ကျပ် ၂၀၀၀ ရှိပြီး အများဆုံး ၈၀၀၀ ထိရှိပါတယ်။ ဒါပေမယ့် ဒီဝင်ငွေဟာ အသားတင် အမြတ်တော့
မဟုတ်ပါဘူး။ တနေ့ရတဲ့ ၀င်ငွေမှာ နေ့စဉ် သီချင်းဖွင့်ကဖို့ ကက်ဆက်ထဲ ဓာတ်ခဲတလုံး ငွေ ၂၅၀ နဲ့ ဓာတ်ခဲ ၆ လုံး ၀ယ်ထည့်ရတဲ့ ကုန်ကျစရိတ်ငွေ ၁၅၀၀ ပြန်လည် နှုတ်ယူပြီး ကျန်တဲ့ ပိုက်ဆံကို သုံးရပါတယ်။ တခါတလေ နေမကောင်းလို့ အလုပ် မထွက်နိုင်တဲ့အခါ သူမ ငှားရမ်းနေထိုင်တဲ့ ရန်ကုန် ဆင်ဖြေဖုံး ရပ်ကွက်ထဲက ကုန်စုံဆိုင်မှာ မျက်နှာငယ်နဲ့ ဆန်၊ ဆီ၊ ဆား အကြွေးယူလို့ တနေ့တာ ၀မ်းရေးကို ဖြေရှင်းရပြန်တယ်။

သူမ အခုလို မြန်မာ ခေတ်ဆန်ဆန် အက၊ အိန္ဒိယ ကုလားကတွေ ကနိုင်အောင် သင်ကြားပေး တာကတော့ ရပ်ကွက်ထဲက အခကြေးငွေယူ ပြသတဲ့ ဗီဒီယိုရုံတွေပါပဲ။ ဗီဒီယိုရုံတွေမှာ ကုလားကား ပြတဲ့နေ့၊ ရာဇာနေ၀င်း ပါဝင်တဲ့ ဗီဒီယို ဇာတ်လမ်းတွေ ပြတဲ့နေ့ဆိုရင် ဗီဒီယိုရုံရဲ့ အရှေ့ဆုံး ခုံတန်းမှာ နေရာယူလို့ ဗီဒီယို ဇာတ်လမ်းထဲက ဇာတ်ကောင်တွေ ဘယ်လိုကပြ အသုံးတော် ခံကြသလဲ ဆိုတာကို လေ့လာတယ်။

အဲဒီနောက် သူမ ငှားရမ်းနေထိုင်တဲ့ တဲသာသာ အိမ်လေးမှာ မှန်ရှေ့ချလို့ ဗီဒီယို ဇာတ်လမ်းထဲမှာ တွေ့မြင် မှတ်သားခဲ့ရတဲ့ ကကွက်တွေကို တကိုယ်တည်း ပြန်လည် ကကြည့်ရင်း ကကွက် အသစ်အဆန်း တွေကို လေ့ကျင့် သင်ယူတယ်။

သမာအာဇီဝ အလုပ်ကို လုပ်ကိုင် စားနေတဲ့ သူမကို တခါတရံ အမျိုးသားတွေက နောက်ပြောင် ကြသလို၊ တချို့လူ တွေက မိန်းမလျာ အခြောက်ထင်ပြီး လိုက်လံ နှောင့်ယှက် တာမျိုးတွေလည်း ကြုံရတတ်တယ်။ ဒီလိုအချိန်မျိုးမှာ သူမအနေနဲ့ နှောင့်ယှက် သူတွေကို မနှောင့်ယှက်ဖို့ သတ္တိရှိစွာနဲ့ပဲ တုံ့ပြန်ဖြေရှင်းတယ်။

တခါတရံ အမျိုးသားတွေနဲ့ အပြိုင် လက်သီး လက်မောင်းတန်း ထိုးကြိတ်ဖို့ စိန်ခေါ်ကြတဲ့ အဆင့်ထိ ရောက်ကုန်တယ်။ ဒီလိုမှမလုပ်ရင် သူမကို လမ်းပေါ်က ပြည့်တန်ဆာလို့ ထင်သွားနိုင်တာကြောင့် သူမရဲ့ ဂုဏ်သိက္ခာ အတွက် မဟုတ်မမှန်တဲ့ စိတ်ဓာတ်နဲ့ ခွန်အားတွေသုံး ကာကွယ်ရတာပါ။

အထက်တန်းလွှာက ချမ်းသာတဲ့ သူတွေ၊ အစိုးရ အရာရှိကြီးတွေရဲ့ သားသမီးတွေ ထိမ်းမြား မင်္ဂလာပြုကြတဲ့အခါ နာမည်ကျော် အဆိုတော်ကို ခေါ်ယူသီဆို ဖျော်ဖြေခိုင်း သလိုမျိုး သူမကလည်း မင်္ဂလာဆောင်တွေမှာ ကပြဖျော်ဖြေဖို့ ငှားရမ်းခံရပါတယ်။ ဒါပေမယ့် သူမ ကပြဖျော်ဖြေရတဲ့ မင်္ဂလာဆောင် တွေက လူချမ်းသာနဲ့ အစိုးရ အရာရှိသား သမီးတွေရဲ့ မင်္ဂလာဆောင် မဟုတ်ဘဲ ပျံကျဈေးသည်တွေ၊ ဆိုက်ကား သမားတွေနဲ့ အခြေခံ ဆင်းရဲသား လူတန်းစား သားသမီးတွေရဲ့ အဖြစ်သဘောမျိုး မင်္ဂလာဆောင်တွေမှာ ပျော်ရွှင်ဖွယ် ဖြစ်အောင် ကပြ အသုံးတော် ခံရတာပါ။

“ဆင်းရဲသား မင်္ဂလာဆောင် ဆိုတာက အစား အသောက်လည်း အရမ်းကြီး ကောင်းကောင်း မွန်မွန် မကျွေးနိုင်တော့ ကိုယ်က လူတွေပျော်အောင်၊ ရယ်အောင် ကလိုက်ရင် လူတွေ ပျော်ပျော်ရွှ့င်ရွှင်နဲ့ မင်္ဂလာဆောင်က ရယ်သံတွေနဲ့ ဆူညံသွားတယ်၊ အဲဒီအချိန်မှာ ရလိုက်တဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ဘူး” လို့ သူမက ဆိုပါတယ်။

အကပညာကို စနစ်တကျ အသေအချာ မသင်ယူရပေမယ့် သူမက အကပညာ သင်ကြားပေးတဲ့ ဆရာမတဦး အဖြစ်လည်း လုပ်ကိုင်ရတယ်။ သူမ အကသင်ကြား ပေးရတဲ့ သူတွေက နိုက်ကလပ်နဲ့ ကာရာအိုကေဆိုင်မှာ အလုပ်လုပ်တဲ့ မိန်းကလေး ငယ်လေးတွေပါပဲ။ အဲဒီ မိန်းကလေးတွေကို အများဆုံး သင်ကြားပေးရတဲ့ အက ကတော့ ရင်သားနဲ့ တင်သား ဦးစားပေး လှုပ်ရမ်းတဲ့ အကမျိုး တွေပါ။

အသက် ၁၀ နှစ်သမီး အရွယ်ကနေ ၄၆ နှစ်အထိ နှစ်ပေါင်း ၃၀ လုံးလုံး ကချေသည် အလုပ်ကို တောင်ငူ၊ ပဲခူးမြို့ တွေကတဆင့် ရန်ကုန်မြို့အထိ ပြောင်းရွှေ့ လုပ်ကိုင်နေရတာ သူမ အလွန်ပင်ပန်း နွမ်းလျနေပါပြီ။ ဒီကချေသည် အလုပ်ကနေ အနားယူချင်ပေမယ့် စားဝတ်နေရေး ကြပ်တည်းမှုက သူမကို လုံးဝ အနားယူခွင့် မပြုပါဘူး။ တကိုယ်လုံး ခြေလက်တွေ နာကျင်ပြီး မောဟိုက် နေသည့်တိုင် သူမ ကနေရဆဲပါ။

သူမအနေနဲ့ သားသမီး နှစ်ဦးနဲ့အတူ ကိုယ်ပိုင် အိမ်ခြံဝင်းလေး တခုမှာ စားဝတ်နေရေး အတွက် မပူပင် မကြောင့်မကြနဲ့ ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ကုန်လွန် ဖြတ်သန်းချင်ပေမယ့် လက်ရှိဘ၀မှာ လုံးဝ မဖြစ်နိုင်တော့တဲ့ အိမ်မက်တခုပါလို့ ပြောဆို လိုက်ချိန်မှာ သူမရဲ့ မျက်ဝန်းတွေဆီက မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာပါတယ်။

“သားရယ်၊ သမီးရယ်ကို မျက်စိအောက်မှာ ထားပြီး ကျန်တဲ့ ဘ၀အချိန်ကို ဖြတ်သန်းချင်တယ်။ ကလေးတွေ အတွက် အိုးပိုင်အိမ်ပိုင် ခြံဝန်းလေး တခုလည်း အမွေပေးခဲ့ချင်တယ်။ ဒါတွေက စိတ်ကူးယဉ် အိပ်မက်လို့ ဆိုပေမယ့် မိခင်တယောက် အနေနဲ့ ကိုယ့်သားသမီးတွေ မိဘအမွေ ဆိုတာလေး ပေးချင်တယ်"။ ။


No comments: