မေကျော်
ချင်းမိုင် (မဇ္ဈိမ)။ ။ ကမ္ဘာ့ စီးပွားရေး အခက် အခဲ ကာလ ၂၀၀၈ တွင် မြန်မာ့ ဆန်ဈေး ထိုးကျပြီး နောက်ပိုင်း အစိုးရက ယခု ဘဏ္ဍာ ရေး နှစ်တွင် ပြည်ပ သို့ ဆန်တင်ပို့ ခွင့် ပုံစံသစ် ပြောင်းလဲ လိုက်သည်။
ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဆန်စပါးနှင့် ပဲရောင်းဝယ်ရေး ဦးဆောင် ကုမ္ပဏီများကို ယခုနှစ် အစောပိုင်းတွင် ဖွဲ့စည်းစေပြီး၊ ပြည်ပသို့ ဆန်တင်ပို့မှုကို ဦးဆောင်ရန် စီစဉ်လိုက်သည်။
ယခင်ကမူ ဆန်စပါး ပြည်ပ တင်ပို့ခွင့်ကို လျှောက်ထားရပြီး အစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုတန်ချိန်နှင့် တင်ပို့ခွင့်ကို ရွေးချယ်ချထားပေးခြင်း ဖြစ်သည်။
ယခင် ဆန်ပြည်ပ တင်ပို့မှုကို လုပ်ကိုင်လာသည့် ဆန်ကုန်သည်များ အနေဖြင့်မူ ယခု အသစ်ထွက်ပေါ်လာမည့် ကုမ္ပဏီများနှင့် ငွေကြေးအင်အားနှင့် လုပ်ကိုင်နိုင်အားကို ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
ယခု ဘဏ္ဍာရေးနှစ်အတွင်း ဖြစ်ပေါ်ပြောင်းလဲလာမည့် မြန်မာ့ဆန် ပြည်ပတင်ပို့မှု အခြေအနေကို သိရှိနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်ကျော် ကို မေကျော်က ဆက်သွယ်မေးမြန်းထားပါသည်။
အခု ဆန်စပါး ပြည်ပတင်ပို့ခွင့်ကို ပြည်နယ်နဲ့ တိုင်း ကုမ္ပဏီတွေကို ချပေးနေတယ်ဆိုတာ ဟုတ်ပါသလား။
ပြည်နယ်နဲ့ တိုင်း ဦးဆောင်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ လက်အောက်က ကုမ္ပဏီတွေပေါ့နော်။ အဲဒါတွေနောက် သူတို့ရဲ့ကုမ္ပဏီ လက်ခွဲလေးတွေ အဲလိုတွေ လုပ်ကြပါတယ်။ ပဲရော၊ ဆန်ရောအတွက် ဖွဲ့ထားတယ်။ ဦးဆောင် ကုမ္ပဏီတွေ ဖွဲ့ထားပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက်ပေါ့။
အဲလို ကုမ္ပဏီတွေ ဖွဲ့လိုက်တဲ့ သဘောက ပဲခူးတိုင်းက ပိုတဲ့ဆန်၊ စပါးကို ပဲခူးတိုင်း ကိုယ်စားပြု ကုမ္ပဏီကပဲ ပြည်ပတင်ပို့ခွင့် ရမှာလား။
အခုကတော့ ဈေးကွက်လည်း ကို့ယို့ကားယား မဖြစ်စေချင်တော့လေ၊ အဲလိုလေးတွေတော့ လုပ်နေတယ်။ အစိုးရပိုင်းကနေ လုပ်နေတာပေါ့။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စီမံခန့်ခွဲမှုနဲ့ပေါ့နော်။ အခု ကျနော်တို့ ဦးဆောင်ကုမ္ပဏီ၊ အရင်းအနှီးတတ်နိုင်တဲ့ ကုမ္ပဏီတွေပေါ့နော်။ သူတို့နဲ့ သူတို့ လက်အောက်ခံ ကုမ္ပဏီတွေပေါ့၊ သူတို့ကမှတဆင့် လယ်သမားတွေကို ပိုက်ဆံ ထုတ်ချေးဖို့ လယ်သမားတွေ လုပ်သာကိုင်သာ ရှိအောင် ကုန်သည်တွေ အနေနဲ့လည်း လုပ်လို့ရအောင် အဲသလို လုပ်နေတာပါ။
ဒီကုမ္ပဏီတွေ ဘယ်တော့များ စပြီး တင်ပို့မလဲ။
ကုမ္ပဏီ အလိုက်တော့ Work plan တွေ ရှိပါတယ်။ အသေးစိတ်တော့ မသိပါဘူး။ ဥပမာ ခွင့်ပြုတယ်၊ မပြုတယ် ဆိုတာကလည်း ဥပမာဗျာ တဖက်က Buyer နဲ့ ကုမ္ပဏီတွေ ချိတ်ဆက်ပြီး MOU (နားလည်မှု စာချွန်လွှာ) ထိုးတာပေါ့နော်။ MOU ထိုးပြီးတော့ လအလိုက် လအလိုက် ဘယ်လောက်တင်ပို့မယ်ဆိုပြီး လုပ်တာပေါ့နော်။ Work Plan တွေ ရှိမှာပေါ့နော်။ အဲလိုတွေ ရှိပါတယ်။
အခု Export လုပ်တဲ့ ပုံစံ ပြောင်းသွားပြီဆိုတော့ အရင်က Export လုပ်နေတဲ့ ကုန်သည်တွေရဲ့ အခွင့်အရေးက နည်းသွားမလား။
လောလောဆယ်မှာတော့ အခုလိုပဲ ပူးပေါင်းဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။ အဲဒီနေရာမှာလည်း အားနည်းချက်၊ အားသာချက်တွေ ရှိတာပေါ့။ ဆန်စပါးလုပ်ငန်း ဆိုတာကလည်း ငွေပင်ငွေရင်းက အများကြီး။ အရင်ကတည်းက လုပ်လာကြတဲ့ သူတွေလည်း ရှိတယ်။ အခုမှ စလုပ်လာကြတဲ့ သူတွေလည်း ရှိတယ်။ အဲဒီမှာ ဘာနဲ့တူသလဲဆိုရင် မာရသွန်လိုပါပဲ။
အဲဒီမှာ တဖြည်းဖြည်း ရှေ့ရောက်သွားမှာပါ။ အရင် Export လုပ်တဲ့ ကုမ္ပဏီတွေရော၊ နောက် အခုမှ စလုပ်တဲ့ သူတွေရော ငွေပင်ငွေရင်းကောင်းတဲ့ သူတွေပေါ့ဗျာ။ အဲဒီမှာ ဒေသခံတွေကိုလည်း ကုမ္ပဏီလေးတွေ ဖွဲ့စေချင်တယ်။ ပြီးတော့ သူတို့ ပူးပေါင်းပြီးတော့ တဖက်က Buyer နဲ့၊ တဖက်က Supplier နဲ့ ချိတ်ပြီးပေါ့။
ငွေအရင်းအနှီး များလာတဲ့အခါမှာ ဒီဟာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့။ ပိုပြီးတော့ သွက်လက်မယ်၊ ပိုပြီးတော့ အဆင်ပြေအောင် ကြိုးစားတာပေါ့ဗျာ။ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ကြတာပါ။ ဒီမှာလည်း အားသားချက်တွေ ရှိသလို၊ အားနည်းချက်လေးတွေလည်း တွေ့ရပါတယ်။
ဆန်စပါးတင်ပို့ခွင့် ပုံစံပြောင်းလိုက်တော့ အခုလက်ရှိ ဆန်စပါး ဈေးကွက် တမျိုးတမည် ပြောင်းသွားမလား။
အဓိက ကတော့ မြန်မာနိုင်ငံ အနေနဲ့ကတော့ Potential (အလားအလာ) အများကြီးရှိတဲ့ နိုင်ငံပါဗျာ။ ထုတ်လုပ်မှု အားက လက်ရှိ ထုတ်လုပ်မှုထက် ၃ဝ ရာခိုင်နှုန်းလောက် ဆွဲတင်လို့ရတဲ့ အနေအထားပါဗျာ။ အဲသလို တိုးထုတ်ဖို့ အတွက်ကလည်း တဖက်က Market က လုပ်သာကိုင်သာမှပဲ တိုးထုတ်ဖို့ စိတ်ဝင်စားလာလိမ့်မယ်။
Export လဲ တဖက်က လွှတ်ပေး။ လွှတ်ပေးလို့ရှိရင် တဖက်ကလည်း အတိုင်းအတာ တခုအထိ ဆန်ဈေးလေးက တက်လာမှာပေါ့။ သိပ်နိမ့်သွားလို့ရှိရင် တောင်သူတွေအတွက်က ထုတ်လုပ်မှုစရိတ်နဲ့ မကာမိဘူးလေ။ တဖက်က ဘာပြန်ဖြစ်လဲဆိုတော့ နောက်နှစ်တွေမှာ Potential က ပြန်ကျတယ်။
တဖက်က စားသုံးသူအတွက်က ဈေးသက်သာတယ်ဆိုပေမယ့် ထုတ်လုပ်မှုက ဆင်းဆင်းသွားတဲ့ အတွက်ကြောင့်။ နောက် Market က ဘာဖြစ်သွားလဲဆိုတော့ ကုန်ဈေးနှုန်းတွေ ပြန်တက်လာတယ်။ ဆန်ဈေးနှုန်းတွေ အဆမတန် ပြန်တက်လာတယ်။
အဲဒါမျိုးတွေ မဖြစ်အောင်ပေါ့နော်။ ကျနော်တို့ Export ကို တောက်လျှောက်လုပ်နေဖို့ လိုတယ်။ တဖက်ကလည်း Potential တက်အောင်ပေါ့နော်။ တောင်သူတွေအတွက်ကို သွင်းအားစုတွေ ဝယ်နိုင်ဖို့အတွက် ငွေကြေး လည်ပတ်နိုင်အောင် အဲလို လုပ်နေတာ။
ပြည်ပတင်ပို့မှုကို လွတ်လွတ်လပ်လပ် ဖွင့်ပေးဖို့အတွက်က မြန်မာပြည် စပါးအထွက်က ပြည်တွင်း စားသုံးမှုထက် ပိုလျှံပါသလား။
ဟာ .. ပိုတာပေါ့ဗျာ။ Government (အစိုးရ) ဒေတာကို မဆိုလိုပါဘူး။ ကျနော်ရဲ့ တွက်ချက်မှုအရတော့ ပြီးခဲ့တဲ့ ၂ဝဝ၄-၂ဝဝ၅ ကတည်းက တောက်လျှောက် ပိုနေပြီဗျ။ မနှစ်က ၂ဝဝ၈ က နာဂစ်ဖြစ်တာတောင်မှ အစိုးရအနေနဲ့ တဖက်ကလည်း ပြည်တွင်းမှာ ဆန်ရှားမှာကို --- အမှန်မှာက ပြီးခဲ့တဲ့ နာဂစ်ဖြစ်တာတောင်မှ ကျနော်တို့မှာ ပိုနေတယ်ဗျ။ ပိုနေတဲ့အတွက်ကြောင့် ကျနော်တို့ တောက်လျှောက်လည်း ပို့နိုင်တဲ့ သဘောရှိပါတယ်။
အခု မြန်မာပြည်မှာ ပြည်ပ တင်ပို့ဖို့ တနှစ်ကို ဆန်တန်ချိန် ဘယ်လောက်လောက် ပိုနေတယ်လို့ သုံးသပ်လို့ ရပါသလဲ။
အစိုးရ ဒေတာအရတော့ များပါတယ်။ ကျနော် ၁ဝ နှစ်လောက် တောက်လျှောက် မော်နီတာ လုပ်ထားတာကတော့ ကျနော့် ဒေတာအရပေါ့နော်၊ ပြီးခဲ့တဲ့ နှစ်က ၂ဝဝ၈-၂ဝဝ၉ ခုနှစ် ဘဏ္ဍာနှစ်ကတော့ ဆန် တန်ချိန် ၁ သန်းခွဲလောက် ပို့လို့ရတယ်လို့ ကျနော်မြင်တယ်။
ဒါကလည်း တရာသီပြီး တရာသီ သီးနှံက ပေါ်နေတဲ့ အခါကျတော့ ဒီဟာကတော့ ကျနော်တို့ လုပ်လို့ရတယ်။
မနှစ်က ဆန်ဈေးကွက် ပျက်တဲ့အချိန်မှာ အစိုးရက ဆန်တင်ပို့ခွင့်ကို ဖွင့်ပေးခဲ့တာတောင်မှ ဝယ်လက်မရှိတဲ့ အနေအထားမျိုး ဖြစ်ခဲ့သေးတယ်။ အခုနှစ်ရော ပြည်ပ ဆန်ဈေးကွက် အနေအထား ဘယ်လို ရှိပါသလဲ။
ပို့တဲ့အခါကျတော့ ကျနော်တို့မှာ ဒီလိုဗျ။ Export က အခုမှ ပုဂ္ဂလိကပိုင်းကို ပေးလာတာကိုး။ ပုဂ္ဂလိကပိုင်းအနေနဲ့ လုပ်နိုင်တာ ၁ နှစ်ကျော်ကျော်၊ ၂ နှစ် အတွင်းပဲ ရှိသေးတာကိုး။ ကျနော်တို့ ၂ဝဝ၈ မှာ ဆန်ဈေးတွေ အရမ်းတက်တယ်။ အဲဒီ မတိုင်ခင် ကျနော်တို့ Export ခွင့်ပြုလိုက်တယ်။
ပြီးတော့ နာဂစ်ဖြစ်တော့ နားလိုက်တယ်။ ပြီးတော့မှ ၂ဝဝ၈ အောက်တိုဘာ၊ နိုဝင်ဘာမှ ပြန်စတာပေါ့။ စတော့ ဆန်ဈေးကတော့ နည်းနည်း ပြန်ဆင်းသွားတာပေါ့။ ဆင်းပေမယ့်လည်း ကျနော်တို့ Export လုပ်နေတုန်းပါ။ လုပ်နေပေမယ့်လည်း ပြည်တွင်း စပါးဈေးက (တင်း ၁ဝဝ) ၂ သိန်းအောက်ကို ဆင်းသွားတာမျိုးတွေ ရှိတယ်။
ထုတ်လုပ်မှု စရိတ်အောက် ဆင်းသွားတာပေါ့။ ဆင်းသွားတဲ့ အခါကျတော့ ကျနော်တို့ ထုတ်ပေးလို့ မရဘူး။ ဈေးကောင်းလာရင်တော့ တောင်သူတွေအနေနဲ့ ထုတ်လုပ်ချင်စိတ် ပိုရှိလာတာပေါ့နော်။
ဒါပေမဲ့ ကျနော်တို့မှာ ဘာပြသနာ ရှိသလဲဆိုရင် Export ပို့တဲ့ အခါကျတော့ ကုန်သည်တွေက အခုမှစတဲ့ အခါကျတော့ ဥပမာ Supply Change မှာ Manage လုပ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်။ နောက် Infrastructure ပိုင်းတွေပေါ့နော်။ ပို့နိုင်တဲ့ အားတွေ နည်းနေသေးတယ်။ နောက် ကျနော်တို့ စက်တွေက ကြိတ်ခွဲနိုင်မှု အားတွေ နည်းနေသေးတယ်။
Export Quality ပြည့်မီဖို့အတွက် ကျနော်တို့ စက်တွေကို Upgrade (အဆင့်မြှင့်) လုပ်ဖို့ လိုကို လိုအပ်တယ်။ ဒါလေးတွေကြောင့် ကျနော်တို့ ထင်သလောက် မအောင်မြင် သေးတာပေါ့။
ဒီလို ဈေးကွက် ဖြစ်လာရင်တော့ မြန်မာပြည်ရဲ့ Potential တော်တော်လေးကို ကောင်းလာပါလိမ့်မယ်။
နာဂစ် ဧရိယာရဲ့ နွေစပါး အထွက် ဘယ်လို ပြောင်းလဲသွားပါသလဲ။
နာဂစ် ဧရိယာရဲ့ နွေစပါး အထွက်က ပြီးခဲ့တဲ့ အောက်တိုဘာ၊ နိုဝင်ဘာမှာ စပါးဈေးနိမ့်သွားတဲ့ အခါကျတော့ ဒီတောင်သူတွေအနေနဲ့ သွင်းအားစုထည့်တဲ့ အပိုင်းတွေမှာရယ်၊ နောက် တောင်သူတွေမှာ ပြီးခဲ့တဲ့ နှစ်က အကြွေးတွေ မကျေကြဘူး။
မကျေကြဘူးဆိုတာက စပါးဈေးမကောင်းဘူး။ နောက် ပဲကလည်း ဈေးမကောင်းဘူးလေ။
အဲဒီတော့ သူတို့မှာ ငွေကြေးအင်အား အတော်လေးကို နည်းသွားတယ်။ အဲဒီတော့ သွင်းအားစုပိုင်း အားနည်းချက်တွေ ရှိတယ်။ ပြီးတော့ ကောက်ပဲသီးနှံ စီမံခန့်ခွဲမှု အားနည်းတယ်။ အဲသလို အားနည်းချက်တွေကြောင့်မို့ ကျနော်တို့ ထုတ်လုပ်မှုပိုင်းမှာ ထိခိုက်နစ်နာမှု ဖြစ်သွားတဲ့ အပိုင်းတွေ ရှိတယ်။
၅ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းကြား ထိခိုက်နစ်နာမှုတွေ ရှိတယ်။ ဒါပေမဲ့ ဒီဟာကလည်း အခု ပြည်နယ်နဲ့ တိုင်း တော်တော်များများမှာ ရေသွင်းစိုက်တဲ့ နေရာတွေမှာ ဆန်စပါးက ၄ လကို တသီးလောက် ပေါ်နေတာကိုး။ ပေါ်နေတယ်ဆိုတော့ ကျနော်တို့ ဈေးကွက် အနေအထားအရ ကိုက်တယ်ဆိုရင် ထုတ်မှာပါပဲ။ ကျနော့် အမြင်ကတော့ ဆန်ရှားမယ့် ကိစ္စတော့ ဖြစ်လာမယ် မဟုတ်ဘူးလို့ ကျနော်ရဲ့ သုံးသပ်ချက်အရ မြင်ပါတယ်။
ကုလ စားနပ်ရိက္ခာအဖွဲ့က နာဂစ်ဒေသကို ထောက်ပံ့ဖို့အတွက် ပြည်ပကနေ ဆန်တင်သွင်းမှုတွေ ရှိပါတယ်ရှင့်။ အခုရော ပြည်တွင်း ဆန်ကိုပဲ ဝယ်ပြီး ပြန်ဖြန့်လား၊ ဆက်ပြီး တင်သွင်းနေတုန်းလားရှင့်။
ကျနော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မနှစ်ကတည်းက ပြည်ပက ဝယ်မယ်ဆိုတော့ မဝယ်သင့်ဘူးလို့ ကျနော်ကတော့ မြင်တာပေါ့ဗျာ။ ပြည်တွင်းမှာလည်း ရှိနေတာပဲ။ အစိုးရ အနေနဲ့လည်း ပြည်တွင်းမှာ နာဂစ်ကလည်း ဖြစ်တယ်၊ တဖက်ကလည်း ဆန်တွေလည်း ရောင်းတယ်ဆိုတော့ လူကြီးတွေလည်း ချိန်တဲ့ သဘောရှိပါတယ်။
ဆိုတော့ အပြင်ကနေ သွင်းလိုက်တယ်။ သွင်းလိုက်တော့ ကျနော်တို့ ဈေးကြီး ပေးရသလို၊ ရသင့်သလောက် တန်ချိန်လည်း မရဘူး။ ပြည်တွင်းမှာတော့ ဒါထက် အများကြီး သက်သာတာပေါ့ဗျာ။ အဲဒီအချိန်က အမှန်မှာက ပိုလျှံနေတယ်ဗျ။
ပြည်တွင်းမှာ ဆန်ဈေးနည်းနည်း တက်လာတယ်လို့ ကြားလို့ပါဆရာ။
ကျနော်က တက်စေချင်တာပါ။ စားသုံးသူတွေအတွက် ဆိုပေမယ့် တောင်သူတွေအတွက် ဥပမာ စပါး ၁ဝဝ ကို ၃ သိန်းလောက်တော့ ကျတာပေါ့။ တောင်သူ တယောက်က တဧက စပါး ၁ဝဝ ထွက်အောင်က အရင်းအနှီး ၂ သိန်းလောက် ထည့်ရတယ်။ စပါးတင်း ၈ဝ လောက် ထွက်ဖို့ဆိုရင် ၁ သိန်း ၆ သောင်း၊ ၁ သိန်း ၈ သောင်းတော့ ထည့်ရတယ်ဗျ။
သေသေချာချာ ထည့်မယ်ဆိုရင်တော့ ၂ သိန်းလောက် ထည့်ရတယ်။ ၃ သိန်း ဆိုတာက ၄ လလောက် ၅ လလောက် သူတို့ ရင်းနှီးထားရတယ်။ အဲဒီတော့ အတိုင်းအတာ တခုအထိ အကျိုးအမြတ် ရစေချင်တယ်။ ဒါတောင်မှ တချို့နေရာတွေမှာဆိုရင် နွေစပါး ထွက်တဲ့အချိန်မှာ ကျနော်တို့ စစ်ကိုင်းတိုင်းဆိုရင် ၇၄၇ (ဆန်အမျိုးအစား) ပေါ့နော်။ ၇၄၇ ဆိုရင် အခု ဆိုရင် ၂ သိန်း ၆ သောင်းလောက်ပဲ ရှိတယ် (တင်း ၁ဝဝ လျှင် )။ အခု ဈေးနည်းနည်း ပြန်ဆင်းသွားတယ်ဗျ။
ဆန် စပါးဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီလိုမျိုး စပါးဈေးကို ထိန်းလိုက်တဲ့အခါမှာ တောင်သူတွေက သူတို့ထုတ်ကုန်ကို ဈေးနှုန်းကန့်သတ်ခံလိုက်ရပြီး သွင်းအားစုဖြစ်တဲ့ ဓာတ်မြေသြဇာတို့၊ ဒီဇယ်တို့ စက်ပစ္စည်းတွေကိုကျတော့ ပြည်ပ ပေါက်ဈေးနဲ့ ပြည်တွင်းကို တင်သွင်းသူတွေရဲ့ အမြတ်အတွက်ပါ ပေးပြီး ဝယ်ယူသုံးစွဲနေရတော့ ဒါကို ဘယ်လိုများ ထိန်းညှိလို့ ရမလဲ ဆရာ။
အရင်တုန်းကတော့ ရှိတယ်ဗျ။ အခု နောက်ပိုင်းတော့ လူကြီးတွေဘက်ကလည်း အခုနောက်ပိုင်းမှာ တော်တော်ကို နားလည်လာတယ်လေ။ နားလည်လာတော့ လိုက်ပြီးတော့ ထိန်းတယ်ဆိုတာက ထုတ်လုပ်သူတွေဘက်ကို ထိခိုက်နစ်နာစေတာတွေ ရှိတယ်လေ။ ကျနော်တို့ study (လေ့လာမှု) လုပ်နေတာတွေ ကျနော်တို့ဆီက သတင်းအချက်အလက်တွေ။
နောက်သူတို့မှာရှိတဲ့ လယ်တွေရဲ့ Record (မှတ်တမ်း) တွေကို ကြည့်ပြီးတော့ တောင်သူတွေ အဆင်ပြေနေလား၊ မပြေလားဆိုတာကို သိတယ်။ ဒီအပေါ်မှာ မော်နီတာလုပ်ပြီး ထိန်းတယ်ဆိုတဲ့ အတိုင်းအတာ မရှိတော့ပါဘူး။ အဲဒါကို ကျနော်တို့ ဒီဘက်ကရော၊ နောက် ဝန်ကြီး ဌာနတွေရော လုပ်နေပါပြီ။
မြန်မာပြည်ရဲ့ Export ဈေးကွက်က ဘယ်နိုင်ငံတွေပါလဲ ဆရာ။
အာဖရိက အနောက်ပိုင်းပေါ့ဗျာ။ အာဖရိက အနောက်နိုင်ငံတွေကတော့ Low Quality Low Price ပေါ့ဗျာ။ ကျနော်တို့ တိုင်းပြည်ကလည်း လက်ရှိ အနေအထားအရ စပါးမျိုးက မျိုးခွဲတွေ များနေသေးတဲ့ အခါကျတော့ ဒီ ဆန်အတန်းအစားအနေနဲ့ မမှန်ဘူးလေ။ ဥပမာ - ဆန်ကို ကြည့်လိုက်တာနဲ့ ယူနီဖောင်း မဖြစ်ဘူးပေါ့နော်။ အဲဒီ အခါကျတော့ ဈေးနှုန်းလည်း ဗီယက်နမ်လောက်၊ ထိုင်းတို့လောက် မရသေးဘူး။ ကျနော်တို့အနေနဲ့ Fast Phase – Early Phase မှာတော့ ဒီပြဿနာက ရှိနေဦးမှာပဲ။
ဒီပြဿနာကို ပြေလည်ဖို့ကလည်း ကျနော်တို့ ပုဂ္ဂလိကနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ။ ဒါက တနှစ်၊ ၂ နှစ် အတွင်းမှာ ပြောင်းလဲသွားပါလိမ့်မယ်။
No comments:
Post a Comment