Saturday, September 5, 2009

ချိုကုပ်ဒူးကြီး ငြိမ်းချမ်းရေးဝါဒ

ရန်ကုန်သားတာတေ

အယ်ဒီတာချုပ် ကိုဂေါ်ကြီး၏ စေခိုင်းမှုကြောင့် ဒေဝါလီ မဂ္ဂဇင်းအတွက် အင်တာဗျူးရန် ဖိုးရှုပ်နှင့် ဦးရုက္ခစိုးတို့ ချိုကုပ်ဒူးကြီး အပန်းဖြေရာ ငွေဆောင် ကမ်းသာယာသို့ ရောက်ရှိ နေကြ သည်။ ပင်လယ်လေက တဖြူးဖြူး တိုက်ခတ်နေသည်။ ချိုကုပ်ဒူးကြီးက ထီးကြီးတလက်အောက်တွင် ထိုင်ရင်း ဒူးနှန့်ကာ မှိန်းနေသည်။ ဖိုးရှုပ်က တွန့်ဆုတ် တွန့်ဆုတ် လုပ်နေသဖြင့် ဦးရုက္ခစိုးက အတင်းတွန်းလွှတ်နေရသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် မင်းပြောတော့ ဘာကိုမှမကြောက်တဲ့ သတင်းထောက်ဆိုကွ။ သွားလေ။ ဟိုမှာ တယောက်တည်း ထိုင်နေ တုန်း သွားမေး။ ဒီလိုအခွင့်အရေးက ရခဲတယ်။ မင်းတယောက်တည်း သူ့ကို ဗျူးခွင့် ရတာကွ။

ဖိုးရှုပ်။ ။ ဘာကိုမှ မကြောက်ပေမယ့် သူ့တော့ ကြောက်တယ်ဗျ။ ဦးရုက္ခစိုးပါ လိုက်ခဲ့ပါဗျာ။ ကိုဂေါ်ကြီး ကလည်း သူကိုယ်တိုင် သွား ရင် ဘာဖြစ်မှာမို့လို့လဲ။ ကျနော့်ပဲလွှတ်နေတာပဲ။

ရုက္ခစိုး။ ။ ဒါကတော့ သူလည်း ကြောက်လို့နေမှာပေါ့ကွ။ ကဲကဲ မင်းရှေ့ကသွား ငါလိုက်ခဲ့မယ်။

ချိုကုပ်ဒူးကြီး မျက်စိဖွင့်ကြည့်လိုက်စဉ် ဖိုးရှုပ်ကိုမြင်သွားသည်။

ချိုကုပ်။ ။ သြော .. ဒေဝါလီသတင်းထောက် ထင်တယ် .. လာလာ.. ခင်ဗျားကို ကျုပ်စောင့်နေတာ။ နောက်က ခင်ဗျားတို့ရဲ့ နာမည်ကျော် ချင်းမိုင်ရုက္ခစိုးထင်တယ် ဟုတ်လား။

ဖိုးရှုပ်။ ။ ဟုတ်ကဲ့။ ချိုကုပ်ဒူးကြီးကို အင်တာဗျူးခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ချိုကုပ်။ ။ ကျေးဇူးတင်မနေနဲ့ .. မဟုတ်လည်း ခင်ဗျားတို့ ရန်ကုန်သားတာတေက ကျုပ်အကြောင်း တွေကို အကုန်လျှောက်ရေး နေတာဆိုတော့ မထူးဘူးဆိုပြီး ကိုယ့်ငါးချဉ်ကိုယ်ချဉ် .. အဲယောင်လို့ .. ကျုပ် ဘယ်လောက်တော်ကြောင်း ကျုပ်ဘာသာပဲ ပြောပြတော့မယ်လို့ ဆုံးဖြတ်လိုက်တာ။

ချိုကုပ်ဒူးကြီးက ပြောရင်း သဲသောင်ပြင်ပေါ်တွင် သူ့ကိုယ်လုံးကြီးဖြင့် နှစ်ပတ် လှိမ့်လိုက်သည်။

ရုက္ခစိုး။ ။ ခုတလောမှာ အာဏာရှင် နိုင်ငံတွေကို သဝဏ်လွှာပို့တာတွေ တွေ့နေရတယ်။ အဲဒါက ဘာသဘောလဲ။

ဖိုးရှုပ်ကမမေးခင် ဦးရုက္ခစိုးက အရင်ဦးအောင် မေးလိုက်သောကြောင့် ဖိုးရှုပ် ပြင်ထားသည့်ပါးစပ်ကို ပြန်ပိတ် လိုက်ရသည်။

ချိုကုပ်။ ။ ဦးရုက္ခစိုးကြီးကလည်းလေ။ သိပ်မေးတတ်တာပဲ ..။ အဲဒါကပေါ့နော် ကျုပ်တို့နဲ့ သဘောထား အမြင်ခြင်းပေါ့နော်၊ တူတဲ့သူတွေကိုပေါ့နော် လေးစားတဲ့သဘောပေါ့၊ ကိုယ့်အလှည့်ကျရင်လည်း ထောက်ခံပေး စေချင်တဲ့သဘောပေါ့နော်။ ပြီးတော့ တိုင်းသူပြည်သားတွေ ဖြစ်ချင်ရာဖြစ်၊ ဆင်းရဲချင် ဆင်းရဲပစေ၊ ကိုယ့်လိုပဲ ဘယ်သူ သေသေ ချိုကုပ်တွေ မာရင်ပြီးရော ဆိုတဲ့ မူကို လက်ကိုင်ထားသူတွေကို ဂုဏ်ပြုတာပါ .. ဟုတ်ကဲ့ .. ဟုတ်ကဲ့ပါ။

“သူ့ကိုယ်သူ လူမင်းတို့၊ မင်းမော်ကွန်းတို့ နေတိုးတို့များ မှတ်နေလားမသိဘူး” ဟု ဦးရုက္ခစိုးစိတ်ထဲက တွေးလိုက်သည်။

ရုက္ခစိုး။ ။ ခုချိန်မှာ ချိုကုပ်ဒူးကြီးက ဘယ်သူနဲ့ တွဲရေး .. ဘယ်သူနဲ့ ခွဲရေး လုပ်မှာလဲ။ မရှင်းလို့ မေးကြည့်တာပါ။

ချိုကုပ်။ ။ ဒါကတော့ ကိုကိုတို့ အပေါ်မှာ မူတည်ပါတယ်။ အမေရိကန်ကိုကို က အထာလေးပေးတုန်းမှာ မျက်စ နည်းနည်းလှမ်းပစ်ထားလိုက်မယ်၊ ထောင်ကဲ ကိုကို ကိုလည်း ပစ်ပစ်ခါခါ လုပ်လို့မဖြစ်နိုင်ဘူး။ ပြီးတော့လေ အာဏာရှင် နိုင်ငံအချင်းချင်းကလည်း မစည်းလုံးလို့ မဖြစ်ဘူးမဟုတ်လားလို့ .. ဒီတော့ မြောက်ကိုရီးယားနဲ့ ဇင်ဘာဘွေကိုလည်း သဝဏ်လွှာလေး ဘာလေးပို့ .. အဆင်ပြေအောင် နေမှ ဖြစ်မှာ။ ခုဏက ပြောသလိုပေါ့။ ဖြစ်နိုင်ရင် ငါးရံ့ ၁၀ ကောင်လောက် တပြိုင်တည်း ဖမ်းချင်တယ်လေ။

“ရုပ်ကြမ်းကြီးနဲ့ နွဲ့ပြနေပြန်ပြီ ရွံစရာကြီး” ဟု ဖိုးရှုပ်တွေးကာ အမြန်မေးလိုက်သည်။

ဖိုးရှုပ်။ ။ ဒါဆို ချိုကုပ်ဒူးကြီးရဲ့ နိုင်ငံခြားရေး ပေါ်လစီက ဘာလဲ။

ချိုကုပ်။ ။ အိုး တခါလာ မည်းပြာပုဆိုး .. ဒီမေးခွန်းကြီးက ရိုးနေပါပြီ။ ပြောထားသားပဲ မီးစင်ကြည့်က ပေါ်လစီပါလို့။ အဓိကက ကျုပ်ရဲ့ အာဏာတည်မြဲရေးပါပဲ။ အာဏာတည်မြဲဖို့အတွက် ဘာပဲ လုပ်ရ လုပ်ရပေါ့နော်။ ဥပမာ - ထောက်ခံတဲ့သူကို ချီးမွမ်းမယ်.. မြှောက်ပေးမယ်၊ မထောက်ခံတဲ့ နိုင်ငံကို ကလော်ဆဲမယ်၊ နိုင်ငံအသေးဆိုရင်တော့ ဖိဟောက်မယ်၊ မနိုင်မယ့်သူဆိုရင်တော့ ဖားကြည့်မယ်၊ ဖားလို့မရရင် အတင်းလည် တုပ်မယ်၊ အရေးယူမယ်ထင်ရင် ခြေသလုံးဖက်တောင်းပန်ကြည့်မယ် .. တောင်းပန်လို့ မရရင် ခြေသလုံး ဖက်ကိုက်မယ် .. အဟဲ .. ဒါလောက်ပါပဲ။

ရုက္ခစိုး။ ။ ကောင်းလိုက်တဲ့ နိုင်ငံခြားရေး ပေါ်လစီဗျာ။

ချိုကုပ်။ ။ ကောင်းဆို ဒါ ကွိုင်ကွိုင်တို့ မျိုးရိုးစဉ်ဆက် ဘိုးဘေးဘီဘင် သုံးလာတဲ့ လမ်းစဉ်ပဲဟာ။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးကငြိမ်းချမ်းရေး လိုလားတယ် ဆိုတော့ပေါ့ဗျာ .. ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမှာလား။

ချိုကုပ်။ ။ ဘုရား၊ ဘုရား .. ဘယ်လိုပြောလိုက်တာလဲ ဦးရုက္ခစိုးရယ်။ ကျုပ်တို့ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးဗျ။ အကျဉ်းသားဆိုတာပဲရှိတယ်။ အကျဉ်းသားတွေကို ကျုပ်က လွှတ်ပေးနေတယ် .. ဆက်လည်း လွှတ်ပေးဦးမှာ .. ၂၀၀၀ ကျော်လောက်ပဲ ချန်ထားမှာ။ ဒါကတော့ ဥပဒေကို လေးစားတဲ့ အကြီးအကဲအနေနဲ့ပေါ့။ အဲဒီ ၂၀၀၀ ကျော်ထဲမှာ ပါမယ့်သူတွေကတော့ နည်းနည်း ကံဆိုးတာပေါ့လေ။ ဒါကလည်း သတ္တဝါတခုကံတခုလို့ အဆိုရှိတယ်မဟုတ်လား။ ဘယ်တတ်နိုင်ပါ့မလဲ။ ဟဲဟဲ။

ရုက္ခစိုး။ ။ ဒီလို ကလိန်စေ့ငြမ်းစင် .. ပေါက်တတ်ကရ အကြံတွေထွက်အောင် ဘယ်လို ဆေးဝါးတွေများ မှီဝဲလဲ သိပါရစေ။

ချိုကုပ်။ ။ ဘာဆေးမှ မစားဘူး .. အားလုံး ကွိုင်ကွိုင်ပေးတဲ့ အကြံတွေ။

ဖိုးရှုပ်က “ဦးရုက္ခစိုးကြီး မလိုက်ဘူး၊ မလိုက်ဘူးနဲ့ သူချည်းပဲ မေးနေတယ်” ဟု တွေးကာ ဦးရုက္ခစိုး မမေးနိုင်ခင် ကမန်းကတန်း ဝင်မေးလိုက်သည်။

ဖိုးရှုပ်။ ။ မြန်မာပြည်အနေနဲ့ စနစ် ပြောင်းတော့မှာလားခင်ဗျာ။

ချိုကုပ်။ ။ တိုင်းပြည်ငြိမ်းချမ်းဖို့က အာဏာရှင် စနစ်သာလျှင် အကောင်းဆုံး မဟုတ်လား ဒီစနစ်တည်မြဲဖို့ ကိုပဲ ကြိုးစားသွားမှာပါ။ ဘာလို့များလဲ။

ဖိုးရှုပ်။ ။ သြော် မြန်မာပြည်မှာ လိင်ပြောင်းဝန်ဆောင်မှုလည်း စနေပြီ၊ ပြီးတော့ အလှဖန်တီးရှင် မယ်ရွေးပွဲ လည်း တရားဝင်ခွင့်ပြုလိုက်တယ် ဆိုတော့ .. စနစ်ပဲပြောင်းမလား ချိုကုပ်ဒူးကြီးပဲ ပြောင်းမလား လို့ပါ။

ချိုကုပ်။ ။ ဒါလား .. စနစ်တော့မပြောင်းပါဘူး .. ပြောင်းချင်းပြောင်း ကျုပ်ပဲ ပြောင်းမှာပါ၊ အဲ ယောင်လို့ .. ဒါကတော့ တိုးတက်တဲ့သဘောပါ။ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့အနေနဲ့ အလှဖန်တီးရှင်တွေလည်း အခွင့်အရေး ရ၊ မောင်တေဇတို့ အမျိုးတွေလည်း စီးပွားဖြစ် .. အဲဒီလိုပေါ့နော်၊ ကျုပ် အိတ်ကပ်ထဲ ထည့်ချင်တဲ့ သူတွေအတွက် အခွင့်အရေးလေးတွေ ဖန်တီးပေးတာပါ။

ရုက္ခစိုး။ ။ ဒါနဲ့ ဒီလိုအချိန်မျိုးမှာ ချိုကုပ်ဒူးကြီးက ဘာလို့ ဒီလိုငွေဆောင် ကမ်းခြေကို ရောက်နေတာလဲဗျ။

ချိုကုပ်။ ။ ဟေ့လူ ဒါက အော့ဖ်သည်ရက်ကော့ (Off the record) နော်..။ ဒီလိုဗျ .. ခင်ဗျားတို့နဲ့ အင်တာဗျူးဖို့ ချိန်းထားလို့ တမင် ဒီလို ငြိမ်းချမ်းတဲ့နေရာကို ရွေးလိုက်တာ။ တကယ်ဆိုရင် ဘုရားပေါ်တောင် ချိန်းချင်တာ .. မကောင်းတတ် လွန်းလို့။ ကျုပ်က ငြိမ်းချမ်းရေးကို မြတ်နိုးတယ်ဆိုတာ လူသိအောင် ရေးပေးနော် .. အဟဲ။

ထို့နောက် “ဓာတ်ပုံရိုက်မယ်ဆိုလည်း ပြောဦးသိလား။ ပြုံးပြုံးလေးနေမလို့” ဟု ပြောကာ သဲသောင်ပြင် ပေါ်တွင် နှစ်ပတ်ခန့် ထပ်လှိမ့်လိုက်ပြန်သည်။ ဦးရုက္ခစိုးက စိတ်ထဲမှနေ၍ “သြော် ဒုက္ခ၊ ဒုက္ခ မြင်ရတာ မသက်သာ လိုက်တာ၊ စားချင်သောက်ချင်စိတ်တောင် ပျောက်သွားတယ်” ဟုညည်းလိုက်သည်။

ဖိုးရှုပ်။ ။ ပြီးမှ ဓာတ်ပုံရိုက်ပါ့မယ်ခင်ဗျ။ ကျနော်သိချင်တာက မြှောက်ပေးတုန်းက မြှောက်ပေးခဲ့ပြီး ဘာဖြစ်လို့ ခုမှ ကိုးကန့်တွေကို နှိမ်နင်းနေတာလဲ ဆိုတာပါ။

ချိုကုပ်။ ။ သြော် .. မနှိမ်နင်းရပါလားဗျာ။ မဟုတ်တာတွေ မပြောပါနဲ့။ သူတို့ဘာသာ သူတို့ ဒုက္ခရှာတာပါ။ နယ်ခြားစောင့်တပ်ကလေး ဖွဲ့ပေးပါဆိုတာကို ငြင်းတာကိုး .. ခက်ပါတယ် ကျုပ်လက်အောက်က လူတွေ ကလည်း ထစ်ခနဲဆို ပစ်မယ် ခတ်မယ်ဆိုတာချည်းပဲ။ သြော် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ..။ အင်း လူတွေ လူတွေ တရားမရကြသေးပါလား။ တရားမရဘူးဆိုတာ ခင်ဗျားတို့ သတင်းသမားတွေကို ပြောတာ .. ဒီကဖြင့် ဘာမှ မလုပ်ရသေးဘူး ရေးမယ်၊ မေးမယ် ဆိုတာချည်းပဲ။ တခါတလေ မသိချင်ယောင် ဆောင်ပေးကြပါတော့လား။

ဖိုးရှုပ်။ ။ ဒါကတော့ မေးဖို့၊ ရေးဖို့က ကျနော်တို့ သတင်းသမားတွေ အလုပ်ပဲလေဗျာ။ နေပါဦး ဆက်မေး ပါဦးမယ် .. ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ဆိုပြီး တိုင်းရင်းသားတွေကို နှိပ်ကွပ်နေတာက ဘာသဘောလဲ။

ချိုကုပ်။ ။ ဟာ အဲဒါ သတင်းမှားတွေပါ။ ဘယ်မှာ နှိပ်ကွပ်လို့လဲ။ ဘာမှလဲ မလုပ်ရဘဲနဲ့။ ဒါ မတရား စွပ်စွဲ ခံရတာပါ။

ဦးရုက္ခစိုး။ ။ (စိတ်ထဲမှ - ဗြောင်ကတော့လိမ်ပြီ) ဒီကေဘီအေနဲ့ ကေအန်ယူကို အိမ်ကြက်ခြင်း အိုးမည်း သုတ်တယ်လေ။

ချိုကုပ်။ ။ ဒါက သူတို့ ကရင်အချင်းချင်း မတည့်လို့ ဖြစ်ကြတာပါ။ ကျုပ်နဲ့ ဘာဆိုင်လို့တုန်း။

ဦးရုက္ခစိုး။ ။ (စိတ်ထဲမှ - တင်းလာပြီနော် ဟင်းဟင်း) ကိုးကန့်တွေကို ခင်ဗျားတို့ နှိပ်ကွပ်တာနဲ့ ကချင်တွေလည်း သူတို့ဘက် ဘယ်တော့လှည့်မလဲ မျက်ခုံးလှုပ်နေရပြီ။

ချိုကုပ်။ ။ လုပ်ပါ့မလားဗျာ တအူတုံဆင်း တိုင်းရင်းသား ညီအစ်ကိုချင်းတွေပဲဟာ။ ခုဆိုရင်ပဲကြည့် ကိုးကန့်ဒေသကြီး ဒီလောက်ငြိမ်းချမ်းနေတာကို။ ပြန်ဝင်ချင်တဲ့သူတွေကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပေးနေတယ်။ ကဲ ဒီလို နိုင်ငံတော်အကြီးအကဲမျိုး ရှာကြည့်ဦး။ ဘယ်မှာရှိမလဲ။ တခုတော့ရှိတာပေါ့လေ ခြေမ မကောင်းခြေမ၊ လက်မ မကောင်း လက်မ ဆိုသလို တယောက် နှစ်ယောက်ကိုတော့ ရှင်းရတာလေးတွေ ရှိတာပေါ့။ ဒါလေးလောက် လုပ်တာနဲ့တော့ ဒီလောက်တောင် အပြစ်မတင်သင့်ပါဘူး။

ဖိုးရှုပ်။ ။ ဒါနဲ့ အစကတော့ ငြိမ်းချမ်းရေးယူတယ်ဆို၊ အပစ်ရပ်တယ်ဆို။

ချိုကုပ်။ ။ အပစ်ရပ်တယ် ဆိုတာက ဒီလိုရှိတယ်ဗျ။ ရပ်တယ်ဆိုကတည်းက ရာသက်ပန်နားတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ အဟဲ ရှင်းပါတယ်နော်။ သူတို့ဘက်က ရပ်ကြပေါ့၊ ကျုပ်တို့က ရပ်ချင်မှ ရပ်မှာပေါ့။ လက်နက်ဆိုတာ ဒီတိုင်း ကိုင်ထားရင် သံချေးတက်သွားမှာပေါ့လို့ .. လေ့ကျင့်ခဏ်းလေး ဘာလေး လုပ်တဲ့ အနေနဲ့ ပစ်ပေးမှ။ ဟဲဟဲ အဲဒါကနောက်တာသိလား။ နေဦးဗျ .. ရေးတဲ့အခါကျရင် ကျုပ်က အရမ်းကို ငြိမ်းချမ်းရေး လိုလားတဲ့အကြောင်း .. တိုင်းရင်းသားတွေ သွေးထွက်သံယိုဖြစ်မှာကို လုံးဝ မလိုလားတဲ့ အကြောင်း၊ တိုင်းရင်းသားတွေကို ညီရင်းအစ်ကို တမျှ ချစ်တယ်ဆိုတဲ့အကြောင်း ပေါ်လွင်အောင် ရေးပေးနော်၊ ကျေးဇူးမမေ့ဘူး သိလား။ နယ်စပ်ဒေသ ငြိမ်းချမ်းရေး .. ရေး ..

ထိုစဉ် ချိုကုပ်ဒူးကြီးခါးတွင်ချိတ်ထားသော လက်ကိုင်ဖုန်း မြည်လာသည်။

ချိုကုပ်။ ။ ဘာလဲကွ .. ဟေ၊ ဘာပြောတယ်။ နယ်မြေအေးချမ်းသာယာအောင် ဒီလောက်လေးတောင် မကူညီနိုင်ဘူးတဲ့လား။ တောက် .. နရင်းရိုက်လိုက်ကွာ။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီး သတိထားမှပေါ့ .. ငြိမ်းချမ်းရေးဆို။

ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးဘက်လှည့်၍ “ဟုတ်တယ် .. ကျုပ်က ငြိမ်းချမ်းရေးအတွက် လုပ်နေတာ။ အဲဒီ တိုင်းရင်းသာတွေ +*^%&$#@” ဟု ပြော၍ တဖန် ဖုန်းဆက်ပြောပြန်သည်။

ချိုကုပ်။ ။ ဟေ့ ငြိမ်းချမ်းဖို့ အရေးကြီးတယ်ကွ။ အကုန်ရှင်းပစ် .. မီးနဲ့တိုက်။

ဖိုးရှုပ်။ ။ သတိထားပါ ချိုကုပ်ဒူးကြီး။ အင်တာဗျူးတာ မပြီးသေးဘူးလေ။

ချိုကုပ်။ ။ ငြိမ်းချမ်းရေးသည်သာ ပထမ၊ ငြိမ်းချမ်းရေးသည်သာ ဒုတိယ၊ ငြိမ်းချမ်းရေးသည်သာ .. (လက်ကိုင်ဖုန်းကို ပါးစပ်နှင့်တေ့၍) ဟာ .. ဒီလောက်တောင် ပြောမရဆိုမရတဲ့ဟာတွေ .. ပစ် …………………။

No comments: