ကိုမော်
စက်တင်ဘာလ ၉ ရက်နေ့ နံနက် တွင်မှ မိမိသည် သာစည်မြို့ ရှိ ဒကာတဦး နှင့် တွေ့ဆုံခဲ့ ရပြီး မြေလတ် ဒေသတွင်း ဆက်သွယ်ရေး ကိစ္စများ လွယ်ကူ ချောမွေ့စေရန် ဆွေးနွေး ညှိနှိုင်း ခဲ့ကြသည်။ လတ်တလော အခြေအနေသည် မိမိတို့အတွက် ပြင်ဆင် ချိန်ကာလ အလွန်နည်း နေပြီဖြစ် သလို လုံခြုံရေး အရ အထူး ဂရုစိုက်ရမည့် အချိန်လည်း ဖြစ်ပါသည်။
ထို့အတူ ခရီးစဉ်သည် ဝါတွင်းကာလ ဖြစ်နေ၍ ခရီးသွားခွင့် အကန့်အသတ်ရှိသဖြင့် အချိန်အတော်များများကို ကားနှင့် ရထားပေါ်တွင်သာ ကုန်ဆုံးစေပြီး ဒေသတခွင် စုံလင်အောင် လှည့်လည်ရတော့သည်။
ထိုစဉ် အခြေအနေအရ မြင်းခြံမြို့ဘက်သို့ကူးရန် လတ်တလော အရေးကြုံလာ၍ မြင်းခြံသို့ ခရီးဆက်ခဲ့ရ၏။ မြင်းခြံတွင်လည်း မိမိ၏ လုပ်ငန်းစဉ်ကိစ္စတချို့နှင့် ပတ်သက်ပြီး တွေ့ဆုံစရာရှိသည့် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်တချို့ကို တွေ့ဆုံနိုင်ရန် ကြိုးစားစီစဉ်ခဲ့ပြီးမှ စက်တင်ဘာ ၁၀ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့သို့ပြန်ခဲ့ရသည်။
ကျောက်ပန်းတောင်းသို့ ရောက်ပြီးနောက် သံဃာ့တပ်ပေါင်းစု ဖွဲ့စည်းပြီးကြောင်းနှင့် တောင်းဆိုမှုများကို ဂဃနဏ သိရတော့၏။ ထိုအဖွဲ့အစည်းကို ဦးဂမ္ဘီရတို့ ဦးဆောင်ကာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကြားသိရ၍ သေချာအောင် ဆက်သွယ်စုံစမ်းရန် ကြိုးစားခဲ့သည်။
ကျောက်ပန်းတောင်းသည် စာသင်သား သံဃာတော်များ အများအပြား သီတင်းသုံးနေထိုင်ရာ ဒေသဖြစ်ပြီး မိမိတို့ ချိတ်ဆက်ထားရာ ဆရာတော်ကြီးများ သီတင်းသုံးရာ စာသင်တိုက်တချို့လည်း ရှိထားခဲ့သည်။ သို့ပေမဲ့ လုံခြုံရေး အခြေအနေအရ ဝင်ရောက်တွေ့ဆုံနိုင်ခြင်း မရှိခဲ့သည့်အပြင် မိမိ၏ အခြေအနေပင် မဟန်ဖြစ်ခဲ့ရ၏။
ထိုစဉ်က ခရီးသွားခွင့်အရလည်း ဝါတွင်းကာလဖြစ်၍ ၇ ရက်သာ ရှိသည်။ သို့ဖြစ်၍ ကျန်ရှိသည့် ကိစ္စရပ်တချို့ကို မိတ်ဆွေတဦးထံ လျှို့ဝှက်စွာ လွှဲပြောင်းပေးခဲ့ပြီး၊ မိမိ၏ လုပ်ငန်းစဉ်ကို အဆုံးသတ်ကာ ကျောက်ပန်းတောင်းမှ မိုင် ၂၀ ကျော်ကွာဝေးသည့် စလေမြို့သို့ တိတ်တဆိတ် ထွက်ခွာခဲ့သည်။
ထို့နောက် စလေနှင့် ချောက်မြို့သွားရာ လမ်းမကြီးကို ချိတ်ဆက်ထားသည့် မိုလာလမ်းခွဲအရောက် ချောက်မြို့မှ ရန်ကုန်သို့ ထွက်မည့်ကားကို လမ်းဖြတ်စောင့်ကာ ရန်ကုန်သို့ ပြန်ဆင်းခဲ့လေတော့သည်။
စက်တင်ဘာ ၁၁ ရက်နေ့ နံနက်တွင် မိမိသည် ရန်ကုန်သို့ ပြန်ရောက်ခဲ့ပါသည်။ ရောက်ရှိပြီးနောက် ဦးဂမ္ဘီရနှင့်အဆက်အသွယ်ရရန် အားထုတ်ရပြန်သည်။ ဦးဂမ္ဘီရသည် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ဖွဲ့ပြီးသည်ဖြစ်၍ လုံခြုံရေးအရ လူတော်တော်များများနှင့် အဆက်အသွယ် ဖြတ်ထားခဲ့သည်။
ထိုနေ့တွင် လူတဦးထံမှ ဦးဂမ္ဘီရတို့ အခြေအနေတချို့ကို ကြားသိခဲ့ရပြီး မိမိနှင့်လည်း အဆက်အသွယ် ပြန်ရခဲ့သည်။ ထို့နောက် မိမိ၏ ခရီးစဉ် အခြေအနေများ၊ ခြုံငုံသုံးသပ်ချက်များကို အပြန်အလှန် ဆွေးနွေးပြီး သံဃာ့တပ်ပေါင်းစုကြီးမှ ကြေညာထားသည့် စက်တင်ဘာ ၁၈ ရက်နေ့ကို စစ်အာဏာပိုင်များမှ အကြောင်းမပြန်ခဲ့ပါက သံဃာထု အင်တိုက်အားတိုက် ထွက်ပေါ်လာနိုင်ရေးအတွက် သံဃာတပါးနှင့်အတူ လူငယ်တချို့၏ ပံ့ပိုးမှုဖြင့် အားထုတ် ရတော့သည်။
အကယ်၍ သံဃာတော်များ၏ နောက်ဆုံးထား တောင်းဆိုမှုအား စစ်အာဏာပိုင်များမှ ဥပေက္ခာပြု၊ လျစ်လျူရှုခဲ့ပါက မိမိတို့သံဃာထုအတွင်း စည်းရုံးလှုံ့ဆော်ထားမှုကို အဆင်သင့် ဖြစ်စေရန် အမာခံ သံဃာတော်များကို အဓိက စုဆောင်း ခဲ့သည်။
ထိုစဉ် မိမိတို့အဖွဲ့တွင်း အငြင်းအခုံ ဆွေးနွေးရသည်မှာ အကယ်၍ နအဖ မှ မိမိတို့ တောင်းဆိုသည့်အတိုင်း လိုက်လျောမှု မရှိပါက မေတ္တာပို့၊ ဆန္ဒထုတ်ဖော် ကြမည်ဆိုသော် ဦးဆောင်ချီတက်မှု အခန်းကဏ္ဍကို ဘယ်လိုဘယ်ပုံ ဖန်တီးကြမည် ဆိုသည့်ကိစ္စအား အဓိကထား ဆွေးနွေး ခဲ့ရသည်။ သို့သော် တူညီသည့် အဖြေတခု သတ်သတ်မှတ်မှတ် မရရှိဘဲ ဖြစ်ခဲ့ကြသည်။
တချို့သံဃာများကလည်း ဦးဆောင်ချီတက်ရာတွင် အတွေ့အကြုံအရ အစဉ်အလာ ရှိကြသူများကို အစီစဉ်တကျ ဦးဆောင်စေချင် ကြသည်။ ဆန္ဒထုတ်ဖော်ပွဲကြီး ဖြစ်ပေါ်လာတော့မှ မည်သူ့ ဦးဆောင်မှုနောက်ကို မည်သို့ လိုက်ရမှန်းမသိ ဖြစ်နေရင်လည်း ထိုကိစ္စသည် ကစဥ့်ကလျားနှင့် အချည်းအနှီးသာ ဖြစ်သွားမည်ကို စိုးရိမ်ကြ၏။
မိမိတို့ကလည်း ကိုယ်တိုင်ပါဝင်ပြီး ဒီသံဃာထုအတွင်း၊ လူထုတွင်း ဆက်စပ်မှု အနေအထားများကိုအခက်အခဲကြားက ကြိုးစားတည်ဆောက် ထားရသည်ဖြစ်၍ ဒီပွဲတခုတည်းဖြင့် မိမိတို့ အင်အားစုများကို အင်တိုက်အားတိုက် ထုတ်ဖော်လိုခြင်း မရှိသေးပေ။ အကယ်၍ နောက်ဆုံး တိုက်ပွဲ အဆင့်ဟု ဆိုနိုင်မည် ရှိသော်တောင်မှ စဉ်းစားရဦးမည်ဟု မှန်းထား၏။
ထို့ပြင် မိမိတို့အနေနှင့် သံဃာ့တပ်ပေါင်းစုက ကြေညာလှုံ့ဆော်ထားသည့် ကိစ္စကို အားစမ်းပွဲတခုအဖြစ်သာ ရှုမြင်ထားပြီးလည်း ဖြစ်သည်။ အလုံးစုံအောင်မြင်မှုဆိုတာ ရေရာသေချာခြင်း မရှိသေးသည့် အားစမ်းပွဲတခုကို အမာခံအင်အားများ ဖြုန်းတီးလိုက်သည့် ပွဲတခုအဖြစ် အကောင်အထည် ပေါ်မသွားဖို့ အဓိက ဂရုစိုက်ခဲ့ရသည်။
ထိုသို့ ဆွေးနွေးမှုများကို ဦးဂမ္ဘီရနှင့်လည်း ထပ်မံဆွေးနွေးရာ ဦးဂမ္ဘီရက “အရှင်ဘုရားတို့အနေနဲ့ အဓိက လုပ်စေချင်တာက သံဃာထုတွင်း စည်းရုံးလှုံ့ဆော်မှုကိုပဲ လျှို့ဝှက်ကျစ်လစ်စွာလုပ်ဖို့ ခေါင်းထဲ အဓိက ထည့်ထားပါ ဘုရား။ ဦးဆောင်မှု အခန်းကဏ္ဍကတော့ လှုပ်ရှားမှုကြီးအတွင်း ပေါ်လာပါလိမ့်မယ်။
အဲဒီအတွက်ကပူစရာ မလိုပါဘူး။ အစဉ်အဆက်က တိုက်ပွဲအတွေ့အကြုံရှိတဲ့ ကိုယ်တော်တွေ ရန်ကုန်မြို့မှာ အများကြီးပါ။ သူတို့တွေ အလိုလို ရှေ့တန်းကို ရောက်လာပါလိမ့်မယ်။ အရှင်ဘုရားတို့က လုပ်နေကြ ဆောင်ပုဒ်အတိုင်း ရေရှည်မြှုပ်နှံနိုင်ဖို့သာ စိတ်စောထားကြပါ''
''တပည့်တော်တို့ လုပ်တယ်ဆိုတာကလည်း တကယ်တမ်းတော့ အဖိနှိပ်ခံ လူထုရှေ့က မားမားမတ်မတ် ထွက်ရပ်တယ်ဆိုတာကို ဖော်ပြချင်တာ ပါပဲ။ ဘယ်သူ့ကိုတော့ သာစေ၊ ဘယ်သူ့ကိုတော့ နာစေဆိုတဲ့ စိတ်ထားမျိုး တပည့်တော်တို့မှာ မရှိသလို၊ မထားကြဖို့လည်း အထူးလိုအပ်တယ် ဘုရား။ တပည့်တော်တို့ သံဃာတွေ မေတ္တာပို့မယ် ဆိုတာလည်း ဒီသဘောပါပဲ။ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးချမ်းချမ်း နေစေချင်တာ တကယ့်စိတ်ထားပါ''
''အရှိအတိုင်းပြောရရင် တပည့်တော်တို့က ကိုယ်နဲ့အနီးကပ်ဆုံး ဆက်ဆံနေရတဲ့ ဆွမ်းဒကာ၊ ဒါယိကာမတွေကအစ ကျပ်တည်း ဆင်းရဲနေကြ တာမလို့၊ မနေသာလို့ ထလုပ်နေကြရတာ။ ဆူပူချင်လို့၊ အာဏာလိုချင်လို့၊ နေရာလိုချင်လို့ လုပ်နေကြတာမှ မဟုတ်ဘဲ။
ဒီမိုကရေစီရလည်း တပည့်တော်တို့ ဘုန်းကြီးဆိုတာက နေရာရဖို့လည်း မျှော်လင့်စရာမရှိ၊ အာဏာရဖို့ဆိုတာလည်း စိတ်ထဲတောင် ထည့်မထား ပါဘူး။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆင်ပြေကြတယ်ဆိုရင်ပဲ တပည့်တော်တို့ ပေးဆပ်ရတာ တကယ် တန်ဖိုးရှိလှပြီလို့ ဆိုရမယ်။
ဒီလို အေးချမ်းမှု၊ ငြိမ်းချမ်းမှုကို အခြေခံပြီး မေတ္တာနဲ့ချဉ်းကပ်မှလည်း တပည့်တော်တို့ သံဃာ့အဖွဲ့အစည်းက သံဃာပီသမယ်။ ဒါကို ဘာသာရေး ရှုထောင့်အရ ချဉ်းကပ်နည်းလို့လည်း ဆိုလို့ရနိုင်မယ် ထင်တယ်ဘုရား။ တပည်တော်ကတော့ ဒီအတိုင်းခံယူတယ်” ဟု ဆိုခဲ့၏။
ထိုသို့ဖြင့် မိမိတို့၏ အဓိက လုပ်ငန်းစဉ်ကို ဦးဂမ္ဘီရ အကြုံပြုသည့်အတိုင်း အတတ်နိုင်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားခဲ့ရ ပါတော့သည်။
ထိုစဉ်က နိုင်ငံရေး လှုပ်ရှားမှုလုပ်ငန်းစဉ် တချို့မှာ သံဃာတော်များအနေနှင့် ပူးပေါင်းပါဝင်မှု ရှိနေသည် ဆိုသည်မှာ အမှန်တကယ်တွင် ဘာသာရေးအား နိုင်ငံရေး၊ လောကီရေးရာများနှင့် ရောထွေးသွားစေရန်၊ ဘာသာတရားကို ခုတုံးလုပ်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်များကို ဝင်ဆံ့ စေရန်၊ နိုင်ငံရေး သြဇာအရှိန်အဝါ ကြီးမားရန် အားထုတ်ခဲ့ခြင်း မဟုတ်ပါ။
အခြေအနေအရ နီးစပ်ရာ၊ စိတ်တူကိုယ်တူဖြစ်ရာ ရဟန်းချင်း စုစည်းမှုများမှနေ၍ မျက်မှောက်ခေတ် တိုင်းပြည်၏ အခြေအနေအရပ်ရပ်ကို စကားစပ်မိကြရင်း ဆွေးနွေးတိုင်ပင်မှုများမှ အဖိနှိပ်ခံ ပြည်သူလူထုနှင့် ဖိနှိပ်အုပ်စိုးသူ စစ်အာဏာပိုင်ကြား ပြေလည်ရာ ပြေလည်စေကြောင်း နည်းလမ်းကောင်းများကို ရှာဖွေမိခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့သော စိတ်စေတနာကောင်းများကို အခြေခံကာ သံဃာထုတရပ်လုံး လမ်းမပေါ်ထွက် မေတ္တာပို့ကြွချီနိုင်ရန်အထိ အားထုတ်ခဲ့ကြခြင်းသာ ဖြစ်သည်။
စိတ်အရင်းခံ အရဆိုရလျှင် မိမိတို့၏ ပြည်သူများ ဆင်းရဲနေပြီ၊ တိုင်းပြည်ကြီးတွင် ဘာသာတရားကို ခုတုံးလုပ်ပြီး ကိုယ့်ပြည်သူကို လိမ်ညာ လှည့်ဖြားနေသည့် အုပ်စိုးသူများ တနေ့ထက်တနေ့ ဆိုးရွားလာနေပြီ၊ လူတဦးချင်းစီ၏ကိုယ်ကျင့်သီလတွေမှာလည်း နိုင်ငံရေးစနစ် တည်ငြိမ်ကောင်းမွန်မှု မရှိသည့်အပေါ် အခြေခံပြီး တစထက်တစ ယုတ်လျော့ကျဆင်းနေပြီ၊ ဤသည်များမှာ မိမိတို့ ဘာသာ၊ မိမိတို့ သာသနာ၏ ပျက်စီးရာပျက်စီးကြောင်း လမ်းစများပင်။ ဤစနစ်ဆိုးကြီးများ၊ လက်နက်အားကိုး ဖိနှိပ်မှုများသည် လူသားအားလုံးအတွက် သမိုင်းအစဉ်အဆက် ကောင်းခဲ့သည်မဟုတ်။ အားလုံးမှာ စနစ်တခုပေါ်မှာပဲ မူတည်သည်။
ဤစနစ်ဆိုးကြီးများကို ပြုပြင်ပြောင်းလဲနိုင်ရန် မကောင်းမှု၊ အကုသိုလ်အလုပ်များကို တားမြစ်နိုင်ရေး တာဝန်သည်လည်း ယခုလို သာသနာ့ ဝန်ထမ်း ရှင်ရဟန်းများ အပေါ်တွင် အပြည့်အဝ တာဝန်ရှိလာပြီဟု နေ့စဉ် အဖန်ဖန်အထပ်ထပ် ရှုမြင်မိ ကြခြင်းသည် လက်တွေ့ ဖြစ်ရပ်များ ဖြစ်သည်။
ယခုလို ရှုမြင်သုံးသပ်မှုများမှနေပြီး မှားယွင်းနေမှုများကို အမှန်ပြင်ရန် တွန်းပို့နိုင်ရေးသည် နီးစပ်ရာ၊ ခင်မင်ရင်းနှီးရာ သံဃာအချင်းချင်း စုပေါင်း လမ်းစရှာရင်း၊ လေ့လာစူးစမ်းရင်းက ရဟန်းပျိုသမဂ္ဂလို၊သံဃာ့သာမဂ္ဂီလို၊ သောတုဇနဘိက္ခူလို၊ သံဃာ့တပ်ပေါင်းစုလို အဖွဲ့ကြီးများ၊ အသင်းအပင်းများနှင့်ဖြစ်ပြီး ညီညွတ်စွာ ပူးပေါင်း ပါဝင်ကြသဖြင့် ၂၀၀၇ သံဃာတော်များ မေတ္တာပို့လမ်းလျှောက်ကြွချီမှုကြီး အောင်မြင်စွာ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။
ဤသည်ကို ကြိုးစားဖော်ထုတ်ကြတာကလည်း ပြည်တွင်းက အဖိနှိပ်ခံလူထုနှင့် တသားတည်းရှိနေသည့် စာချ၊ စာသင် အလုပ်ခွင်က ရဟန်း သံဃာတော်များ ဖြစ်ပါသည်။
ဒီကနေ့ ကြေညာချက်ထုတ်၊ နောက်တနေ့ လှုပ်ရှားမှုဖြစ်ဆိုတာမျိုး၊ ဒီလ ကြေညာချက်ထုတ် နောက်လ ပတ္တနိက္ကူဇ္ဇန ကံဆောင်ပွဲ ဖြစ်ရမည် ဆိုသည့် စိတ်ကူးမျိုးနှင့် လုပ်ခဲ့ကြခြင်း မဟုတ်ပါ။ အနှိပ်ကွပ်ခံ သံဃာထုတွင်း၊ လူထုတွင်းကို လက်တွေ့ကျကျ အချိန်ယူစည်းရုံးပြီး မိမိတို့ ကျွမ်းကျင်ရာ ကာလဒေသအလိုက် ဆက်စပ်လှုပ်ရှားမှု အနေအထား များကို အခိုင်အမာတည်ဆောက်ကြပြီးမှ လှုပ်ရှားမှုကြီး စနစ်တကျ ဖော်ဆောင်နိုင်ရန် အားထုတ်ခဲ့ကြတာပါ။
ဤနေရာမှာ ကုန်ဈေးနှုန်း၊ ဆီဈေးနှုန်း အဆမတန်မြင့်တက်လာသဖြင့် လှုပ်ရှားမှုကြီး အကောင်အထည် ပေါ်ရန်အတွက် အခွင့်အလမ်းများ ဖြစ်စေသည်ဆိုသည်က အမှန်တော့ လတ်တလော အကြောင်းအရင်းပါ။
ထိုအချက်အလက်များ ပြည့်စုံမှုကြောင့်လည်း ၈၈၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး နောက်ပိုင်းမှာ အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး၊ သမိုင်းမှာ ယဉ်ကျေးသိမ်မွေ့မှု အရှိဆုံး လူထုလူတန်းစား၊ အလွာအသီးသီး ပါဝင်သော လှုပ်ရှားမှုကြီးဖြစ်ခဲ့သလို ဗုဒ္ဓဘာသာ သာသနာ့ သမိုင်းမှာလည်း အခမ်းနားအဆုံးနှင့် အကြီးကျယ်ဆုံး ဖြစ်သော သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ကြွချီမှုကြီး တနည်းအားဖြင့် အဖိနှိပ်ခံ လူထုရှေ့က မားမားမတ်မတ် ရပ်တည်မှုကြီးပဲ ဖြစ်ခဲ့ပါတော့တယ်။
တချို့ကိစ္စတွေဟာ လောကီသား နိုင်ငံရေးသမားများ၏ လုပ်ရိုးလုပ်စဉ်အတိုင်း၊ သုံးနှုန်းခေါ်ဆိုကြပုံအတိုင်း ခပ်ဆင်ဆင် ဖြစ်သွားတာများ၊ ရဟန်းတော်တပါးအနေနှင့် ဝိနည်းတော်အရ မသင့်တော်စရာကိစ္စလေးများ ဖြစ်ခဲ့တာလည်း ရှိကောင်းရှိနိုင်ပါသည်။ ဤသည်က အမှန်ကမူ စစ်အုပ်စု၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် အခြေအနေအရ မသင့်တော်သည့် ဘက်သို့ ယိမ်းယိုင်သွားခဲ့ရခြင်းပါ။ များသောအားဖြင့်မူ ဘာသာရေး ရှုထောင့်မှနေ၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ချဉ်းကပ်နိုင်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment