
ရဲစခန်းအတွင်း နေထိုင်အိပ်စက်ဖို့ ကုန်ကျရမယ့် ကိစ္စတွေကို ပြီးခဲ့တဲ့အပိုင်း ၁ မှာ ဖော်ပြ ပြီးပါပြီ။ ဒီတပတ်တော့ ရဲစခန်းကနေတဆင့် တရားရုံးကို အမှုတင်တဲ့အခါမှာ ထပ်မံကုန်ကျရဦးမယ့် ငွေကြေးနဲ့ ပတ်သက်ပြီး ဖော်ပြပါမယ်။
မှုခင်းတခုဖြစ်ပြီဆိုရင် မပတ်သက်ချင်တဲ့သူနဲ့လည်း ပတ်သက်ရမယ်၊ မပြောချင် မတွေ့ချင်သူနဲ့လည်း ရင်ဆိုင်ရမယ်၊ နောက်ဆုံး မရောက်သင့် တဲ့နေရာလို့ သတ်မှတ်ထားတဲ့ အချုပ်ခန်းအတွင်းကိုတောင် ရောက်နေပြီဆိုမှတော့ ကျန်တဲ့ကိစ္စတွေက စဉ်းစားစရာတောင် မလိုတော့ပါဘူး။ သာမန်မှုခင်းတွေမှာ ရဲစခန်း ရောက်ပြီဆိုတာနဲ့ အမှုစစ် ရဲအရာရှိက အမှုဖွင့် တိုင်စာရေး၊ ရဲစစ်ချက်ယူ စတာတွေက ရဲရဲ့ တာဝန်ဝတ္တရားပါ။
အမှုစစ်ရဲအရာရှိက အခုအမှုဟာ ထောင်ဘယ်လောက်ထိ ကျနိုင်တဲ့အကြောင်း၊ ဒါပေမဲ့လည်း ရှေ့နေ ရှေ့ရပ် ဥပဒေ နားလည်သူကို ငှားရမ်းပြီး ခုခံချေပမယ်ဆိုရင် လွတ်နိုင်တယ် ဆိုတဲ့အကြောင်း၊ မြို့နယ်တရားရုံး တရားသူကြီးနဲ့ အဆင်ပြေတဲ့ ရှေ့နေကို ဆက်သွယ်ပေးမယ် ဆိုတဲ့အကြောင်း စေတနာထားသလိုနဲ့ ပြောဆိုတာကို မလွဲမသွေ ကြုံရမှာပါ။
တရားရုံးနဲ့ ရဲစခန်း အတွေ့အကြုံ မရှိတဲ့ သာမန်ပြည်သူ၊ တောသူတောင်သားတွေကတော့ အားကိုးတကြီးနဲ့ ကူညီဆောင်ရွက်ပေးဖို့ အကူအညီ တောင်းလိုက်မယ်။ ရဲက ပြောတဲ့ရှေ့နေကို ငှားလိုက်မယ် ဆိုပါတော့ ရှေ့နေငှားခပေါ်မှာ ရဲက ရာခိုင်နှုန်းနဲ့ ငွေရတာလည်း ရှိတယ်။ အမှုပေါ်မှာ မူတည်ပြီး တမှုကို ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာလည်း ရှိတယ်။
ဥပမာ မူးယစ်ဆေးဝါးတမှုဆို ဘယ်လောက်၊ ချဲထီမှုဆို ဘယ်လောက် သတ်မှတ်ထားတာမျိုးပေါ့။ အများအားဖြင့်တော့ ရှေ့နေငှားခပေါ်မှာ ရာခိုင်နှုန်းနဲ့ ယူကြတာ များတယ်၊ ရဲစခန်းနဲ့ပေါင်းထားတဲ့ ရှေ့နေကလည်း ရဲက အမှုပွဲစားလုပ်ပြီး အပ်လာတဲ့အမှုပေါ်မှာ ဖမ်းဆီးမိတဲ့ သက်သေခံပစ္စည်းအပေါ် အမှုအကြီးအသေးအပေါ် မူတည်ပြီး၊ ရဲကိုပေးဖို့က ဘယ်လောက်၊ တရားရုံးကို ပေးဖို့က ဘယ်လောက်၊ ဥပဒေအရာရှိ ဖြစ်သူကို ဘယ်လောက်၊ ရှေ့နေအဖြစ် လိုက်ပါမယ့် သူ့အတွက်က ဘယ်လောက် စသဖြင့် တွက်ချက်ပြီးမှ အမှုသည်ဆီက တောင်းမှာမို့ သက်သာလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ ….။
ရဲနဲ့ပေါင်းပြီး သက်သေခံ ပစ္စည်းတွေကို လဲတာလည်း ပါမယ်၊ ရှာဖွေပုံစံ နည်းလမ်းတကျ မဖြစ်အောင်လည်း ရဲနဲ့ပေါင်းပြီး လုပ်မယ်။ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ မညီအောင် အမှုပွဲစား ရဲနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်။ ဥပဒေ ပြဋ္ဌာန်းချက်တွေ၊ စီရင်ထုံးအကိုးအကားတွေက သိပ်အရေးမကြီးလှဘူး၊ တရားသူကြီးကို ငွေပေးပြီး စီရင်ချက်ကို ရေးခိုင်းမှာမို့ ဥပဒေပညာတတ်စရာတောင် မလိုဘူး၊ ဒါကြောင့်လည်း တချို့မြို့နယ်တွေမှာ ရှိတဲ့အပိုင်စား ရှေ့နေတွေလို့ နာမည်ကြီးနေတဲ့ သူတွေထဲမှာ ဥပဒေပညာကို နှံ့နှံ့စပ်စပ်မသိ၊ မလေ့လာထားတဲ့သူတွေ အများကြီးပါ။
ဥပဒေက မည်သို့ပင်ဆိုစေကာမူ အစောကပြောသလို ငွေတတ်နိုင်တဲ့သူတွေက အမှုက လွတ်ဖို့ အကုန်အကျ ခံတဲ့အတွက် အမှန်တရားဆိုတာကို ဘယ်လိုမှ ရှာဖွေလို့ မရနိုင်တော့ဘူး။ ဒါကြောင့်လည်း ငွေများ တရားနိုင်ဆိုတဲ့ စကားက တွင်ကျယ်လာရတာပါ။
ဥပမာအားဖြင့် လိမ်လည်မှုတခု ဖြစ်ခဲ့ပြီဆိုပါတော့ … လိမ်သွားတဲ့သူဆီမှာက ငွေလုံးငွေရင်းရှိနေပြီ၊ အလိမ်ခံရတဲ့ သူကတော့ ဘာမှမကျန်တော့ ဘူး၊ အမှုရုံးရောက်၊ ရဲစခန်းရောက် စတဲ့ ကိစ္စတွေမှာ ငွေကုန်ခံဖို့ မရှိတဲ့အတွက် ဘာမှရှောရှောရှူရှူ မရှိနိုင်ဘူးလေ။
ရဲကနေပြီး တရားခံတွေ၊ သက်သေတွေ စစ်ပြီးတဲ့အခါမှာ အမှုကို တရားရုံးကိုတင်ဖို့ ဥပဒေအရာရှိကို အမှုတင် ရတယ်လေ၊ ဒီနေရာမှာ ဥပဒေ အရာရှိ ဖြစ်သူက အမှုကိုဖတ်ရှု လေ့လာသုံးသပ်ပြီး မည်သည့် ဥပဒေပုဒ်မနဲ့ အရေးယူရန်ဆိုပြီး မှတ်ချက်ပေးရပြန်တယ်။
ဒီနေရာမှာ ရဲက တင်လာပေမယ့် ဥပဒေဝန်ထမ်းကလည်း ငွေမရရင် သက်သေအထောက်အထား မပြည့်စုံ၊ တပ်ထားတဲ့ပုဒ်မနဲ့ အံမဝင်၊ ဒါကြောင့် လိုအပ်တဲ့ သက်သေ အထောက်အထားနဲ့ သက်သေ ထွက်ချက်တွေ ပြန်စစ်ပါဦးလို့ အမှုကို တရားစွဲဖို့ ထောက်ခံတင်ပြခြင်း မပြုတာကိုလည်း ရင်ဆိုင်ရမှာပါ။
ဒါကြောင့်လည်း တချို့အမှုတွေမှာ ရဲက ဥပဒေအရာရှိကို တမှု ငွေ ကျပ် ၃၀၀၀၀ အနည်းဆုံးပေးမှ ဥပဒေအရာရှိက အမှုတွဲ တင်ပေးတာလည်း တွေ့ရတယ်။ မြို့ပေါ်မှာဆိုရင်တော့ ပုဒ်မ တခုကို တသိန်း ပေးရတယ်လို့တောင် ဆိုတယ်။ ကိုယ်က တရားလိုလုပ်ပြီး အမှုစွဲမယ်ဆိုရင်လည်း ဥပဒေ အရာရှိကိုပေးမှသာ အဆင်ပြေတယ်။
ကိုယ်က တရားခံဖြစ်နေပြီဆိုရင်လည်း ပုဒ်မတွေဖြုတ်ဖို့ကို ဥပဒေအရာရှိကသာ စွမ်းဆောင်နိုင်တယ်၊ ငိုစား၊ ရယ်စား ဆိုတဲ့အထဲမှာ ရဲနဲ့ ဥပဒေအရာရှိလည်း တကြိတ်ထဲ၊ တဉာဏ်ထဲပါပဲ။
လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ မှန်ကန်မျှတတဲ့ တရားစီရင်ရေးဆိုတာက ရှာမရှားတယ်ဆိုတဲ့ အခြေအနေကို ရောက်နေပြီ။ တရားသူကြီး၊ ဥပဒေအရာရှိ၊ တရားခွင်စာရေးလို့ခေါ်တဲ့ ရှေ့ပတ်စာရေး စတာတွေကလည်း ဝန်ထမ်းလစာတွေနဲ့ မလောက်င တဲ့အခါမှာ လာဘ်စားလို့ရတဲ့ ငွေနဲ့သာ မိသားစုပရိရေသန ဝမ်းစာကို ဖြေရှင်းကြရတယ်။
ဒါကြောင့်လည်း လာဘ်စားတာကို ဥပဒေနဲ့မညီတဲ့ အလုပ်လို့ မသတ်မှတ်တော့ဘူး၊ အားလုံး လုပ်နေကြလို့ တရားဝင်ခွင့်ပြုထားတဲ့ အလုပ်တခု လို ထင်မှတ်လာကြတယ် … လာဘ်မစားတဲ့ သူအတွက်တော့ ဝမ်းရေး အဆင်မပြေဘူးပေါ့။
အမှုတခုဖြစ်လာမှတော့ သက်သေခံပစ္စည်းတွေ၊ ရှာဖွေတုန်းက ပါဝင်ခဲ့ပြီး ရှာဖွေပုံစံမှာ လက်မှတ်ရေးထိုးတဲ့ ရှာဖွေ ပုံစံသက်သေတွေကလည်း အမှုထဲမှာ အရေးပါတဲ့နေရာက ရှိနေတယ်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုတွေမှာ ရှာဖွေသူတွေလိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။
ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ရှာဖွေသိမ်းဆည်းရမိတဲ့ သက်သေခံ ပစ္စည်းတွေဟာ မှုခင်းဖြစ်စဉ်က တကယ် သိမ်းဆည်းရမိတာ ဟုတ်မဟုတ် မသေချာတော့ဘူး၊ ဥပဒေသမားတွေကတော့ ရှာဖွေ ပုံစံပျက်တယ်လို့ ပြောကြတယ်။
ရှာဖွေပုံစံ နည်းလမ်းတကျ မဖြစ်တာကြောင့် မူးယစ်ဆေးဝါး တကီလိုကလည်း ၁၀၀၀ တန် ဘိန်းဖြူထုပ် တထုပ်လည်း ဖြစ်သွားနိုင်တယ်။ ပေါင်ဒါမှုန့်တွေလည်း ဖြစ်သွားနိုင်တယ်။ တချို့အမှုတွေမှာ ဘိန်းဖြူအစစ်ကို ရဲက ပေါင်ဒါမှုန့်နဲ့လဲပြီး အစစ်ကို မြို့နယ်အတွင်းက ရောင်းဝယ်သူ တွေကို ပြန်လည်ရောင်းချတာလည်း ရှိတယ်။
ဓာတုဗေဒဌာနကလည်း တခါတလေ ဘိန်းဖြူ အစစ်ဖြစ်ပေမယ့်လည်း ပေါင်ဒါမှုန့်တို့၊ မြေဖြူမှုန့်တို့ဆိုပြီး ငွေရတဲ့အမှုတွေမှာ ရေးသားအကြောင်း ပြန်တတ်ပါတယ်၊ ငွေတတ်နိုင်ရင် တတ်နိုင်သလိုပေါ့လေ ….. အမှု အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်။
အခု ဖော်ပြနေတဲ့အထိ အမှုက တရားရုံးကို မရောက်သေးပါဘူး ….. အမှုစွဲတင်ဖို့အတွက် ရဲ၊ ဥပဒေ အရာရှိနဲ့ ရှာဖွေ ပုံစံသက်သေတွေကို ငွေပေးပြီး အမှု တည်ဆောက်နေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးနေတဲ့ တရားခံကို လိုက်ဖမ်းဖို့ ပေးရမယ့်ငွေ၊ အချို့ကိစ္စတွေမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ပူးတွဲ တရားခံတွေကို ဖမ်းဖို့လိုတဲ့အခါမှာ ရဲက ၂ ခါ ငွေရပါတယ်။
အမှုသည်က ပြစ်မှုကျူးလွန်တဲ့ တရားခံကို ဖမ်းဖို့ ရဲကို ငွေပေးရသလို၊ အဖမ်းခံရမယ့် တရားခံတွေကလည်း မဖမ်းဖို့ ရဲကို ငွေပေးလာဘ်ထိုး ရပြန်တယ်။ အဲဒီအခါမှာ ရဲက ၂ ဖက်စလုံးက ငွေကိုယူပြီး တရားခံတွေကို ရုံးချိန်းနေ့ကျရင် လာအဖမ်းခံဖို့ ညှိနှိုင်းပြီး လုပ်ဆောင်တတ်တာလည်း ရှိပါတယ်။
အကျင့်ပျက် ရဲဝန်ထမ်း၊ ဥပဒေအရာရှိနဲ့ အပိုင်စားရှေ့နေတွေက ဥပဒေကို လက်တလုံးခြား လုပ်၊ မမှန်သက်သေတွေ ဖန်တီးတဲ့ ကိစ္စရပ်တွေကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား၊ အထက်အာဏာပိုင် အဆင့်ဆင့်ကို တိုင်ကြားရင်ကော မရဘူးလား စသဖြင့် မတရားခံရတဲ့သူတွေက စဉ်းစား မိပါလိမ့်မယ်၊ မတရား အလုပ်ခံရတဲ့ကိစ္စမို့ မကျေမနပ် ဖြစ်ပြီးလည်း တိုင်ကြ၊ တန်းကြတာတွေလည်း အများအပြားပါ။ ဒါက လူ့သဘာဝ မဟုတ်လား ….။
အထက်အာဏာပိုင် အဆင့်ဆင့်ကို တိုင်တန်းလို့ အပြစ်ပေး အရေးယူတဲ့အခါ အလွန်ဆုံးအလုပ်က ပင်စင် ပေးလိုက်တာ၊ ရာထူးတဆင့် ချထား လိုက်တာ၊ နယ်ပြောင်းရွှေ့ခံရတာက အလွန်ဆုံးပါပဲ၊ ထောင်ကျသွားတဲ့ ရဲအရာရှိ၊ ဥပဒေအရာရှိဆိုတာ လွန်စွာမှပင် ရှားပါးလှတယ်လို့ သိရပါတယ်။
ယခင် ထောက်လှမ်းရေးတွေ ခေတ်ကောင်းစဉ်အခါက တရားစွဲအဖွဲ့အစည်း အသီးသီးက ကျူးလွန်ခဲ့တဲ့ လာဘ်စားမှု တွေကို ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေဆိုတာနဲ့ အရေးယူခဲ့တာ မဟုတ်ပါဘူး၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ရာထူး ချတာ၊ နယ်ပြောင်းတာနဲ့ သိပ်လွန်လွန်းတဲ့သူကို အနားပေးလိုက်တာပဲ ရှိပါတယ်။ ထောင်မကျပါဘူး။
(တရားရုံးမှာ ကုန်ကျရမည့်ငွေကို ရှေ့အပတ်တွင် ဆက်လက် ဖော်ပြပါမည်။)
No comments:
Post a Comment