ကျနော်သည် ရန်ကုန်မြို့တွင် နေထိုင်သူတဦးဖြစ်ပါသည်။ ယခုအခါ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် တိုက်သစ်များ ဆောက်လုပ်ပြီးပါက မိမိ၏တိုက်ရှေ့တွင် (5’ အကျယ် x 5’ အနက်) ရေမြောင်းတူးပါမှ လူနေထိုင်ခွင့် ချပေးမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံချက်ဆိုပြီး ဖိအားပေးနေပါသည်။ ရန်ကုန်မြို့ပေါ်ရှိ လမ်းတံတား၊ ရေမြောင်းများကို စီမံချက်ဖြင့် တူးဖော်ဆောက်လုပ်ရမည့်တာဝန်မှာ မြို့တော်စည်ပင်၏ တာဝန်ဖြစ်ပါသည်။
ဆောက်လုပ်ရေးကန်ထရိုက်တာများဘက်မှ မိမိဆောက်လုပ်ထားသော တိုက်ရှေ့ရေမြောင်း၊ နောက်ဖေးရေမြောင်းများကို တလမ်းလုံးအတိုင်းအတာဖြင့် ရေစီးရေလာကောင်းမွန်အောင် သံ၊ ခဲများကို ရှင်းလင်းပေးရမည်ဖြစ်ပါသည်။
မြို့တော်စည်/ပင်မှ (5’ အကျယ် x 5’ အနက်) ရေမြောင်းတူးခိုင်းရာတွင် တလမ်းလုံးတူးခြင်းမဟုတ်ဘဲ၊ (တတိုက်ဆောက်၊ တကွက်ဖောက်) စနစ်ဖြင့် တူးခြင်းဖြစ်သဖြင့် ရန်ကုန်တိုင်းတတိုင်းလုံး အတိုင်းအတာနှင့် ယင်းကဲ့သို့ တူးပါက အောက်ပါ ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်သည်ကို သုံးသပ်ရပါသည်။
၁။ လက်ရှိရေမြောင်းမှာ 1’ (သို့) 1½ အကျယ်ရှိပြီး (5’ အကျယ် x 5’ အနက်) တူးသဖြင့် တလမ်းလုံးရေမြောင်းမှာ တဖြောင့်တည်းဖြစ်၍ ၎င်းတိုက်ရှေ့တွင် ရေကန်သဖွယ်ဖြစ်နေ၍ ရေကန်ထဲတွင် အမှိုက်များ စုပုံနေခြင်း၊ ရေဆိုးများ ၀ပ်နေခြင်းကြောင့် ခြင်များစွာ ပေါက်ဖွားမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ ရေကန်ငယ်များ တနှစ်အတွင်း ရန်ကုန်တိုင်းတတိုင်းလုံး ရာနှင့်ထောင်နှင့်ချီ ရှိမည်ဖြစ်သဖြင့် ရန်ကုန်မြို့နေ ပြည်သူအများ သွေးလွန်တုပ်ကွေး ရောဂါအကြီးအကျယ်ဖြစ်ပြီး ရောဂါကို ထိန်းချုပ်ရန် မလွယ်ကူတော့ပါ။
၂။ (5’ အကျယ် x 5’ အနက်) ရေမြောင်းများတူးရာတွင် အချို့နေရာများတွင် ဂျိုးဖြူရေပိုက်လိုင်းနှင့် မလွတ်ကင်းသဖြင့် အကယ်၍ ရေမြောင်းတူးရင်း ဂျိုးဖြူရေပိုက်ကို မတော်တဆထိခိုက်ပြီး ပေါက်သွားပါက ဂျိုးဖြူရေကို မှီခိုအသုံးပြု၍ နေရသော ပြည်သူအများ ဒုက္ခရောက်မည်ဖြစ်ပါသည်။
၃။ (5’ အကျယ် x 5’ အနက်) ရေမြောင်းတူးရင်း အချို့နေရာများတွင် မြေအောက်လျှပ်စစ်လိုင်းများကို မတော်တဆထိခိုက်ပြီး ၀ါယာရှော့ဖြစ်ကာ ပြည်သူအများ၏ လျှပ်စစ်ပစ္စည်းများကို ပျက်စီးစေနိုင်ပါသည်။
၎။ အချို့လမ်းကျဉ်းများတွင် ရေမြောင်းတူးခြင်းကြောင့် လျှပ်စစ်ဓာတ်တိုင်များ၊ ဆက်သွယ်ရေးဖုန်းတိုင်များနှင့် မလွတ်ကင်းသဖြင့် တလမ်းလုံးမှ ဓာတ်တိုင်များ၊ ဖုန်းတိုင်များကို လမ်းဘေးသို့ ရွှေ့ရမည်ဖြစ်သဖြင့် ပြည်သူများအတွက် အဆင်ပြေမှုမရှိနိုင်ပါ။
၅။ လမ်းကျဉ်းများတွင် တတိုက်ဆောက်၊ တကွက်ဖောက် စနစ်ဖြင့် တူးခြင်းဖြင့် ကတ္တရာလမ်းများ ဟိုတကွက်၊ ဒီတကွက် ပျက်စီးပြီး ရန်ကုန်မြို့တော်၏ သာယာလှပမှုကို ပျက်စီးစေနိုင်ပါသည်။
၆။ (5’ အကျယ် x 5’ အနက်) ပေ (၂၅) တကွက်တူးပါက (၅) သိန်းမှ (၁၀) သိန်းခန့် ကုန်ကျနိုင်သဖြင့် ရန်ကုန်တတိုင်းလုံး အတိုင်းအတာဖြင့် နိုင်ငံခြားငွေ ဘီလီယံနှင့်ချီ၍ အလဟဿဖြစ်သွားနိုင်ပါသည်။
ယင်းကဲ့သို့ ဆိုးကျိုးများရှိခြင်းကြောင့် မြို့တော်စည်/ပင်မှ ရေကြီးသော နေရာများကိုသာ စီမံချက်ဖြင့် ရပ်ကွက်ပတ်သော ရေမြောင်းများကိုသာ တလမ်းလုံးတောက်လျှောက် (5’ အကျယ် x 5’ အနက်) တူးသင့်ပါသည်။
ရန်ကုန်မြို့တော်စည်/ပင်မှ လူကြီးများအနေဖြင့် ပြည်သူတို့အတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သော (5’ အကျယ် x 5’ အနက်) တတိုက်ဆောက်၊ တကွက်ဖောက် စီမံချက်အား ပြန်လည်စဉ်းစားပေးပါရန် တင်ပြအပ်ပါသည်။
အထက်ပါစာအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ပေးပို့တိုင်ကြားသော်လည်း မည်သို့မျှအကြောင်းမထူးပါ။ အဆိုပါကိစ္စဟာ လတ်တလော ရန်ကုန်မြို့နေ ပြည်သူများ အမှန်တစ်ကယ် ခံစားကြုံတွေ့နေရတဲ့ ပြဿနာတခုပါ။ အောက်ခြေ၀န်ထမ်းများလည်း အဆိုပါ ကြောင်းကျိုးဆီလျော်မှု မရှိတဲ့အမိန့်တွေကို မလွန်ဆန်နိုင်လို့သာ လိုက်လံစစ်ဆေးနေရကြောင်း ပြောကြားကြပါတယ်။ ပြည်တွင်းမီဒီယာများကတော့ ဘယ်လိုမှမတတ်နိုင်ကြပါ။ ဖြစ်ရပ်မှန်များကို စိစစ်ဝေဖန်ပြီး အထက်အရာရှိကြီးများနှင့် အများပြည်သူသိအောင် ဖော်ပြနိုင်တဲ့ ခေတ်ပြိုင်မှတဆင့် အသိပေး အကူအညီတောင်းခံလိုက်ပါတယ်။
ကိုလူလှ
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
No comments:
Post a Comment