Sunday, October 4, 2009

ဒီမိုကရေစီနိုင်ငံသစ်နှင့် စာပေကင်ပေတိုင်ရုံး

မောင်သြ

မောင်စိုးတယောက် နံနက်တိုင်း လမ်းလျှောက်ရာမှအပြန် ဘကြီးမိုးနှင့်တွေ့ရန် ဘကြီးမိုးခြံထဲသို့ ၀င်ရောက်ခဲ့သည်။ အဆင်သင့်ပင် ဘကြီးမိုးနှင့်တွေ့သည်။ ဘကြီးမိုးကား လွတ်လပ်ရေးမရမီခေတ်၊ လွတ်လပ်ရေးရပြီး ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တ၊ နအဖခေတ်အထိ နိုင်ငံရေးအတွေ့အကြုံများအပြင် စာပေရေးရာ ဗဟုသုတများ နှံ့နှံ့စပ်စပ် တီးခေါက်မိသူဖြစ်သည်။


ဘကြီးမိုး။ ။ လာဟေ့ မောင်စိုး။ မင်းလာရင်တော့ သတင်းထူးတွေ ပါလာပြီထင်တယ်။

မောင်စိုး။ ။ ပါတာပေါ့ ဘကြီးမိုးရာ၊ အဲဒါတွေ ပြောချင်လို့ ၀င်လာတာ။ အခုလ စက်တင်ဘာ (၄) ရက်နေ့ကထုတ်တဲ့ အတွဲ (၂) အမှတ် (၄၉) လျှပ်တစ်ပြက်ဂျာနယ်မှာပါတဲ့ စာပေစိစစ်ရေးရုံးသတင်းတွေလေ။

ဘကြီးမိုး။ ။ ဆိုစမ်းပါဦး။ စာပေစိစစ်ရေးရုံးက သတင်းတွေဆိုတော့ စိတ်ဝင်စားစရာပဲ။

မောင်စိုး။ ။ လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ (၈) မှာ “စာပေစိစစ်ရေးမူဝါဒပြောင်းလဲ၊ ယခင်က ကန့်သတ်ထားသော အမည်အရင်းများ ပုံနှိပ်ဖော်ပြခွင့်ပြုလာ” ဆိုတဲ့ ခေါင်းစည်းအောက်မှာ အရင်က ပိတ်ပင်ထားတဲ့ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ ဓာတ်ပုံကို ဖော်ပြထားတာတွေ့ရတယ်။ နောက်စာမျက်နှာ (၄) မှာ ကဗျာဆရာကြီးတင်မိုးရဲ့ ပုဂံအကြောင်း ဆောင်းပါးတပုဒ်ကိုလည်း ဖော်ပြထားတယ်။ ပြီးတော့ နောက်ကျောဖုံးမှာလည်း အပိတ်ခံထားရတဲ့ စာရေးဆရာကြီး နန်းညွန့်ဆွေနာမည်နဲ့ ဓာတ်ပုံသတင်းတွေ ဖော်ပြထားတာတွေ့ရတယ်။ အဲဒါ ထူးသလားလို့ ဘကြီးမိုးရေ။

ဘကြီးမိုး။ ။ သိပ်လည်း မထူးလှပါဘူးကွာ။ ဦးထွန်းဝေကော၊ ဦးတင်မိုးတို့က သေဆုံးသွားပြီးတဲ့ လူတွေပဲကွ။ သက်ရှိထင်ရှားရှိနေတဲ့ အပိတ်ခံထားရတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ဖော်ပြရေးသားခွင့်ပြုမှ တကယ်ထူးခြားပြီး တကယ်မူဝါဒပြောင်းလဲလာတာလို့ ဆိုရမှာကွ။

မောင်စိုး။ ။ ကန့်သတ်ပိတ်ပင်ထားတဲ့ စာရေးဆရာတွေကော ရှိနေသေးလို့လား ဘကြီးမိုးရဲ့။

ဘကြီးမိုး။ ။ ရှိမှ သိပ်ရှိသပေါ့ကွာ။ ပြောရရင် အရှည်ကြီးပဲ။ ဟိုလွန်ခဲ့တဲ့ (၁၂) နှစ်လောက်ကဆိုရင် ကဗျာဆရာကြီး မင်းသုဝဏ်၊ ဗန်းမော်ညိုနွဲ့၊ သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ)၊ အောင်ဝင့် (မန္တလေး)၊ နန်းညွန့်ဆွေ၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ကိုကြည်အောင်၊ ဖျာပုံနီလုံဦး၊ စတဲ့ ကဗျာဆရာတွေလည်း ကန့်သတ်ပိတ်ပင်ခံထားရတာပဲ။ နောက် ဆရာကြီးမင်းသုဝဏ်က ကျန်းမာရေးနဲ့ အသက်ကြီးလာတာကြောင့် အန်အယ်လ်ဒီ အမတ်အဖြစ်မှ နုတ်ထွက်လိုက်တော့မှ စာရေးခွင့်ပြန်ရခဲ့တာ။ ဒါပေမယ့် ဆရာကြီးမင်းသုဝဏ် နှစ်တရာပြည့်အခမ်းအနား ဟောပြောပွဲတွေ ကျင်းပခွင့်မရခဲ့ရှာဘူး။ ဆရာနန်းညွန့်ဆွေ၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ကိုကြည်အောင်တို့ကတော့ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှာ စာပေဟောပြောပွဲတွေ လာရောက်ဟောပြောခဲ့တာနဲ့ စာရေးခွင့် ကန့်သတ်ပိတ်ပင်ခံထားရတာ။ သတင်းစာဆရာကြီး ဦးဝင်းတင်၊ အောင်ဝင့် (မန္တလေး)၊ ဆရာဗန်းမော်ညိုနွဲ့၊ ဖျာပုံနီလုံဦးတို့ကတော့ အန်အယ်လ်ဒီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဖြစ်သလို လက်ရှိလည်း တရားဝင်လုပ်ကိုင်နေကြတော့ သူတို့လည်း ကန့်သတ်အပိတ်ခံနေရတာပေါ့။ ပြီးတော့ န၀တ၊ နအဖနဲ့ သဘောထားကွဲလွဲနေကြတဲ့ စာပေအနုပညာရှင်များဖြစ်ကြတဲ့ မောင်သာရ၊ ဒါရိုက်တာဝင်းဖေ၊ မောင်စွမ်းရည်၊ အဆိုတော် မာမာအေး၊ မွန်းအောင်၊ အောင်ဝေး၊ ဒေါက်တာလွဏ်းဆွေ၊ နှင်းပန်းအိမ်၊ မေငြိမ်း၊ ရဲခေါင်မဲမောင်၊ စမ်းစမ်းတင် တို့ဆိုလည်း ကန့်သတ်ပိတ်ပင်ခံထားကြရတာပါ။

မောင်စိုး။ ။ အန်အယ်လ်ဒီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ စာရေးဆရာတွေ၊ သဘောထားကွဲလွဲကြတဲ့ စာပေအနုပညာရှင်တွေ အားလုံးဟာ လူ့အခွင့်အရေး ဆုံးရှုံးနေတာပေါ့နော်။

ဘကြီးမိုး။ ။ လူ့အခွင့်အရေး ဆုံးရှုံးရုံတင်မကဘူး၊ တရားမျှတမှုမရှိဘူးဆိုရင်လည်း ပြောလို့ရတယ်။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တရားဝင်အနိုင်ရထားတဲ့ အန်အယ်လ်ဒီအဖွဲ့က စာရေးဆရာတွေ စာရေးခွင့်ဆုံးရှုံးရသလို အဖွဲ့ချုပ်က ထုတ်ဝေတဲ့ သတင်းလွှာစာစောင်များပါ အပိတ်ခံခဲ့ရတယ်။ တချို့ နအဖနဲ့ အလွမ်းသင့်တဲ့ ပါတီအဖွဲ့အစည်းတွေကဆိုရင် စာရေးခွင့်၊ စာစောင်ထုတ်ခွင့်တွေ ရနေကြတယ်။ ဥပမာ - တစည၊ ကြံ့ဖွံ့အဖွဲ့တွေပေါ့ကွာ။

မောင်စိုး။ ။ အော် အန်အယ်လ်ဒီကို စာပေလွတ်လပ်ခွင့်၊ စာပေနဲ့ စည်းရုံးလှုပ်ရှားခွင့် မရအောင် တဖက်သတ် ချိုးနှိမ်ထားတာပေါ့နော်။

ဘကြီးမိုး။ ။ စာပေလွတ်လပ်ခွင့်ဆိုတာကတော့ အန်အယ်လ်ဒီတင်မဟုတ်ပါဘူး။ အားလုံး စာပေနဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့သူတွေလည်း ပါတာပေါ့ကွာ။ ဒီနေ့ ထုတ်ဝေဖြန့်ချိနေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဖြတ်တာ ဖြုတ်တာ (ဆင်ဆာ) မထိတဲ့ ဂျာနယ်မဂ္ဂဇင်းဆိုတာ မရှိသလောက်ပါပဲ။ တလတလ မဂ္ဂဇင်းတွေ ရုံးတင်ပြီဆိုရင် ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ၀တ္ထုတွေမှာ တပုဒ်လိုက် အပိုဒ်လိုက်၊ စာကြောင်းရေလိုက် အဖြုတ် အဖြတ်ခံရတာ ရှိနေတယ်။ အယ်ဒီတာနဲ့ ထုတ်ဝေသူ ခေါင်းစားရတာပေါ့ကွာ။

လုံးချင်းစာအုပ်တွေ ထုတ်ဖို့ဆိုရင်လည်း လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) လောက်က ထင်ရှားခဲ့တဲ့ စာအုပ်တွေ ရေးခဲ့ကြတဲ့ စာရေးဆရာကြီး သိန်းဖေမြင့်၊ ရန်ကုန်ဘဆွေ၊ သခင်မြသန်း၊ မြသန်းတင့်၊ နိုင်ဝင်းဆွေ စတဲ့ စာရေးဆရာကြီးတွေရဲ့ ၀တ္ထုတွေဆိုရင်လည်း ဒီဘက်ခေတ်မှာ ပြန်ထုတ်ဖို့ ကြိုးစားတာ စာအုပ်တိုင်း ထုတ်ဝေခွင့်မရကြဘူး။ ပြီးတော့ နိုင်ငံရေးသမားဟောင်းကြီး လေထီးဦးအုန်းမောင် ဆိုရင်လည်း မိုးဂျာနယ်မှာရေးခဲ့တဲ့ “နှစ်ပေါင်း (၅၀) ကြာသောအခါ” ဆောင်းပါးပေါင်းချုပ် ပြန်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် သေသာသွားတယ် စာအုပ်ထုတ်ခွင့် မရသွားရှာဘူး။ စီးပွားရေးလုပ်စားနေကြရတဲ့ စာပေထုတ်ဝေသူတွေဆိုရင်လည်း စာအုပ်တအုပ် ရုံးတင်ထားပြီဆိုရင် အနည်းဆုံး (၆) လမှ (၁) နှစ်အထိ စောင့်ရတယ်။ အဲ … ရေလောင်းနိုင်ရင်တော့ ခပ်မြန်မြန်ကျတာပေါ့ကွာ။

မောင်စိုး။ ။ ရေလောင်းတယ်ဆိုတာ ဘာလဲ ဘကြီးမိုး။

ဘကြီးမိုး။ ။ မင်းနဲ့ကွာ ခေတ်လူငယ်ဖြစ်ပြီး အ ရန်ကော။ ရေလောင်းတယ်ဆိုတာ လာဘ်ထိုးတာကွ။

မောင်စိုး။ ။ အော် … ဒါနဲ့ ဘကြီးမိုးရေ၊ စောစောက သူတို့လိုလားတဲ့ ပါတီအဖွဲ့အစည်းတွေဆိုရင် စာရေးခွင့်လည်းရ၊ စာစောင်ထုတ်ဝေခွင့်လည်းရဆိုတော့ အန်အယ်လ်ဒီနဲ့ ပတ်သက်တဲ့ စာရေးဆရာတွေကျတော့ကော။

ဘကြီးမိုး။ ။ စောစောက ငါပြောခဲ့ပြီးပြီလေကွာ။ ငါနဲ့မတူ ငါ့ရန်သူ ဆိုတာလိုပေါ့ကွာ။ အန်အယ်လ်ဒီက စာရေးဆရာများဆိုရင် စာရေးခွင့်လည်းပိတ်၊ သူတို့ကလောင်နာမည်တွေတောင် ဂျာနယ်မဂ္ဂဇင်းတွေမှာ ထည့်ခွင့်မရကြဘူး။ ကဗျာဆရာ ကိုတင်မိုးတို့၊ ကိုကြည်အောင်တို့ဆိုရင် သေသာသွားရော ဂျာနယ်မဂ္ဂဇင်းတွေမှာ နာရေးသတင်း/၀မ်းနည်းသတင်းတွေ ထည့်ခွင့်မရခဲ့ကြဘူး။ ဆရာကြီး နန်းညွန့်ဆွေ (၈၆) နှစ်၊ ဆရာဗန်းမော်ညိုနွဲ့ အသက် (၈၀) ကျော်ပြီ၊ အစိုးရက ကျင်းပတဲ့ စာရေးဆရာကန်တော့ပွဲမှာ အကန်တော့ခံ မပါခဲ့ကြရဘူး။

မောင်စိုး။ ။ အော် … အာဃာတကြီးလွန်တယ်ဆိုရမလား၊ စိတ်ဓာတ်အောက်တန်းကျတယ်ဆိုရမလား။ လူကြီးလူကောင်း မပီသတာလို့ဘဲ ပြောရမလားမသိဘူးနော် ဘကြီးမိုး။

ဘကြီးမိုး။ ။ အေး … အဲဒါတွေ ခဏထားဦး။ မနေ့က ငါ့ဆီကို စာရေးဆရာ/သတင်းသမားတယောက် လာတယ်။ စာပေစိစစ်ရေးရုံးက အဓိကတာဝန်ရှိတဲ့ ဗိုလ်မှူးစာရေးဆရာ (ညွှန်မှူး) တဦးက သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးစိန်းဝင်းဆီမှာ သူ့စာအုပ်အတွက် အမှာစာ လာရေးခိုင်းတယ်ဆိုပဲ။ အဲဒါနဲ့ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ် (စာ - ၁၂) မှာ အဲဒီအမှာစာကို ဖော်ပြထားတယ်ဆိုပဲ။

မောင်စိုး။ ။ ဟုတ်တယ် ကျနော်လည်း ဖတ်လိုက်ရတယ်။ ထူးလည်းထူးတယ်၊ မူးလည်းမူးတယ် … တို့ကိုကြီးကျော် ဖြစ်နေပြီထင်ပါ့။

ဘကြီးမိုး။ ။ အေး … အဲဒီစစ်ဗိုလ်စာရေးဆရာ (စာပေစိစစ်ရေးရုံးညွှန်မှူး) က ဦးစိန်ဝင်းအိမ် (၂) ခေါက် (၃) ခေါက် ရောက်လာတော့ ဦးစိန်ဝင်းက မွန်မွန်ရည်ရည်နဲ့ လူတယောက်ပဲ။ စာပေကို တန်ဖိုးထားသလို၊ စာရေးဆရာတွေအပေါ်မှာလည်း စာနာစိတ်ရှိတယ်လို့ ရေးထားတာတွေ့ရတယ်။ နောက် ဦးစိန်ဝင်းက အဲဒီစစ်ဗိုလ်စာရေးဆရာနဲ့ သူနဲ့ အခြေခံချင်း တူနေကြတာတွေကို ဖော်ပြထားသေးတယ်။ ဥပမာ … တိုင်းပြည်တိုးတက်စေချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်၊ နယ်ချဲ့လက်အောက်ရောက်ပြီး ကျွန်သပေါက် ဖြစ်ရမှာကို စိုးရိမ်တယ်ဆိုတဲ့ အချက်တွေပဲ။ နောက်စစ်ဗိုလ်စာရေးဆရာ (ရဲရင့်တင့်ဆွေ) ရဲ့ စာထဲမှာ ဆွန်ဇူရဲ့ အဆိုအမိန့်တခုဖြစ်တဲ့ …

“ရွေးချယ်စရာ နည်းလမ်းမရှိတဲ့ အချိန်ရောက်မှသာ လက်နက်တွေကို ခြိမ်းခြောက်ရမယ့် ပစ္စည်းတခုအဖြစ် သုံးစွဲရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆွန်ဇူရဲ့ စစ်သဘောတရားတွေဟာ (၂၁) ရာစုမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မှတ်သားလိုက်နာသင့်တဲ့ အချက်တွေများ ဖြစ်နေမလား။ ဘာကြောင့်လဲဆိုတော့ စစ်ဆိုတာ အဆုံးစွန်သော အကြမ်းဖက်မှုလုပ်ဖို့ မဟုတ်ဘူးဆိုတာကို အဓိက ထောက်ညွှန်းပေးထားလို့ဖြစ်တယ်” ဆိုတဲ့ ဆွန်ဇူရဲ့အယူအဆကို စာရေးဆရာ (ရဲရင့်တင့်ဆွေ) က နှစ်သက်သလို ကျနော်လည်း နှစ်သက်ထောက်ခံပါတယ်ဆိုပြီး ဦးစိန်ဝင်းက ရေးထားတယ်ကွာ။ ရော့ ဟောဒီမှာ ဖတ်ကြည့် (ဘကြီးမိုးက သူ့ဘေးရှိ လျှပ်တစ်ပြက်ဂျာနယ်ကို ဖတ်ပြီး လှမ်းပေးလိုက်တယ်)။

မောင်စိုး။ ။ ကျနော်တော့ လူထုဦးစိန်ဝင်း သဘောထားအမြင်ကို ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထုဦးစိန်ဝင်းနဲ့ ဗိုလ်မှူးစာရေးဆရာ ရဲရင့်တင့်ဆွေတို့ရဲ့ သဘောထားအမြင်က လူသားအားလုံးအတွက်ကော၊ စာရေးဆရာတွေကို စာနာတတ်တယ်၊ ကူညီတတ်တယ်၊ တိုင်းပြည်ကို တိုးတက်ချင်တယ်၊ ငြိမ်းချမ်းချင်တယ်။ နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘ၀ ရောက်ရမှာကို စိုးရိမ်တတ်တယ်ဆိုတဲ့ ဗိုလ်မှူးစာရေးဆရာ (ရဲရင့်တင့်ဆွေ) စစ်ဗိုလ်လိုမျိုး ကျနော်တို့ တိုင်းပြည်မှာ အများကြီးရှိစေချင်တယ်၊ ဟုတ်တယ်မဟုတ်လား ဘကြီးမိုး။

ဘကြီးမိုး။ ။ အေး ဘယ်နေရာမဆို ကောင်းတာရှိသလို ဆိုးတာတွေလည်း ရှိတတ်ပါတယ်။ ငါကတော့ကွာ ဗိုလ်မှူးစာရေးဆရာ ရဲရင့်တင့်ဆွေက စာရေးဆရာတွေအပေါ်မှာ စာနာစိတ်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်ကလေးကိုတော့ လေးစားပါတယ်။ စာနာစိတ်ဆိုတာ စာရေးဆရာပေါ်မှ မဟုတ်ပါဘူး။ လူသားအားလုံးအပေါ်မှာ ထားနိုင်ဖို့ လိုအပ်တယ်လို့ပဲ ယုံကြည်တယ်။ အသိစိတ်နဲ့ တာဝန်ကိုတော့ တို့က ခွဲခြားကြည့်တတ်ရမှာပေါ့ကွာ။

မောင်စိုး။ ။ စာပေစိစစ်ရေးက စာရေးဆရာကို ချီးကျူးခန်းဖွင့်နေတာနဲ့ အချိန်ကုန်သွားပြီ။ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားရင်ကော စာပေစိစစ်ရေးမူက ပြောင်းလဲသွားမှာလား၊ စာပေလွတ်လပ်ခွင့် ရေးသားထုတ်ဝေခွင့်တွေ အားလုံးပေါ့ ဘကြီးမိုးရာ။

ဘကြီးမိုး။ ။ ထူးမခြားနား သီချင်းကြီးလိုပေါ့ကွာ။ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေမူကြမ်းမှာတော့ စာရေးဆရာတွေအတွက် “မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်” ရှိတယ်လို့တော့ ဆိုထားတာပဲ။ ဒါပေမယ့် နောက်က အကန့်အသတ်နှောင်ကြိုးတွေက ချုပ်နှောင်ထားတယ်။

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပေဒများနှင့် မဆန့်ကျင်ရတဲ့။ ကဲ ဘယ်လို လွတ်လပ်မှုရှိနိုင်ပါ့မလဲ။

စာရေးဆရာဆိုတာ လောကကြီးတခုလုံးရဲ့ ဖြစ်ပျက်နေတဲ့ အကောင်းအဆိုးမှန်သမျှတွေကို အရှိကို အရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ဓမ္မဓိဋ္ဌာန်ကျကျ ရေးသားဖော်ပြကြတာပဲ။ အမှားကိုအမှန်၊ အမှန်ကိုအမှား၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် လိမ်ညာဖြီးဖြန်းပြီး ရေးတတ်ကြတာမဟုတ်ဘူး။ သစ္စာတရားကို ချစ်မြတ်နိုးသူတွေ၊ စာရေးဆရာရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထား စောင့်သိတဲ့သူတွေ၊ သူတို့ရေးတဲ့စာကို သူတို့တာဝန်ယူနိုင်ကြသလို စာဖတ်ပရိသတ်တို့က သူတို့စာကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။

မောင်စိုး။ ။ ဟုတ်ပ … မှန်ပ ဘကြီးမိုးရေ။ ဒါနဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ နောက်အစိုးရသစ်တက်လာရင် စာပေစိစစ်ရေးရုံးကြီးကော ရှိနိုင်ပါဦးမလား ဘကြီးမိုး။

ဘကြီးမိုး။ ။ ပြည်သူတွေက လွတ်လပ်ပြီး တရားမျှတစွာ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရစစ်စစ်၊ ဒီမိုကရေစီအစိုးရစစ်စစ်သာ ဖြစ်ရိုးမှန်ရင်တော့ စာပေစိစစ်ရေးရုံးဆိုတဲ့ စာပေကင်ပေတိုင်ရုံးကြီးဟာ ရှိလာနိုင်စရာမလိုတော့ဘဲ၊ စစ်အာဏာရှင်အစိုးရနဲ့အတူ မြေမြှုပ်သင်္ဂြိုဟ်ပြီးဆုံး ပျောက်ပျက်သွားမှာပါ။ တခြားနိုင်ငံတွေမှာလည်း စာပေစိစစ်ရေးရုံးဆိုတာ မရှိကြပါဘူး။

မောင်စိုး။ ။ စာပေလောကသား၊ သတင်းမီဒီယာ လောကသားတွေအတွက် အတားအဆီး အန္တရာယ်ပြည့်လွှမ်းနေတဲ့ ဆူးညှောင့်ခလုတ်ကြီးဖြစ်တဲ့ စာပေစိစစ်ရေးရုံး ကင်ပေတိုင်ကြီး အမှန်တကယ် ပျောက်ဆုံးသွားပါစေလို့ ဆုတောင်းနေရမှာပဲ ဘကြီးမိုးရေ။

No comments: