မင်းထက်အောင်
အပစ်အခတ် ရပ်စဲပြီးရင် ထိုစဉ်က နဝတ၊ အခုန အဖတို့ တစ်ချိန်ချိန်မှာ ပေးထားတဲ့ ကတိတွေ အတိုင်း လုပ်လိမ့်မယ် မဟုတ်ဘူး ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တွေက အလိုလို သိနားလည် ထားကြ ပါတယ်။ တိုင်းပြည် ရဲ့ကြမ္မာ အကောင်း ဘက်ကို ရှေးရှုကြပြီ ရန်သူနဲ့ အပစ်အခတ် ရပ်စဲ ချင်ကြ ပါတယ်။ ပြီးတော့ ရပ်စဲ လိုက်ကြရ ပါတယ်။ နောက်တော့ နအဖ ဖက်က ကတိ တွေ တဆင့်ပြီး တဆင့် ဆက်ပျက် လာတာကို နဖူးတွေ့၊ ဒူးတွေ့ ကြုံတွေ့ ခဲ့ကြ ရပါတယ်။ အချို့ ကိစ္စကို အသေး အဖွဲဖြစ်ရပ် တွေလို့ သဘော ထားလိုက်ပြီး မေ့ပစ်လို့ ရပေမယ့် မေ့ပစ်လို့ မရနိုင်တဲ့ အဖြစ် အချို့လည်း ရှိခဲ့ပါတယ်။
နဝတနဲ့ မွန်ပြည်သစ်ပါတီတို့ ၁၉၉၄ နှစ်အစကစပြီး တစ်နှစ်ခွဲခန့် လေးကြိမ်တိုင်တိုင် အချိန်ယူဆွေးနွေးခဲ့ကြရပါတယ်။ ၁၉၉၅ ခုနှစ် ဇွန်လ၂၉ ရက်နေ့မှာ အပစ်ရပ် နှစ်ဖက်သဘောတူညီ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဟိုတုန်းက မွန်ပြည် သစ်ပါတီမှာရှိနေလို့ ဒီလိုအပစ်ရပ်နိုင်ဖို့ဆွေးနွေးပွဲနဲ့ အပစ်ရပ်အခမ်းအနားတွေမှာ စာရေးသူလည်းပါဝင်ခဲ့ပါတယ်။ မွန် ပြည်သစ်ပါတီနဲ့ နဝတတို့ ဖြစ်ရှိခဲ့တဲ့အပစ်ရပ် အကြောင်းအရာများစွာထဲက စာရေးသူမေ့လို့မရနိုင်တဲ့ အကြောင်းအရာ တစ်ခုကို တင်ပြလိုပါတယ်။
အကြောင်းအရာပြဿနာက ဒီအပစ်ရပ်အခမ်းအနား မစတင်မီတစ်ရက်၊ ညနေမှာစခဲ့တာပါ။ နောက်တစ်နေ့အခမ်းအ နားမှာ မွန်ပြည်သစ်ကိုယ်စားလှယ်များ နေရာယူဖို့ Sitting Plan အနေအထားကို Staff တွေဖြစ်ကြတဲ့ စာရေးသူတို့ ကြိုတင်သွားရောက် လေ့လာကြည့်ရှုရပါတယ်။ အခမ်းအနားကျင်းပမယ့် ရတခ အောင်ဆန်းခန်းမကို လှမ်းမြင်လိုက် တယ်ဆိုရင်ဘဲ မျက်နှာစာမှာ“တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာသော မွန်ပြည်သစ်ပါတီအား လှိုက်လှဲစွာကြို ဆိုပါ၏” ဆိုတဲ့ အနီရောင်အောက်ခံ အဖြူရောင်စာတမ်းကြီးကို တွေ့မိလိုက်တော့ ကြက်သီးဖြန်းကနဲ ထသွားပါတယ်။
အပစ်အခတ်ရပ်စဲရေး အခမ်းအနားတရားဝင် မကျင်းပရသေးခင် နဝတတို့က စည်းတစ်ခုကို ကြိုတင်ဖေါက်လိုက်ပြီဆို တာအလိုလို ခံစားလိုက်ရပါတယ်။ မွန်ပြည်သစ်ကပြောကြားမယ့် မိန့်ခွန်းတွေကအစ စကားလုံးဝေါဟာရ အသုံးအနှုံး တွေပါ နဝတနဲ့ကြိုတင်သဘောတူညီမှု ရယူခဲ့ရပါတယ်။ အခမ်းအနားမှာရေးသားမယ့် ခေါင်းစည်းစာတမ်းတွေကိုလည်း နှစ်ဖက် အလုပ်ကော်မတီအဖွဲ့ခေါင်းဆောင်တွေ ကြိုတင်ညှိနှိုင်း သဘောတူညီချက်မှာ “တရးဥပဒေဘောင်အတွင်းဝင် ရောက်လာသောမွန်ပြည်သစ်ပါတီအား လှိုက်လှဲစွာကြိုဆိုပါ၏” ကိစ္စမပါခဲ့ပါ။ လက်နက်ချဖို့မဟုတ်သလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲမဟုတ်ပါ။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသာဖြစ်တယ်။
ဒါကြောင့် ဒီနဖူးစည်းကိစ္စကို စာရေးသူတို့ အဖွဲ့ခေါင်းဆောင် အကြီးအကဲများထံ ချက်ချင်းတင်ပြလိုက်ကြပါတယ်။ မိမိ တို့ကိုယ်စားလှယ်တွေ အားလုံးစုပြီး ချက်ချင်းဘဲ အရေးအပေါ်အစည်းအဝေးလုပ်ပါတယ်။ ဒီအခမ်းအနားကျင်းပနိုင်ဖို့ ကြိုတင်ဆွေးနွေးချက်တွေမှာ ဒီနဖူးစည်းစာတမ်းမပါရှိခဲ့တဲ့အကြောင်း၊ ဒီအရေးအသားကြောင့် အနာဂတ်ကာလမှာ ရှုတ်ထွေးစေနိုင်တာကြောင့် ဒီလိုဝေါဟာရတွေမသုံးသင့်ဘူးဆိုပြီး စာရေးသူတို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။တဆက် တည်းမှာ ဒီနဖူးစည်းစာတမ်းကိုဖြုတ်ပေးဖို့ ရတခကိုရောက်ရှိနေတဲ့ နဝတအကြီးအကဲများကို ဆက်ပြီးတင်ပြလိုက်ပါ တယ်။ ပြင်လို့မရတော့ဘူးဆိုတာပဲ စာရေးသူသိလိုက်ရတယ်။ မနက်စောစော ၅ နာရီအရောက် အောင်ဆန်းခမ်းမကို ရောက်နိုင်ဖို့ဘဲ အိပ်မပျော်လည်း အောက်သက်သက်၊ မခံချိမခံသာနဲ့ ရတခဧည့်ရိပ်သာမှာ မှေးစက်အိပ်လိုက်ရပါတော့ တယ်။
နောက်တစ်နေ့ ဇွန်လ ၂၉ ရက်နေ့ နံနက်စောစောမှာ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာသော မွန်ပြည်သစ်ပါ တီအား လှိုက်လှဲစွာကြိုဆိုပါ၏ အခန်းအနား နဖူးစည်းစာတမ်းအောက်ကို လှိုပြီးစာရေးသူတို့ မွန်ပြည်သစ်ကိုယ်စား လှယ်တော် စုစုပေါင်း ၃၀ ဦး တက်ရောက်ကြပါတယ်။ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့သူ ၃၀ ဦးဆိုရင်လည်း အခု ဆိုရင် မွန်ပြည်သစ်ပါတီမှာ ၁၀ဦးလောက်တောင် မရှိကြတော့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့ကြ ပါပြီ။
ထို့အတူ ဒီလိုအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် တစိုက်မတ်မတ် စည်းရုံးလုပ်ဆောင်ခဲ့တဲ့ နဝတကိုယ်စားလှယ်တော် ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ ဗိုလ်မှူးကြီးသိန်းဆွေ(ထိုင်းစစ်သံမှူး)၊ ဗိုလ်မှူးကြီးကျော်သိန်း၊ ဗိုလ်မှူးစန်းပွင့် စတဲ့ထိပ်သီး ထောက်လှန်းရေးအကြီအကဲများနဲ့ ရတခတိုင်းမှူး ဗိုလ်ချုပ်ကက်စိန်တို့တတွေ အခုဆိုရင်ဘယ်ချောင်ထဲ ရောက်နေလေသလဲဆိုတာ မသိရတော့ပါ။
နဝတနဲ့ မွန်ပြည်သစ်ပါတီတို့ ဆွေးနွေးခဲ့ကြရာမှာ နဝတအနေနဲ့ သူတို့ဟာတရားဝင်အစိုးရမဟုတ်တဲ့အတွက် နိုင်ငံရေး ဆွေးနွေးမှုဟာ တရားဝင်ဖြစ်မှာမဟုတ်ဘူးဆိုပြီး နှစ်ဖက်တပ်ဖွဲ့များအပစ်အခတ်ရပ်စဲဖို့နဲ့ ယုံကြည်မှု တည်ဆောက်ကြ ဖို့ပဲ လှို့ဝှက်ဆွေးနွေးပွဲတွေ တစ်လျှောက်လုံးမှာ ပြောဆိုခဲ့ပါတယ်။ နောင်တက်လာမယ့် အရပ်သားအစိုးရနဲ့ပဲ နိုင်ငံရေး အရဆက်ပြီး ဆွေးနွေးသွားဖို့ပဲ လမ်းကြောင်းပေးခဲ့ပါတယ်။ အထူးသဖြင့် KNU တစ်ဖွဲ့နဲ့ထပ်ပြီးအပစ်ရပ်နိုင်ရင် ရွေး ကောက်ပွဲလုပ်နိုင်ပြီလို့လည်း လေသံပစ်ပေးထားပါတယ်။ လက်တွေ့မှာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေပါတယ်။
အခုတလော နအဖသတင်းစာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အပစ်ရပ်အဖွဲ့တွေ တရားဥပဒေဘောင်အတွင်းရောက် ရှိနေရမယ်လို့ကိုးကန့်ဒေသ အထူးဒေသ(၁) ဖြစ်ရပ်တွေအပြီး နအဖသတင်းစာတွေထဲမှာ ဖေါ်ပြနေပါတယ်။အခုဆိုရင် အပစ်ရပ်တွေအပေါ် နအဖကပေးထားတဲ့ကတိတွေကို အလေးမထားတော့ပါဘူး။ လာမယ့်အောက်တိုဘာလမှာ အကောင်အထည်ဖေါ်လိမ့်မယ်လို့ သတင်းတွေဖြန့်ထားပါတယ်။ စစ်အစိုးရအရာရှိတွေ ၁၀% ပါဝင်မယ့် နယ်ခြားစောင့် တပ်ဖွဲ့(သို့မဟုတ်) ဒေသခံအာဏာပိုင်လက်အောက်က ပြည်သူ့စစ်တပ်ဖွဲ့အသွင်နဲ့ ရပ်တည်သွားခိုင်းနေပါတယ်။
တကယ်တော့ နအဖဟာ အာဏာသိမ်းနဝတအဖွဲ့အစည်းဖြစ်တဲ့အတွက် သူတို့လုပ်ဆောင်ချက်တွေဟာ တရားဥပဒေ အရ ဘောင်မဝင်ပါဘူး။ သူတို့ ကမ္ဘည်းထိုးတင်ထားတဲ့ တရားဥပဒေဘောင်ဆိုတာ ပြည်သူတစ်ရပ်လုံး အသိအမှတ် ပြုတဲ့ တရားဥပဒေဘောင်မဟုတ်ဘဲ နဝတ၊ နအဖရဲ့ ဥပဒေဘောင်အတွင်းမှာသာ ဖြစ်တယ်။ ပြည်သူတစ်ရပ်လုံးဆန္ဒ အစစ်အမှန်ကို ဖေါ်ထုတ်ခဲ့တဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလာဒ်က အတည်ပြုမှသာ တရားဥပဒေအရ ဘောင်ဝင်ပါ မယ်။
နအဖဟာ သူကိုယ်သူအစိုးရလို့ သတ်မှတ်ပါတယ်။ အာဏာသိမ်းစစ်အစိုးရဖြစ်ပါတယ်။ တရားဝင်အစိုးရမဟုတ်တာ ကြောင့် သူတို့စိတ်ကြိုက်ရွေးချယ်ပြီး ပြုလုပ်ခဲ့တဲ့ အမျိုးသားညီလာခံဟာ အတုအယောင်ဖြစ်တယ်။ ဒီကအဖြေထွက် လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကလည်း ပြည်သူဆန္ဒအစစ်အမှန်ကို လိမ်ညာခဲ့တာကို ပြည်သူတရပ်လုံး ကိုယ်တိုင်မြင်တွေ့ခဲ့ ရပါပြီ။ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာလည်း ဥပဒေအရ ဘောင်မဝင်ပါ။ ဒါကြောင့် နဝတ၊ နအဖတို့ ပါးစပ်ပေါက်က ထွက်လာတဲ့ တရားဥပဒေဘောင်ဆိုတာ သူတို့ရဲ့ဥပဒေဘောင်ဘဲဖြစ်တာမို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုပါကြောင်း။
No comments:
Post a Comment