မင်းအာသံ
ယခုနှစ် အတွင်း လှိုင်းထ နေသော လမ်းတံတား များကို အာဏာပိုင် များက ပြုပြင်ပေး နေခြင်း၊ လျှပ်စစ်မီး ရရှိရန် လုပ်ဆောင် ပေးခြင်း များမှာ ၂၀၁၀ ရွေးကောက်ပွဲ အကြို စည်းရုံးရေး လှုပ်ရှားမှုသာ ဖြစ်ကြောင်း ဒေသခံ နိုင်ငံရေး သမား များက ဆိုပါသည်။
“အာဏာပိုင်တွေက လမ်း၊တံတားတွေ ပြင်၊ မီး၂၄ နာရီ လင်းလာအောင် ကျေးလက်ဒေခံတွေဆီမှာ လိုက်လုပ်ပေးနေတာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်က လမ်းတံတား ကောင်းဖို့ အတွက် လုပ်တာလား၊၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေကို မျက်လှည့်ပြတာလား ဆိုတာ မေးစရာ ဖြစ်လာတယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးတစ်ရပ်ပဲ” ဟု ဒေသခံ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
ယခင်နှစ်များတွင် ယခုကဲ့သို့ ပြုလုပ်လေ့ မရှိပဲ ယခုနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ရေးမြို့နယ်စသည့် နယ်လမ်းတစ်လျှောက်တွင် လှိုင်းများထနေသော လမ်းနှင့် တံတားများကို အာဏာပိုင်တို့က ပြုပြင်ပေးနေပြီး လျှပ်စစ်မီး ပုံမှန်လာနိုင်ရန်အတွက်လည်း ၄င်းတို့က ကြိုးစားပေးနေသည် ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရပါသည်။
“အခုလို လမ်းပြင်နေတာ ကျနော်တို့အတွက်တော့ အရမ်းကောင်းတယ်ပေါ့ဗျာ။ သွားရ လာရတာ ကောင်းတယ်။ ဒါပေမယ့် အဟောင်းကိုပဲ ပြန်ပြင်တော့ နကိုယ်အတိုင်းပဲပေါ့။ မော်လမြိုင်-ရေး လမ်းဘက်ခြမ်းဆို ဘယ်လိုလုပ်မှာလဲ။ ကျဉ်းလည်းကျဉ်း ကားသမားတွေအတွက် စိတ်ကြိုက် မောင်းလို့မရတော့ ထင်တာထက် အချိန်ုပိုကြာတာပေါ့ဗျာ” ဟု ခရီးသည်တစ်ဦးက ပြောသည်။
မုဒုံမြို့မှ နိုင်ငံရေးသမား တစ်ဦးက “၂၀၁၀ ရွေးကောက်ပွဲနဲ့ နီးလာလို့ နအဖတို့က လမ်း၊ တံတား ခင်းပြီး ပြည်သူတွေဆီ လျှပ်စစ်မီး မှန်မှန်လွှတ်ပေးနေတာဟာ သူတို့ရဲ့ စည်းရုံးရေးနည်းဗျူဟာတစ်ရပ်ပဲ။ ပြည်သူတွေရဲ့ မဲဆန္ဒကို လိုချင်တယ်။ ၂၀၀၇ စက်တင်ဘာလတုန်းက သံဃာတော်များနဲ့ ကျောင်းသားများကို သတ်ဖြတ်ခဲ့တာကို အချိုပြန်သတ်တဲ့သဘောနဲ့ အခုလို စီစဉ်တာ ဖြစ်တယ်”ဟု ပြောသည်။
အာဏာပိုင်များမှ ယခုကဲ့သို့ လမ်း၊ တံတား ပြုပြင်ပေးနေခြင်းနှင့် လျှပ်စစ်မီး ပုံမှန်ရရှိရန် ပြုလုပ်ပေးနေခြင်းမှာ ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အချို့သော မြို့နယ်ရှိ ဒေသခံတို့က ရှုမြင်ကြသည်။
No comments:
Post a Comment