သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မဲကင်ကျေးရွာအုပ်စု လယ်သမားများထံ ဒေသခံ နအဖ စစ်တပ်က စပါးဈေးနှိမ်ဝယ်၍ လက်ရှိပေါက်ဈေးဖြင့်အဓမ္မပြန်ရောင်း ရငွေအတွက် အမိန့်ဆင်ဆိုက်လိုက်သည်ဟု ထိုင်းနယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။
ဇန္ဖ၀ါရီ ၁ ရက် မိုင်းတုံအခြေစိုက် ခမရ ၅၁၉ နှင့် ခလရ ၂၂၅ တို့ မိုင်းတုံမြို့နယ် မဲကင်အုပ်စုရှိ လယ်မြေဧကအားလုံး စာရင်းကောက်ပြီး လယ်တစ်ဧက စပါးတစ်တင်းနှုန်းဆင့်ဆို၍ တစ်တင်း ၁၅၀၀ ကျပ် သတ်မှတ်ဝယ်ယူခဲ့၏။
“အပြင်ပေါက်ဈေး စပါးတစ်တင်း ၅၀၀၀ ကျပ်ရှိတယ်။ ဗမာစစ်သားတွေက ကျပ် ၁၅၀၀ နဲ့နှိမ်ဝယ်တယ်။ ပြီးတော့ အဲဒီမှာတင် လက်ရှိပေါက်ဈေးနဲ့ လယ်သမားတွေကို ပြန်ရောင်းတယ်။ မ၀ယ်မနေရပေါ့။ လယ်တဧက ၃၅၀၀ ကျပ် နှုန်းနဲ့ သူတို့ ဆက်ကြေးခွန်ကောက်ယူလိုက်တဲ့သဘောဘဲ” - ဟု လယ်သမားတဦးက ပြော၏။
မိုင်းတုံမြို့နယ် မဲကင် ကျေးရွာအုပ်စုဝင် ၀မ့်လုံရွာတွင် လယ် ၅၇၅ ဧက၊ ၀မ့်မေါက်စလီ ၄၃၀ ဧက၊ ၀မ့်မိုင်ဆုန်ခန် ၁၀၄ ဧက၊ ၀မ့်နားပါကောင်(၀်) ၃၂၆ ဧက ရှိသည်ဟု နအဖစစ်တပ် ကောက်ယူသောစာရင်းကို ကိုးကားပြီး အမည်မဖေါ်လိုသည့် လယ်သမားတဦးက ပြောပါသည်။
“ဇန္ဖ၀ါရီလ ၃ ရက်နေ့နောက်ဆုံးထား ပိုက်ဆံသွင်းခိုင်းတယ်၊ ချက်ချင်းလက်ငင်းကြီး ဘယ်သူမှသွားမပေးနိုင်ဘူး၊ တချို့ လယ်မြေကျယ်တဲ့သူ လယ် ၁၀ ဧက ကျော်တဲ့သူက သောင်းချီကျတော့ ပိုဒုက္ခရောက်တာပေါ့။ စပါးလဲ အဲလောက် ရောင်း ထွက် မမြန်ဘူး” - ဟု ဆက်ပြော၏။
မဲကင်အုပ်စုတွင် လယ်ဧက စုစုပေါင်း ၁၄၃၅ ရှိသောကြောင့် လယ်သမားများ ပိုက်ဆံအားလုံးပေးသွင်းပြီးပါက ခလရ ၂၂၅ နှင့် ခမရ ၅၁၉ တို့ တပ်ရင်းဝင်ငွေ အနည်းဆုံး ကျပ်သိန်း ၅၀ ကျော်ရရှိမည်ဟု နယ်စပ်တ၀ိုက် ခရီးသွားလာသူ ကုန်သည် တဦးက ပြောပါသည်။
No comments:
Post a Comment