စိုးမိုး/ ၄ ဇန်န၀ါရီ ၂၀၁၀
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် အတည်ပြုပြောကြားသည်။
ဆယ်စုနှစ် (၂) ခုကျော်ကြာ နိုင်ငံအာဏာကို ရယူထားသော စစ်အစိုးရက ၂၀၀၈ ခုနှစ်တွင် အတင်းအကျပ် အတည်ပြုခဲ့သော အခြေခံဥပဒေဖြင့် ယခု ၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်သား (၂၅) ရာခိုင်နှုန်းပါသော စစ်သားနှင့် အရပ်သားအစိုးရ တရပ် ဖွဲ့စည်းပေးမည်ဟု ကတိပြုခဲ့ပြီးနောက် ယခုထပ်မံ အတည်ပြုလိုက်ခြင်းဖြစ်သည်။
“ယခုနှစ်တွင် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ပြည်သူ တရပ်လုံးက မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် ကြရမည်ဖြစ်သည်” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယနေ့ကျရောက်သည့် မြန်မာနိုင်ငံ၏ (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ပြောကြားထားသည်။
သို့သော် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုပြီးနောက်ပိုင်း ၂၀၀၉ ခုနှစ်တွင် ရွေးကောက်ပွဲဥပဒေကို မထုတ်ပြန်သေးသည့် အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း နယ်ခြားစောင့်တပ်အရေး ဆွေးနွေးပွဲများ မပြီးသတ်သေးဘဲ ရှိနေသည်။
စစ်အစိုးရ ခေါင်းဆောင်ကမူ ၎င်းတို့ ချမှတ်ထားသည့် နိုင်ငံရေး လမ်းပြမြေပုံ အဆင့် (၇) ရပ်သည်သာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေး လမ်းစဉ်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ရမည်ဟု ဆိုသည်။
စစ်အစိုးရ ချမှတ်ထားသည့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၇) ဆင့်တွင် ယခု ၂၀၁၀ ရွေးကောက်ပွဲကို နောက်ဆုံးအဆင့်အဖြစ် ကျင်းပမည်ဖြစ်သည်။
ပြည်သူအများစုကမူ ၂၀၁၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကြောင့် လွတ်လပ်သည့် တန်းတူ အခွင့်အရေးရမည့် ဒီမိုကရေစီ နိုင်ငံတော်တရပ် ဖြစ်ပေါ်လာမည်ဟု မယုံကြည်ကြကြောင်း သိရသည်။
“တမြန်မနှစ်က လုပ်တဲ့ မဲပေးပွဲလည်း သူတို့ လုပ်ချင်တာ လုပ်သွားတာပဲ။ ဒီနှစ်ရွေးကောက်ပွဲ လုပ်မယ်ဆိုလည်း သူတို့ မဲနိုင်အောင် လုပ်မှာပဲလို့မြင်တယ်။ ကျနော်တို့ ပေးချင်တဲ့ ကျနော်တို့ ဆန္ဒနဲ့ ပေးလို့ ရမယ်လို့မမြင်ဘူး” ဟု လှိုင်သာယာ စက်မှုတက္ကသိုလ်မှ ကျောင်းသားတဦးက ပြောသည်။
No comments:
Post a Comment