Monday, January 4, 2010

အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် အရေးကြီးကြောင်း အန်အယ်လ်ဒီ ပြောကြား

NEJ/ ၄ ဇန်န၀ါရီ ၂၀၁၀

ယနေ့ကျရောက်သည့် (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတရပ် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လွတ်လပ်ရေးနေ့ ကြေညာချက်စာတမ်းကို အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ဖတ်ကြားသည်။

ကြေညာချက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကထားဖော်ပြထားကြောင်း အခမ်းအနား သဘာပတိအဖြစ်ဆောင်ရွက်သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောကြားသည်။


တိုင်းရင်းသားများအားလုံး အချင်းချင်း နားလည်မှုရှိရှိနှင့် ပူးပေါင်းလက်တွဲပြီး အမျိုးသားစည်းလုံးညီညွတ်မှုနှင့်သာ လွတ်လပ်ရေးကို ရယူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူပြီး မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရန်အတွက်
အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် အရေးကြီးကြောင်း ကြေညာချက်တွင် ပါရှိသည်ဟု သိရသည်။

ဦးခင်မောင်ဆွေက “အခု ရှေ့မှာလည်းပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်တယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးဟာ ဒီနေ့ ပကတိလိုအပ်နေတဲ့ အချက်ကြီးဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြတာဖြစ်ပါတယ်” ဟု ပြောသည်။

“တိုင်းပြည်မှာဖြစ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပြဿနာတွေဟာ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို အပြီးတိုင် ဖြေရှင်းနိုင်မှသာလျှင် ပြေလည်သွားမှာဖြစ်တယ်။ လူအများစုကြီးဟာ ဆင်းရဲမွဲတေတဲ့ဒဏ်ကို ခံစားနေရတယ်။ ဒါကြောင့် မျှော်လင့်ချက်ရောင်ခြည်ကင်းမဲ့နေတဲ့ ပြည်သူတွေအဖို့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းကြောင်းကသာလျှင် အမျိုးသား သင့်မြတ်ရေးကို ရောက်ပြီး အမျိုးသားသင့်မြတ်ရေးကတဆင့် သာယာဝပြောတဲ့ နိုင်ငံတော်ကြီးကို အားလုံးတညီတညွတ်တည်း ထူထောင်နိုင်ကြမှာဖြစ်တယ်။ ဒါကြောင့်မို့ အစိုးရသာမကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ အားလုံးက ၀ိုင်းဝန်းပြီးတော့ တွေ့ဆုံဆွေးနွေးရေးကတဆင့် ဒီလမ်းကို ဆက်လျှောက်ဖို့ တိုက်တွန်း တောင်းဆိုတယ်ဆိုတဲ့ အချက်ပါပဲ” ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောကြားသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရန် အခြေခံကောင်းများ ဖန်တီးပေးရန်လိုအပ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်ဟု သိရသည်။

အခမ်းအနားတက်ရောက်လာသည့် နိုင်ငံရေးပါတီများကလည်း အသီးသီးသ၀ဏ်လွှာများ ဖတ်ကြားကြကြောင်း၊ ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးသုဝေကလည်း သ၀ဏ်လွှာကို ကိုယ်တိုင်ဖတ်ကြားသွားပြီး စစ်အစိုးရစနစ်ကို အပြီးတိုင် ကျော်လွှားနိုင်ရန် ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဆင်နွှဲပြီး အရပ်သားအစိုးရပေါ်သည်အထိ ဖြစ်မြောက်အောင်လုပ်ရန် လိုအပ်ကြောင်း ပြောကြားသွားသည်ဟု သိရသည်။

အခမ်းအနားတွင် လွတ်လပ်မှုရှိမှသာ ဒီမိုကရေစီရနိုင်သည် ဆိုသည့်ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ၌ အမျိုးသားများသာပါဝင်သည့် ရန်ကုန်တိုင်းအသင်းနှင့် အမျိုးသမီးများသာပါဝင်သည့် ပဲခူးတိုင်းအသင်းတို့ ပြိုင်ကြရာ ပဲခူးတိုင်းက အနိုင်ရရှိပြီး ပထမ၊ ရန်ကုန်တိုင်းက ဒုတိယ၊ မကွေးတိုင်းက တတိယဆုများ ရရှိသွားသည်။

ယနေ့ကျရောက်သည့် (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ သ၀ဏ်လွှာတစောင် ပေးပို့ခဲ့သည်။

သ၀ဏ်လွှာတွင် တမျိုးသားလုံး၏ အရေးကြီးဆုံးတာဝန်ဖြစ်သည့် လွတ်လပ်ရေးမဆုံးရှုံးစေရန် ထိန်းသိမ်းကာကွယ်ရေး၊ နည်းမျိုးစုံဖြင့် နယ်ချဲ့သမားများ၊ ဖက်ဆစ်ဝါဒီများ၏ လွှမ်းမိုးမှု သြဇာအောက်ရောက်မှုတို့ မခံရရေးအတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှ ပြည်သူတရပ်လုံး၏ အာဏာကုန်လွှဲအပ်ခြင်းခံရသော အန်အယ်လ်ဒီတွင် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။

ထိုသို့တာဝန်ရှိသည်နှင့်အညီ အန်အယ်လ်ဒီသည် ပြည်သူတရပ်လုံးကိုစည်းရုံးကာ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်ဦးဆောင် တိုက်ပွဲဝင်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း အန်အယ်လ်ဒီကို ၀န်းရံကာ ဒီမိုကရေစီတိုက်ပွဲအတွက် ကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးအောင်မြင့်က “ကျနော်တို့ရဲ့ ဦးတည်ချက်က ညီညွတ်ရေးပဲ၊ ညီညွတ်ရေးမရှိရင် ဘာမှလုပ်မရဘူး။ အထူးသဖြင့် အန်အယ်လ်ဒီက စရမှာဖြစ်တယ်။ စေ့စပ်ဆွေးနွေးမှုဆိုတာ အင်အားညီမျှမှု အပေါ်မှာ အခြေတည်တာပဲ။ ကိုယ့်အင်အားကိုလည်း တည်ဆောက်ရမှာဖြစ်တယ်။ ကိုယ့်အင်အားဆိုတာ ပြည်သူလူထု ညီညွတ်ရေးကို တည်ဆောက်ရမယ်။ စုပေါင်းခေါင်းဆောင်မှုအောက်မှာ အားလုံးလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမှတ် (၃) ပါရမီလမ်း သခင်သိန်းဖေနေအိမ်တွင်လည်း ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များက ကြီးမှူးပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတရပ် ကျင်းပပြုလုပ်ခဲ့သည်။

No comments: