Friday, January 8, 2010

မူဆယ် ကြံ့ဖွံ့အတွင်းရေးမှူး ရုတ်တရက် သေဆုံး

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး စိုင်းအိုက်အေးသည် ၆၂ နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနား တက်နေစဉ် ရုတ်တရက် သေဆုံး သွားကြောင်း သိရသည်။

ဇန်န၀ါရီ ၄ ရက်နေ့ နံနက်စောစောပိုင်းက လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပချိန်တွင် ဧည့်ခံကျွေးမွေးသည့် ကောက်ညှင်းပေါင်းနှင့် အကြော်များ စားသောက်ကာ ရုတ်တရက် မူးဝေလာပြီး သေဆုံးခဲ့ကြောင်း မူဆယ် ကြံ့ဖွံ့ နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မူဆယ် ခယကရုံးမှာ လွတ်လပ်ရေးနေ့ အခမ်းအနား သွားတက်တယ် ကောက်ညှင်းပေါင်းနဲ့ အကြော်ကျွေးမွေးဧည့်ခံတယ် အဲဒါစားပြီး မီးလှုံရင်းနဲ့ မူးတယ် မူးတယ်ဆိုပြီး သေသွားတယ် ” လို့ အဆိုပါ နီးစပ်သူက ပြောသည်။

သေဆုံးသူသည် မူဆယ်မြို့နယ် လ၀က (လူဝင်မှုကြီးကြတ်ရေး ) အရာရှိတစ်ဦးလည်း ဖြစ်ကာ တရုတ်နယ်စပ် ကျယ်ဂေါင် - မူဆယ် အ၀င်အထွက်ဂိတ် တစ်ခုဖြစ်သော နန်းတော်ဂိတ်ပေါက်တွင် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်
များထုတ်ပေးရသော တာဝန်ကိုထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

“၅ ရက်နေ့ ညနေပိုင်းမှာ သဂြိုလ်လိုက်တယ် သူက ကြံ့ဖွံ့ အတွင်းရေးမှူးလည်းဖြစ် လ၀ကမှူးလည်းဖြစ် ဆို တော့ သျှမ်းပြည် (မြောက်ပိုင်း) မှာရှိတဲ့ သူတို့ဌာနဆိုင်ရာတွေ လာပို့ကြတယ် မိသားစုရှိတယ် ကလေး ၂ ယောက် ရှိတယ် ဟိုမွန်ရပ်ကွက်မှာ နေတယ် ” လို့ သူက ဆက်ပြောသည်။

No comments: