NEJ / ၁၁ ဇန်န၀ါရီ ၂၀၁၀
အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်သစ် (၉) ဦးကို ထပ်မံ တိုးချဲ့ရန် ယနေ့ အစည်း အဝေးတွင် သဘောတူ ဆုံးဖြတ်ပြီး ဖြစ်သော်လည်း အမည် စာရင်း အတိ အကျကို လာမည့် တနင်္လာနေ့ တွင်မှ ထုတ်ပြန် သွားမည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။
“အစည်းအဝေး ကျင်းပ ပြီးစီးသွား ပါပြီ၊ ဆုံးဖြတ် ချက်လည်း ချပြီးပါပြီ။ ဒါပေမယ့် ထုတ်ပြန်ဖို့ကို လုပ်ငန်းဆိုင်ရာ ကိစ္စတွေ ဥပဒေ ဆိုင်ရာ ကိစ္စ တွေကြောင့် ရက်ရွှေ့ ထားတယ်။ နောက် တနင်္လာနေ့ ကျမှ ကြေညာချက်နဲ့ တခါတည်း ထုတ်ပြန် ဖို့ရှိပါတယ်။ အခုပြောလို့ မရသေး ပါဘူး” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲ အနိုင်ရပါတီ အန်အယ်လ်ဒီက ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
“စီအီးစီ တိုးချဲ့မယ်ဆိုတဲ့ကိစ္စပါ။ (၉) ယောက်ဖြစ်ပါမယ်။ သဘောထားက အရင်ချထားတဲ့အတိုင်းပါပဲ။ ပြောင်းလဲမှုမရှိပါဘူး။ မီဒီယာနဲ့ အများပြည်သူတွေကို အသိပေးဖို့ကတော့ ခေတ္တဆိုင်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့က သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အကြောင်းကြားရဦးမှာမို့ပါ” ဟု ဦးခင်မောင်ဆွေက ပြောသည်။
ရန်ကုန်မြို့၊ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံး၌ ယနေ့ ကျင်းပသည့်အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၇) ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အရန်အထောက်အကူအဖွဲ့ (၁၄) ဦးတို့ တက်ရောက်ကြောင်းလည်း ၎င်းက ပြောသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ယခုကဲ့သို့ ရွေးချယ်ရာတွင် အောက်ခြေ အန်အယ်လ်ဒီအဖွဲ့ဝင်များ တောင်းဆိုသကဲ့သို့ ညီလာခံတရပ် ခေါ်ယူကျင်းပပေးရန် လက်တွေ့အခြေအနေတွင် မဖြစ်နိုင်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။
၎င်းက “အခု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုးချဲ့ခြင်းရဲ့ အဓိကအကြောင်းကိုက အားဖြည့်တာပဲ၊ အားသစ်လောင်းတာပဲ။ မကျေနပ်မှုရှိခြင်း၊ မရှိခြင်းဆိုတာကတော့ မလွယ်ဘူး။ အတိအကျပိုင်းခြားပြီး ပြောလို့မရဘူး။ ဖြစ်နိုင်တဲ့အခြေအနေမှာ လုပ်ဖို့ ကောင်းတဲ့အလုပ်ကို လုပ်ဖို့လိုအပ်တဲ့အလုပ်ကို အားဖြည့်ခြင်းဆိုတဲ့အလုပ်ကို ကျနော်တို့လုပ်တာပဲဗျာ” ဟု ပြောသည်။
ယခုကဲ့သို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို တိုးချဲ့လိုက်ခြင်းအားဖြင့် အန်အယ်လ်ဒီအတွင်း အားသစ်များ၊ တာဝန်သစ်များ လုပ်ငန်းသစ်များ ထွက်ပေါ်လာနိုင်မည်ဟုလည်း ဦးဝင်းတင်က ပြောသည်။
အန်အယ်လ်ဒီ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၉) ဦးအထိ ထပ်မံတိုးချဲ့မည် ဖြစ်ရာ စုစုပေါင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၂၀) အထိ ရှိလာမည်ဖြစ်သည်။
လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ ပါဝင်သည်။
No comments:
Post a Comment