Monday, January 4, 2010

သျှမ်းပြည် (မြောက်ပိုင်း) မယက ဥက္ကဌ ရာထူးနေရာ အပြောင်းအလဲ စတင်

သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်၏ အုပ်ချုပ်ရေးအဖွဲ့တစ်ခုဖြစ်သော မယက ( အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ) မြို့နယ် အဆင့် ဥက္ကဌ ရာထူးနေရာ အလွဲအပြောင်းကို သျှမ်းပြည် [မြောက်ပိုင်း] မူဆယ်မြို့၌ စတင် ပြုလုပ်နေသည်။

မကြာမှီရက်ပိုင်း အတွင်း ပြောင်းရွေ့ရန်ရှိသည့် မူဆယ်မြို့နယ် မယကဥက္ကဌ ဦးညွန့်ဟန်သည် ယနေ့(၃၁-၁၂-၂၀၀၉) တွင် ရာထူးမှပြောင်းရွေ့ခြင်းအတွက် နှုတ်ဆက်ပွဲတစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း မူဆယ်မြို့ ကြံ့ဖွံ့ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည်။

ပြည်နယ်နှင့်တိုင်းများအတွင်း ရပ်ကွက်နှင့် ကျေးရွာအဆင့် ရယက (အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ) အဖွဲ့ဝင်သစ်များဖြင့် အစားထိုး နေချိန်တွင် မြို့နယ်အဆင့် အုပ်ချုပ်သူများလည်း အပြောင်းအလဲအတွက် စတင် ခြင်းဖြစ်သည်။

“ဒီကနေ့နှုတ်ဆက်ပွဲလုပ်နေတယ် ပခုက္ကူ ဂန့်ကော ဘက်ပြောင်းတော့မယ် သူ့နေရာဘယ်သူလာမလဲတော့ မသိ သေးဘူး ” လို့ သူက ပြောသည်။

၂ဝဝ၆ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့ ရက်စွဲဖြင့် နအဖစစ်တပ်က ပြည်နယ် တိုင်း ခရိုင် မြို့နယ် ရပ်ကွက် ကျေးရွာ အဆင့်ဆင့် အုပ်ချုပ်ရေးအဖွဲ့များ အသစ်ပြင်ဆင် ဖွဲ့စည်းခန့်အပ်သည့် အမိန့်ကြော်ငြာစာ အမှတ် (၂/၂ဝဝ၆) ကိုထုတ် ပြန်ခဲ့သည်။

အဆိုပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးနောက် မြို့နယ်ထွေအုပ် စီမံကိန်းအရာရှိ ဖြစ်သူ ဦးညွန့်ဟန်သည် ထိုစဉ် က (၂၀၀၆ခုနှစ်) မူဆယ်မြို့နယ် မယက ဥက္ကဌ တာဝန်ယူထားသော ဗိုလ်မှူး ရဲလင်းဦး နေရာသို့ ရောက်ရှိ လာ ခဲ့ကာ မူဆယ်မြို့၏ မယက ဥက္ကဌ ဖြစ်လာခဲ့သည်။

No comments: