Friday, May 14, 2010

ဗြိတိန်မှ သရုပ်ဆောင်အဆိုတော် မြန်မာ့အရေး ကူညီမည်

ရဲရင့် / ၁၄ မေလ ၂၀၁၀

မြန်မာပြည်သူများ၏အရေး ကူညီဆောင်ရွက်ရာတွင် ဥရောပသမဂ္ဂအနေနှင့် ညီညွတ်မှုမရှိပါက မြန်မာပြည်သူများ ခံစားနေရသည့်ဒုက္ခများ ပြေလည်နိုင်မည်မဟုတ်ကြောင်း မြန်မာ့အရေးကူညီဆောင်ရွက်နေသည့် ဗြိတိန်နိုင်ငံမှ နာမည်ကြီး သရုပ်ဆောင်အဆိုတော် JANE BIRKIN က ပြောကြားသည်။

“မြန်မာပြည်အရေးမှာ ဥရောပအနေနဲ့ ညီညွတ်မှုမရှိဘဲ စကားလုံးတွေနဲ့ပဲ ပြောနေမယ်ဆိုရင် ဒီလိုအာဏာရှင်စနစ်ရဲ့ လက်အောက်မှာ ပြည်သူတွေခံစားနေရတဲ့ အခက်အခဲမျိုးစုံတွေ ပြေလည်သွားအောင် ဖြေရှင်းပေးဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဥရောပသမဂ္ဂမှာ ညီညွတ်ကြဖို့ မြန်မာပြည်ကိစ္စကို ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ဖို့ တိုက်တွန်းသွားမယ်။ အန္တရာယ်ခရီးကြမ်းကိုဖြတ်ပြီး ဒုက္ခသည်တွေအဖြစ် ပြေးလာရတဲ့လူတွေရဲ့ အကြောင်းတွေကိုလည်း ဥရောပကလူတွေ သိရှိဖို့ မှတ်တမ်းမှတ်ရာတွေကို သတင်းဌာနတွေကနေတဆင့် လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ပြင်သစ်နိုင်ငံတွင်နေထိုင်ပြီး ဗြိတိန်နိုင်ငံဖွားတဦးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့်မော်ဒယ်တဦးဖြစ်သူ JANE BIRKIN သည် မြန်မာ့နိုင်ငံရေးအခြေအနေများကို လေ့လာရန် သုတေသနလေ့လာရေး ခရီးစဉ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တွင် (၄) ရက်ကြာ ရောက်ရှိနေခဲ့ပြီးနောက် ယနေ့ မဲဆောက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ပြောကြားခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲကို BURMR PARTNERSHIP အဖွဲ့နှင့် ပြင်သစ်အခြေစိုက် INFO BIRMANIC အဖွဲ့တို့က ဦးစီးကျင်းပခြင်း ဖြစ်သည်။

JANE BIRKIN က “ဒီခရီးစဉ်မှာ ကလေးတွေအများကြီးတွေ့ခဲ့ရတယ်။ အမှိုက်ပုံကြား တဲစုတ်ကြားတွေမှာ နေကြရတယ်။ စားဖို့သောက်ဖို့ အခက်အခဲရှိတာတွေ၊ ဒုက္ခသည်စခန်းကလူတွေ၊ ဒုက္ခမျိုးစုံကြုံတွေ့ နေရသူတွေ၊ စစ်ဘေးစစ်ဒဏ်ကြောင့် ခန္ဓာကိုအစိတ်အပိုင်း ချွတ်ယွင်းနေသူတွေကို အများကြီး တွေ့ခဲ့ရတယ်။ မြန်မာအာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကိုလည်း မျက်မြင်တွေ့ရှိရတဲ့အတွက် နာဇီဂျာမနီလက်အောက်မှာ ကြုံတွေ့ခဲ့ရတဲ့ ရက်စက်နှိပ်စက်မှုတွေနဲ့ အလားသဏ္ဌာန်တူနေပါတယ်။ ကျမကြုံတွေ့ရတာတွေကို ဖြေရှင်းနိုင်ဖို့ ပြင်သစ်ကိုပြန်ရောက်ရင် ပြင်သစ်ရုပ်သံလှိုင်းနဲ့ သ တင်းဌာနတွေကို ဒီမှာဖြစ်နေတဲ့ အမှန်တရားတွေကို အတတ်နိုင်ဆုံးတင်ပြသွားပြီးတော့ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေကို ဥရောပမှာရှိတဲ့လူတွေ မေ့လျှော့မသွားအောင် ကြိုးစားသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာ့အရေးကို ကူညီဆောင်ရွက်ရာတွင် ဥရောပသမဂ္ဂအဖွဲ့မှာ စည်းလုံးညီညွတ်မှုမရှိသည့်အတွက် သူမအနေဖြင့် ပြင်သစ်နိုင်ငံသို့ ပြန်ရောက်လျှင် မြန်မာ့အရေးကို ပိုမိုကိုင်တွယ်နိုင်ရန်အတွက် ပြင်သစ်အစိုးရနှင့် ဥရောပသမဂ္ဂကို တိုက်တွန်းလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း JANE BIRKIN က ပြောသည်။

သူမ၏ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းများ၊ မယ်တော်ဆေးခန်း၊ ရွှေ့ပြောင်းမြန်မာကလေးငယ်ကျောင်းများ၊ နိုင်ငံရေးအဖွဲ့အစည်းအချို့နှင့် ပရဟိတဂေဟာများကို သွားရောက်လေ့လာခဲ့ပြီး ရရှိလာသည့် အချက်အလက်များနှင့် မှတ်တမ်းမှတ်ရာများ၊ ဖြစ်ရပ်မှန်များကို ဥရောပသမဂ္ဂသို့ တင်ပြပြီး တိုက်တွန်းမှုများ ပြုလုပ်သွားမည်ဟုလည်း ပြောသည်။

အဆိုပါခရီးစဉ်တွင်ပါရှိသည့် ပြင်သစ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသည့် INFO BIRMANIC အဖွဲ့၏ ညှိနှိုင်းရေးမှူး ISABELLE ကလည်း ၎င်းတို့လေ့လာတွေ့ရှိချက်များကို ပြင်သစ်အစိုးရထံတင်ပြသွားမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် ပြင်သစ်တိုတယ်ရေနံကုမ္ပဏီကို ကန့်ကွက်ဆန္ဒပြ ဆန့်ကျင်သပိတ်မှောက်မှုများ ပြုလုပ်လျက်ရှိ သည်ဟု ပြောသည်။


No comments: