တက်လူ/ ၄ မေ ၂ဝ၁ဝ
ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှု အလွန်ဆိုးရွားနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
“ဘာ့ကြောင့်လဲ မသိဘူး၊ အရင်ကမီးပြတ်မယ့်အချိန်ကို တွက်လို့ရပေမယ့် အခုက ဘာမှန်းကိုမသိတော့ဘူး။ လုံးဝမလာတဲ့ရက်က ရှိသေးတယ်။ အီးပီစီကို မေးတော့လည်း မသိဘူးလို့ ပြောတယ်” ဟု ရန်ကုန် စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
လွန်ခဲ့သည့် (၃) ရက်ခန့်ကစ၍ တနေ့လျှင် (၂) နာရီခန့်သာ မီးလာတော့ကြောင်း ၎င်းကပြောသည်။
စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနေ ပြည်သူတဦးက “မီးလာချိန်ကို ပြောလို့မရတော့ဘူး။ လာချင်တဲ့အခါ လာတယ်၊ ပြတ်ချင်တဲ့အခါ ပြတ်တယ်။ မီးလာလို့ မီးပူတိုက်ဦးမယ်ဆိုပြီး ပြင်ဆင်နေတုန်းရှိသေး မီးကပြတ်သွားပြန်ရော” ဟု ပြောသည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက ယမန်နှစ်၌ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ပြင်ဆင်မှုပြုလုပ်နေချိန်ကလည်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သေးသည်။
ရန်ကုန်လျှပ်စစ်အားအတွက် သာကေတ၊ ရွာမ၊ လှော်ကား၊ အလုံသဘာဝဓာတ်ငွေ့သုံး စက်ရုံများနှင့် လောပိတ ရေအားလျှပ်စစ်စက်ရုံတို့မှ ဖြန့်ဖြူးနေခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေရသည်ကိုလည်း သက်ဆိုင်ရာ လျှပ်စစ်ပေးဝေရေးဌာနတို့က တိတိကျကျ ပြောဆိုခြင်းမရှိဟု မြို့ခံများက ပြောသည်။
လက်ရှိတွင် တနင်္သာရီ-ရန်ကုန် သဘာဝဓာတ်ငွေ့လိုင်း မကြာခဏပေါက်သည့်အတွက် တာဘိုင်စက်များ မလည်ပတ်နိုင် ဖြစ်ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ကျဆင်းနေပြီး ယခုအခါ မုတ္တမပင်လယ်ကွေ့-ရန်ကုန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအသစ်တခုကို ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာအနီးမှ သွယ်တန်းမှုပြုနေရာ မေလကုန်တွင် ပြီးစီးမည်ဟုလည်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့၏ လျှပ်စစ်စွမ်းအား သုံးစွဲမှုစာရင်းအရ ရန်ကုန်လူဦးရေ (၆) သန်းကျော်အတွက် မဂ္ဂါဝပ် (၅ဝဝ) ကျော် လိုအပ်ကြောင်း၊ လောလောဆယ် ထုတ်လွှတ်နိုင်သော မဂ္ဂါဝပ်မှာ (၃၀၀) ခန့်သာရှိကြောင်း သိရသည်။
No comments:
Post a Comment