Sunday, May 9, 2010

ဒေ၀ါလီခံရဖွယ် သတင်းကြောင့် လားရှိုး မြန်မာ့စီးပွားရေးဘဏ်တွင် အလုအယက်ငွေထုတ်

ယိင်းမွေခေါဝ်

ရွေးကောက်ပွဲ နောက်ပိုင်း ဖျက်သိမ်း ရဖွယ်ရှိမည့် ကောဠာဟဠ သတင်းကြောင့် ယခုရက်ပိုင်း အတွင်း လားရှိုးမြို့ နအဖပိုင် မြန်မာ့ စီးပွါးရေး ဘဏ်တွင် မြို့သူမြို့ သားများ အလု အယက်ငွေထုတ်ယူ နေကြကြောင်း စုံစမ်းသိရှိရသည်။

“မေလ ၁ ရက်နေ့ကတည်းက ဘဏ်မှာ ငွေစုထားတဲ့သူတွေ ရာဂဏန်းလောက်ရှိမယ် ငွေတွေထုတ် ယူဖို့ဘဏ်ရှေ့မှာ တန်းစီပြီး နေကြတယ်။ နေ့တိုင်းအယောက် နှစ်ရာကျော်သုံးရာလောက်ရှိမယ်” - ဟု လားရှိုးမြို့ ခံ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။

ရပ်ကွက်(၂)၊ ဘူတာလမ်း၊ အမျိုးသမီး သူနာပြု ကျောင်းနှင့် မျက်နှာ ချင်းဆိုင်ရှိ အဆိုပါ ဘဏ္ဍာရေး နှင့်အခွန် ၀န်ကြီးဌာန မြန်မာ့ စီးပွါးရေး ဘဏ်တွင် သန်းပေါင်း ဆယ်နှင့် ရာနှင့်ချီငွေအပ်နှံထား သူများလည်း ရှိသည်ဟု ဆို၏။ အပ်နှံ ထားသော ငွေအား လုံးကိုမူ ထုတ်ယူခွင့်မပြုပဲ အနည်းဆုံး ဆယ်ရာခိုင်နှုန်းထက်မနည်း ဆက် လက်ထားရှိရမည်ဟု သိရပါသည်။

အချို့နေ့များဆိုလျှင် လျှပ်စစ်မီးပျက်တောက်သဖြင့် ငွေထုတ်ယူနိုင်ခြင်းမရှိဘဲ တရက်လုံးတန်းစီပြီးမှ လက်ဗလာဖြင့် ပြန်သွားကြရသည့်နေ့ လည်းရှိပါသည်။

“ရွေးကောက်ပွဲပြီးလို့ နောင်တက်လာမယ့် အစိုးရလက်ထက်မှာ ဒီဘဏ်ဟာ ဒေ၀ါလီခံရချင်လည်းခံရပြီးလဲ ပြိုသွားနိုင်တယ်၊ ပြောင်းလဲချင်ရင်လည်းပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ ကောဠာဟဠထွက်နေတော့ မြို့သူမြို့သားတွေ စိတ်မချလို့ သွားထုတ် ကြတာ” - ဟု ထိုသူကဆက်လက်ပြောပြပါသည်။

လားရှိုးမြို့သူမြို့သားများအဖို့် လွန်ခဲ့သော ဧပြီ ၂၀ ရက်နေ့ကတည်းက ထိုအကြောင်း တီးတိုးပြောဆိုလာ နေကြသည်ဟု သိရပါသည်။

၂၀၀၀ ပြည့်နှစ်ဝန်းကျင်၌လည်း ပုဂ္ဂလိကဘဏ်များဖြစ်ကြသည့် အာရှဓနဘဏ်၊ မြန်မာ့ကျုံယံဘဏ်နှင့်အခြားနာမည်ကြီး ဘဏ် ၃-၄ ခုလည်း ဖျက်သိမ်းခံလိုက်ရသောကြောင့် လူထုအကြား ဤကဲ့သို့စိုးရိမ်မှုမျိုးမကြာခဏဖြစ်ပေါ်လာ ရခြင်းဖြစ် သည်။

No comments: