Thursday, May 6, 2010

အန်အယ်လ်ဒီက တင်ထားသည့် အမှု (၂) ခုတရားရုံးချုပ်မှ ပယ်ချ

NEJ/ ၆ မေ ၂ဝ၁ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြီးခဲ့သည့် ဧပြီ (၂၉) ရက်တွင် ဗဟိုတရားရုံးချုပ်သို့ တင်ထားသည့် လျှောက်ထားမှု နှစ်ခုစလုံးကို တရားရုံးချုပ်က ယမန်နေ့တွင် ပယ်ချလိုက်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။


“ကျနော်တို့တင်တဲ့လျှောက်လွှာတခု၊ စွဲဆိုမှုတခု နှစ်ခုပေါ့။ ဒီလျှောက်လွှာ (၂) စောင်စလုံးအပေါ်မှာ တရားမ ညွှန်ကြားရေးမှူးက မနေ့က လုပ်ထုံးလုပ်နည်းတွေနဲ့ မှန်ကန်မှုမရှိတဲ့အတွက် လက်မခံကြောင်းဆိုပြီးရေးပါတယ်” ဟု ပြောသည်။

လက်မခံသည့်အကြောင်းမှာ (၂) ချက်ရှိကြောင်း၊ တချက်မှာ အစိုးရအပေါ် တရားစွဲဆိုခြင်းဖြစ်သည့်အတွက် နို့တစ်ပေးရမည်ဟု ပြောဆိုကြောင်း၊ နောက်တချက်မှာ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေများထုတ်ပြန်ရာတွင် ပါတီဟောင်းများ၏ ရပ်တည်မှုကို သတ်မှတ်ပြီးဖြစ်ကြောင်း၊ ရက်ပေါင်း (၆၀) အတွင်း ထပ်မံမှတ်ပုံမတင်ပါက ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်များကိုလည်း ပယ်ဖျက်ပြီးဖြစ်ကြောင်း ဥပဒေတွင်ပါသည့်အတွက် အဆိုပါအကြောင်းအရာများအပေါ် အခြေခံသည့် လျှောက်လွှာများကို လက်မခံနိုင်ကြောင်း တရားမ ညွှန်ကြားရေးမှူးက ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

တရားရုံးချုပ်က ယင်းသို့အမှုကို လက်မခံသည့်အတွက် ၎င်းက “ကျနော်တို့လက်ခံထားတာကတော့ အမှုတင်ရင် အမှုကို ပယ်တာတို့၊ လက်ခံတာတို့၊ စစ်ဆေးတာတို့က တရားသူကြီးရဲ့အာဏာ၊ တရားသူကြီးမတိုင်ခင် ရှေ့ကရှိနေတဲ့ ၀န်ထမ်းတွေရဲ့ အာဏာမဟုတ်ဘူး။ ဒါကြောင့် ဒါကို တရားဥပဒေနဲ့ ညီတယ်လို့ ကျနော်တို့ မယူဆဘူး” ဟု ပြောသည်။

ယခုလျှောက်ထားချက်များနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်သွားရန် ရှိသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဧပြီ (၂၉) ရက်တွင် တရားရုံးချုပ်သို့ တင်ပြထားသည့် အမှုနှစ်မှုအနက် တမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လျှောက်တင်သောအမှုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ် တရားဝင်ပြဋ္ဌာန်းချက်ဥပဒေအရ မှတ်ပုံတင်ထားသည့်အတွက် စစ်အစိုးရ ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ သတ်မှတ်ရက် ရက်ပေါင်း (၆၀) အတွင်း ပြန်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီသည် အလိုအလျှောက် ပျက်ပြယ်ပြီးဖြစ်သည်ဆိုခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် သက်ရောက်မှုမရှိကြောင်း တားမြစ်ပေးရန် စစ်အစိုးရထံ လျှောက်ထားခြင်းဖြစ်သည်။

နောက်တမှုမှာ အဖွဲ့ချုပ်၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသူ ကိုယ်စားလှယ်များဖြစ်သည့်အတွက် တရားဥပဒေအရ ရပ်တည်ပိုင်ခွင့်ရှိကြောင်း၊ စစ်အစိုးရထုတ်ပြန်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် ၉၀ ခုနှစ်ရလဒ်များ ပျက်ပြယ်သည်ဟု ထည့်သွင်းရေးသားထားသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရပ်တည်ခွင့်ပျက်ပြယ်ခြင်းမရှိသေးကြောင်း ကြေညာပေးရန် လျှောက်ထားခြင်းဖြစ်သည်။

No comments: