
ယခင်နှစ်များထက် ထူးကဲသော အပူချိန်မြင့်တက်မှုကြောင့် ဒလမြို့ သောက်သုံးရေကန်များ လုံးဝ ရေခန်းခြောက်သွားပြီး အလှူရှင်များ နေ့စဉ်ပေးဝေနေသော သောက်သုံးရေကိုသာ မြို့လူထု အားပြုသုံးစွဲနေရသည်ဟု သိရသည်။
လတ်တလော သောက်သုံးရေ လိုအပ်ချက်ကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအသင်းများ၊ ရပ်ကွက် အသင်းအဖွဲ့များနှင့် ဒေသခံအလှူရှင်များက ဖြည့်ဆည်းပေးနေကြသည်။
“ဒလမြို့၊ ဆိပ်ကြီးတဖက်ကမ်း ခနောင်တို၊ ပျော်ဘွယ်လေး၊ တွံတေးအပိုင် ကရင်ချောင်၊ စမ်းရွာ၊ ဘုရားကြီး၊ ကော့မှူး၊ ဓနုတ် အဲလိုရွာပိုင်းတွေက ကားတွေနဲ့ ရေသယ်ပြီး နေ့စဉ် လှူနေတယ်။ အဲဒီရေကန်တွေက ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့တဲ့ ရေကန်တွေဆိုတော့ မြေသားသေနေပြီ၊ ရေမခန်းတော့ဘူး။ နောက်ပြီး ဒေသတွင်း သုံးစွဲမှုမှာ လောက်ငရုံမက ပိုတောင်ပိုနေတယ်။ ဒါကြောင့် ဒလမြို့လူထုကို ကျေးရွာရေကန်တွေက ရေပေးဝေနိုင်တာ” ဟု ကမာကဆစ် ရပ်ကွက်သားတို့က ရှင်းပြသည်။
သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ပံ့ပိုးမှုမှာ အားရစရာမရှိကြောင်း ဒလမြို့ခံလူထုက ပြောသည်။
“ကြံ့ဖွံ့ကလည်း သောက်သုံးရေ ပေးဝေတယ်ကြားတယ်။ ခုနစ်ရက် တပတ် တစီးစ နှစ်စီးစ ပေးဝေတယ်လည်း ပြောကြတယ်။ ကျနော်တို့တော့ တခါမှ မရဖူးသေးဘူး” ဟု အောင်မင်္ဂလာရပ်ကွက်သားတို့က ပြောသည်။
စည်ပင်တွင်ရှိသည့် ရေကား (၂) စီးမှာ ရေအလှူရှင်က ကားတခေါက်လျှင် ငွေ (၈,၀၀၀) ကျပ် ပေးသွင်းပါက အဆိုပါကားဖြင့် ဒလမြို့ ဆိပ်ကြီးကျေးရွာ သောက်သုံးရေကန်မှ ရေကိုကဲ့သယ်ကာ အလှူရှင် လှူချင်သည့် ရပ်ကွက်သို့ သွားဝေပေးသည်ဟု ဗိုလ်ရန်ပြေရပ်ကွက်သားတို့က ပြောသည်။
ဒလမြို့ပေါ်၌ သောက်သုံးရေကန် (၁၂၅) ကန်ခန့်ရှိသော်လည်း မြို့ပေါ်လူဦးရေနှင့် ကန်အရေအတွက် မမျှတခြင်း၊ မကြာမီနှစ်များက တူးဖော်ခဲ့သော ကန်များဖြစ်ခြင်းကြောင့် ရေစုပ်မှု အားကောင်းခြင်း၊ ရေခန်းအားများခြင်းတို့ကြောင့် ယခုကဲ့သို့ သောက်သုံးရေ ပြတ်လပ်ရခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
ယခုလောလောဆယ်၌ ဒလမြို့ပေါ် လမ်းမတလျှောက်တွင် နံနက် (၇) နာ၇ီခန့်မှစပြီး သောက်သုံးရေ တင်ဆောင်သော ကားများ၊ ကျေးရွာရေကန်များမှ ကဲ့ယူလာသော ရေသယ်ယာဉ်များ အဆက်မပြတ် သွားလာနေကြသည်ဟု ကမာကဆစ်ရပ်ကွက်သားတဦးက ပြောသည်။
၎င်းက “တအိမ်ထောင် တပုံး တထမ်းခန့်သာ ရရှိသော်လည်း ရပ်ကွက်တွင်းသို့ အလှူရှင် သုံးလေးဦး အလှည့်ကျ ၀င်နေကြလို့ သောက်သုံးရေ ရနေတယ်” ဟု ပြောသည်။
အမိုးဖွင့် ဒိုင်နာ၊ ကင်တာ၊ ထော်လာဂျီ ယာဉ်များပေါ်၌ ရေလုံ တာလပတ်စကို ပက်လက် ရေကန်ငယ်သဖွယ် ဆင်၍လည်းကောင်း၊ အချို့က ရေကန်ငယ်များဖြင့်၊ အချို့က ပလတ်စတစ်ပုံးကြီးများ၊ ပိုက်များဖြင့် ရေသယ်ယူလာကာ မြို့ပေါ်ရပ်ကွက်အတွင်း အလှည့်ကျ ပေးဝေနေသည်ဟု ဒေသခံများထံမှ သိရသည်။
ရန်ကုန်ရေကို သမ္ဗာန်များဖြင့် သယ်ယူရောင်းချနေသူအချို့ ရှိပြီး ခရီးအနီးအဝေးအလိုက် ရေတစည် (၂,၀၀၀) ကျပ်မှ (၃,၀၀၀) ကျပ်အထိ ၀ယ်ယူသုံးစွဲနေကြရကာ ရေစည်လှည်းငှားစားသူတို့ကလည်း ယခင် တစည် (တနာရီ) (၂၀၀) ကျပ်မှ (၄၀၀) ကျပ်အထိ တိုးမြှင့်ကောက်ခံလျက်ရှိသည်။
ဒလမြို့တွင် စည်ပင်ရေ၊ အ၀ီစိတွင်းရေတို့ ရှိသော်လည်း အရောင်နီခြင်း၊ သံဓာတ်များခြင်း၊ ဆပ်ပြာအသုံးပြုက အမြှုပ် မထွက်သော ရေစေးဖြစ်နေခြင်းတို့ကြောင့် သောက်သုံးရန်မသင့်ဘဲ အကြမ်းသုံးအဆင့်သာ ရသည်ဟု သိရသည်။
ဆည်မြောင်းအရာရှိတဦးကမူ “ဘုရားကြီး၊ ကျိုက်သလဲ၊ လာကပုံ၊ စမ်းရွာတွေဘက်မှာ စိမ့်တွေ စမ်းတွေ ပေါတယ်။ လက်ယက်တွင်း တူးရုံနဲ့ ရေချိုထွက်နေတယ်။ အဲဒီရွာတွေဘက်မှာ ရေချိုတွေ အလေအလွင့် ဖြစ်နေတာတွေရှိတယ်။ ဒါတွေကို တူးမြောင်းနဲ့ သွယ်မယ်။ ပြီးတော့ ဒလမြို့နဲ့ဘုရားကြီးကျေးရွာ အလယ်လောက်ကျတဲ့ ပျော်ဘွယ်လေးလို နေရာမျိုးမှာ ဧကများစွာကျယ်တဲ့ ဆည်တည်ဆောက်ပြီး စမ်းရေကို ဖမ်းမယ်။ မိုးရေကို ထိန်းမယ်။ ပိုက်လိုင်းသွယ်ပြီး ဒလမြို့ကို ပို့မယ်။ ဒါတွေကို နအဖအနေနဲ့ လုပ်ပေးချင်စိတ်ရှိဖို့ပဲ လိုတယ်” ဟု ပြောဆိုသည်။
No comments:
Post a Comment