အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်အား ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အဖွဲ့ချုပ်ရုံးတွင် ယနေ့အထိ ဖြုတ်ချခြင်း မရှိကြောင်း သိရသည်။မေလ ၈ ရက်နေ့က ထုတ်ပြန်ထားသည့် နအဖ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အဖွဲ့ချုပ်သည် ယနေ့မှစ၍ ပါတီသက်တမ်းကုန်ခဲ့သည့် တိုင်အောင် ပါတီဆိုင်းဘုတ်ကို ဆက်လက်ထားရှိခြင်း ဖြစ်သည်။
ယနေ့ ပါတီဝင်အချို့ မြို့နယ်အဖွဲ့ချုပ်ရုံး ရှိရာသို့ စုရုံးရောက်ရှိလာပြီး အခြေအနေကို စောင့်ကြည့်လျှက်ရှိသည်။အဖွဲ့ချုပ် ဆိုင်းဘုတ် ဆက်လက်ထားရှိသည့် ကိစ္စအပေါ် ဒေသအာဏာပိုင်များက တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိသလို လာရောက်ဖြုတ်ချခြင်း မရှိကြောင်း သိရသည်။
ထို့အတူ ရန်ကုန်မြို့ အဖွဲ့ချုပ်ရုံးချုပ် အပါအ၀င် အလံနှင့်ဆိုင်းဘုတ်များကို ဆက်လက်ထားမည် ဖြစ်ကြောင်း အဖွဲ့ချုပ်ပါတီ ပြောခွင့်ရှိသူများက မီဒီယာများသို့ ပြောကြားထားသည်။
ပြည်နယ်နှင့်တိုင်းများအတွင်းရှိ အဖွဲ့ချုပ်ဆိုင်းဘုတ်နှင့်အလံအား ကိုယ်တိုင် မဖြုတ်ချရန်နှင့် အခြေအနေ နှင့်ကိုက်ညီစွာ ဆောင်ရွက်ရန် အဖွဲ့ချုပ်ဗဟိုက ညွန်ကြားထားသည်။
၁၉၉၀ ခုနှစ်က စစ်အစိုးရကိုယ်တိုင် ကျင်းပပေးသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အဖွဲ့ချုပ်သည် မဲအပြတ် အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သည်။
နအဖစစ်အစိုးရ၏ တစ်ဘက်သတ်ဆန်သည့် ရွေးကောက်ပွဲ ဥပဒေအရ ပါတီ သက်တမ်း ကုန်ဆုံးသွားသည့်တိုင်အောင် အဖွဲ့ချုပ်၏ လှေခွက်ချည်းကျန် အလံမလှဲသည့် ယခုစိတ်ဓါတ်အပေါ် ထောက်ခံသူများက မျက်ရည်များပင် ကျလျှက်ရှိ သည်။
No comments:
Post a Comment