Wednesday, June 2, 2010

အိတ်ခ်ျအိုင်ဗီနဲ့ အခွင့်အရေးယူရောဂါ

ဖြူဖြူသင်း

ကျမ ဒီ အိတ်ခ်ျအိုင်ဗီ ကာကွယ် တားဆီးရေးနဲ့ တိုက်ဖျက်ရေး လုပ်ဆောင်နေရာမှာ အစစ အခက်ခဲတွေ ရှိနေတယ် ဆိုတာကို အစောပိုင်း ကတည်းက ပြောပြထားပြီးသားပါ။

အဲဒီ အထဲမှာ ခက်ခဲတဲ့ တခြား လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက် တခုကို ပြောပါ ဆိုရင်တော့ ခုခံအား ကျဆင်းမှု ရောဂါနဲ့ အတူ ဒွန်တွဲနေတဲ့ အခွင့်အရေးယူ ရောဂါများပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးယူ ရောဂါထဲမှာမှ အဖြစ်များဆုံး ရောဂါဟာ တီဘီရောဂါ ဆိုရင် မမှားပါဘူး။ ၉၀ ရာနှုန်း ကျော်သော ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသူများဟာ တွဲလျက်သား တီဘီရောဂါ ဖြစ်နေတယ် ဆိုတာကို ကျမ အထိတ်တလန့် သိရှိလိုက်ရပါတယ်။

အထိတ်တလန့်လို့ သုံးနှုန်းရတာနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြချင်ပါတယ်။ သာမာန် ခုခံအား ကျဆင်းမှု ရောဂါ ခံစားနေရသူ တယောက် ဆိုရင် နှစ်သိမ့် ဆွေးနွေး ပညာပေးပြီး ဆေးဝါး အကြောင်း ရှင်းပြ၊ ဆေးပေးမယ့် ဌာနတွေကို ဆက်သွယ်ပေး ဒါမှ မဟုတ် ကိုယ်တိုင် ၀ယ်သောက်၊ ဒါမှ မတတ်နိုင်သေးရင် ကျမက ကြားခံ ၀ယ်တိုက်၊ သိပ် ကရိကထ မများဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း တီဘီ တွဲလျက်သား ဖြစ်လာပြီ ဆိုရင်တော့ ပိုပြီးတော့ အလုပ် များပါတယ်။ အထိတ်တလန့် ဖြစ်ရပါတယ်။

မြန်မာပြည်မှာ အစိုးရက ဖွင့်လှစ်ထားတဲ့ ဒေသန္တရ ဆေးပေးခန်းတွေ၊ ပီအက်စ်အိုင်က ဖွင့်ထားတဲ့ ဆေးခန်းတွေကနေ တီဘီ ရောဂါ အတွက် ဆေးတွေ အခမဲ့ ပေးနေတယ် ဆိုပေမယ့် သူတို့ ကုသချက်တွေက ပုံမှန် ကုသပေးတာ ဆိုတော့ ဆေးကို နှစ်လ တိုက်ပြီးတော့ သလိပ်စစ်၊ ပိုးမရှိဘူး ဆိုရင် ဆေးလျှော့၊ နောက်ထပ် လေးလ ထပ်တိုက်။ ဒီလို ကုသမှုဟာ ပုံမှန်ပါပဲ။

ဒါပေမယ့် ခုခံအား ကျဆင်းမှု ဖြစ်နေတဲ့ လူနာက တီဘီ ဖြစ်လာပြီ ဆိုရင်တော့ ဒီလောက်နဲ့ မရပါဘူး။ ဆေးကို လေးမျိုးပေါင်း စတိုက်ပြီးတော့ နှစ်လ ပြည့်ရင် ဓာတ်မှန် ပြန်ရိုက်ရပါတယ်။ ဒီဓာတ်မှန်မှာမှ အခြေအနေ ဆိုးနေသေးတယ် ဆိုရင် လေးမျိုးပေါင်း ကို နောက်ထပ် အနည်းဆုံး နှစ်လ တင်ရပါသေးတယ်။

အဲဒါဟာ ကျမ အယူအဆ မဟုတ်ပါဘူး။ တတ်ကျွမ်း နားလည်တဲ့ အထူးကု ဆရာဝန်ကြီးများရဲ့ ကုထုံးပါ။ အဲဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ တီဘီက ယဉ်ပါးသွားပြီးတော့ ဆေး မတိုးတာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလို ဖြစ်လာပြီ ဆိုရင် ထိုးဆေးလိုက်၊ ထိုးဆေးမှ မနိုင်ရင် တခြား အဆင့်မြင့် ဆေးတွေက တလကို အနည်းဆုံး ကျပ် တသိန်းခွဲ လောက် ကျခံပါမှ ကုသလို့ ဖြစ်မှာပါ။ ဒါဆိုရင်တော့ သေချာပါတယ်၊ လူနာဟာ ဒီလောက် မတတ်နိုင်တော့ပါဘူး။ သေဖို့လမ်း များပါတယ်။ သေလည်း သေကုန်ကြပါ တယ်။

တီဘီဆေး လေးမျိုးပေါင်း ဆေးတွေကတော့ RIFAMPICIN 150mg + ISONIAZID 75mg + PYRAZINAMIDE 400mg + ETHAMBUTOLHYDROCHLORIDE 275mg ဖြစ်ပါတယ်။

တီဘီဖြစ်သူတွေဟာ ပုံမှန် ဆိုရင် ကိုယ်အလေးချိန် ၈၈ ပေါင်နဲ့ အထက်က ဒီ လေးမျိုးပေါင်းဆေးကို သောက်ရပါတယ်။ နောက် နှစ်လ နေလို့ အဆုတ်ထဲမှာ ပိုးလျော့ကျသွားတယ် ဆိုမှ နောက်က နှစ်မျိုးကို ဖြုတ်ပြီးတော့ ရှေ့နှစ်မျိုး သောက်ရတာပါ။

ဒါပေမယ့် ခုခံအား ကျဆင်းမှု ဖြစ်နေသူများကျတော့ အများအားဖြင့် နှစ်လ လောက်နဲ့ ဘယ်လိုမှ မလုံလောက်တဲ့ အခါ ဒီလေးမျိုး ပေါင်းကို လေးလလောက် သောက်ပြီးတော့မှ ကျန်တဲ့ နှစ်မျိုးပေါင်းကို ကိုးလလောက် အထိ ဆက်သောက်ရပါတယ်။

ဆေး အခမဲ့ပေး ဝေနေတဲ့ ဆေးခန်း တချို့ကတော့ နှစ်လပြည့်လို့ သလိပ်ထဲမှာ ပိုးမရှိတော့ရင် တန်းပြီးတော့ နှစ်မျိုးပေါင်းကို လျှော့ချတော့တာပါပဲ။ ဒီအတွက်လည်း တီဘီဆေး ယဉ်ပါးမှုတွေ ဖြစ်လာနေတာ သတိ ပြုမိစေချင်ပါတယ်။
မြန်မာပြည်ရဲ့နောက်ထပ် ထူးခြားချက် တခုက တီဘီ ယဉ်ပါးသူတွေအတွက် အောင်ဆန်းမြို့က အထူးကုဆေးရုံ တရုံပဲ ရှိတဲ့ အချက်ပါ။ ဒီတော့ တီဘီက ခုခံအား ကျဆင်းမှု ဖြစ်ဖြစ်၊ မဖြစ်ဖြစ် တီဘီ ယဉ်ပါးသူတွေအတွက် အင်မတန်မှ ခက်ခဲလွန်းပါတယ်။

ကျမ အနီး ပတ်ဝန်းကျင်မှာလည်း သူတို့ဘာသာ သိပ်မသေချာလို့ ကျမဆီ လာလာပြီးတော့ ခုခံအားကျဆင်းမှု ရှိမရှိ မေးစမ်းကြ ပါတယ်။ တချို့ကလေးတွေ၊ အမျိုးသမီးတွေဟာ ခုခံအား ကျဆင်းမှု မရှိဘဲ တီဘီရောဂါ ယဉ်ပါးနေတာပါ။ သူတို့က ဆေးဝါး ကုသမှု လုပ်ကြပေမယ့်လည်းပဲ အထက်က ပြောသလို ဆေးရုံကလည်း တရုံတည်းပဲ ရှိပြန်၊ အခမဲ့ဆေးခန်းတွေကလည်း ဒီယဉ်ပါး ရောဂါအတွက် ဆေးတွေက မပေး၊ ဆေး ၀ယ်သောက်ဖို့ကလည်း ရှိသမျှ စည်းစိမ် ပြုတ်အောင် ကုရင်တောင် မပျောက် ဆိုတော့ ကျမ အနီးအနားမှာ ခုခံအား ကျဆင်းမှု ရောဂါမရှိဘဲ ဒီရက်ပိုင်းအတွင်း တီဘီယဉ်ပါးရောဂါနဲ့ သေဆုံးတာ ငါးယောက် ရှိပါပြီ။

ဒီအတွက် မကူညီနိုင်တာကို ကျမ တကယ့်ကို ယူကြုံးမရ ဖြစ်ရပါတယ်။ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ ဒီအတွက်လည်း စဉ်းစားဖို့ ကောင်းတယ် လို့ ကျမ ထင်မြင်မိပါတယ်။

နောက်ထပ် စိတ်မကောင်းစရာ အဖြစ်ကတော့ ဒီလို ကွယ်လွန်တဲ့ လူတချို့ဟာ တီဘီဆေးတော့ သောက်သုံးပါရဲ့၊ အာဟာရ မလိုက်နိုင်လို့ သေကြတာကျတော့ ကျမ ဘယ်လိုပြောရမလဲ။ အရင် ကျမတို့ ကြားဖူးနေကျ စကား တခွန်းကို ချေဖျက်နေသလို ပါပဲလားလို့ ကျမ တွေးထင်မိပါတယ်။ အရင် မြန်မာပြည်သားများဟာ ဟေ့ မြန်မာပြည်မှာ ငတ်သေတဲ့မသာ မရှိဘူး ဆိုတဲ့စကားကို မကြာခဏ ပြောပါတယ်၊ ဒါပေမယ့် ခုဖြစ်ရပ်တွေနဲ့ နှိုင်းပြောရမယ် ဆိုရင် မငတ်ပင် မငတ်သော်ငြားလည်း အာဟာရ ပြတ်သေတဲ့ မသာတွေ များလာတယ် လို့ ကောက်ချက်ချရင် ဖြစ်မလား မသိဘူး။

ဒီလို ပြောပြန်ရင်တော့လည်း တိုင်းပြည်နဲ့ လူမျိုးကို ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေ တင်ဦးမှာပါ။ ဒါပေမယ့် ကျမ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ပြောလိုက်တာပါ။ ကျမမှာ သက်သေ အထောက်ထားတွေ အတိအကျရှိလို့ ပြောရဲတာပါ။

ဒီတော့ ကျမက ကျမ လူနာတွေကို တီဘီ ယဉ်ပါးနေပြီ ဆိုရင် တရား စခန်းတွေ ပို့ပြီးတော့ သူတို့ သက်သာရာရအောင် စီစဉ်ပေးပါ တယ်။ တိုက်ဆိုင်မှုလား၊ ကံကောင်းခြင်းလားတော့ မသိပါဘူး၊ ဒီလို တရားထိုင်သူတွေ အများစုဟာ ပြန်လည် ကောင်းမွန်လာကြပါ တယ်။ တချို့ဆိုရင် တီဘီဆေး ၂ နှစ်လောက် သောက်ပြီးသည် အထိ မသက်သာပါဘူး။ ဒီလို လူမျိုးကို ဆိုရင်တော့ သေချာပါ တယ် ကျမက တရားစခန်း တန်းပို့တော့တာပါ။

ဒီ တီဘီရောဂါနဲ့ ပတ်သက်ပြီး ကျမ သတိထားမိသွားတာ နှစ်ခုရှိပါတယ်။ ပထမ တခုကတော့ ကျမတို့ တိုင်းပြည်မှာ ခုခံအား ကျဆင်းမှု တခုတည်းတင် မဟုတ်ပါဘူး၊ တီဘီရောဂါကိုလည်း အထူး သတိထား တိုက်ဖျက်ရမယ် ဆိုတာရယ် ဒီရောဂါ နောက် ဆက်တွဲ အနေနဲ့ အာဟာရပြတ်လပ် သေဆုံးနေသူတွေ ဒုနဲ့ဒေး ရှိတယ် ဆိုတာပါ။

နောက်တခုကတော့ တရားထိုင်တဲ့ ကျေးဇူးပါ။ ဆရာဝန်ကြီးတွေ လက်လျှော့လိုက်ပြီ ဖြစ်တဲ့ တီဘီရောဂါ ယဉ်ပါးနေသူများဟာ တရား ထိုင်ရင်းနဲ့ ပြန်ကောင်းမွန်လာကြတာကို တကယ် အံ့သြစရာ ကောင်းလောက်အောင် တွေ့ရပါတယ်။

ဒီတော့ ဒီရောဂါ ခံစားနေရသူများကို ကျမအနေနဲ့ အထူး တိုက်တွန်းလိုတာက တရား မထိုင်ရင်တောင်မှ အသက်ရှူ လေ့ကျင့်ခန်း ပြင်းပြင်း ထန်ထန် လုပ်မယ် ဆိုရင် အသက် ရှည်နိုင်သေးပါတယ် ဆိုတာပါပဲ။


No comments: